Wednesday, November 13, 2013



နှစ်ပေါင်း ၆၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ချင်းအမျိုးသားညီလာခံကို ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့ ကာဆင်ခန်းမဆောင်မှာ ဒီနေ့ စတင်ကျင်းပခဲ့ပါတယ်။

ချင်းအမျိုးသားညီလာခံ ကျင်းပရတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ချင်းအမျိုးသားညီလာခံ ကျင်းပရေးကော်မတီမှ ဒေါက်တာရွှေခါးက RFA ကို အခုလိုပြောပါတယ်။

“မကြာခင်မှာပဲ ပြည်ထောင်စုတွေ့ဆုံဆွေးနွေးပွဲ လုပ်မယ်ပြောတယ်၊ ဒီလိုဆွေးနွေးပွဲမှာ ပါဝင်ပတ်သက်သူ Stakeholder အားလုံးရဲ့ ပါဝင်ဖို့လိုအပ်တယ်ဆိုတော့ ချင်းလူမျိုးတွေကလည်း Stakeholder အသီးသီးကနေ ပါဝင်ကြမှာဆိုတော့ ဘုံရပ်တည်ချက်တစ်ခုကတော့ လိုအပ်တာပေါ့၊ အဲဒါကတော့ ပထမပေါ့၊ ဒုတိယကတော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးတဲ့ အချိန်မှာ ဘုံနိုင်ငံရေးမဟာဗျူဟာ လိုအပ်တာပေါ့၊ ပြီးတော့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု တောက်လျှောက်မှာ ပြည်သူတွေနဲ့ Consultation လုပ်နိုင်တဲ့ Consultative မက်ဂနစ်ဇင် အဲဒါလေးတွေ ဖော်ထုတ်နိုင်မလားပေါ့၊ ပြီးတော့ ကျနော်တို့ ချင်းလူမျိုးအချင်းချင်းကြားထဲမှာလည်း စည်းလုံးညီညွတ်ရေးတည်ဆောက်ဖို့ လိုအပ်တာပေါ့နော်၊ ဒီ ၄ ချက်ကို ကျနော်တို့ အဓိကရည်ရွယ်ပြီးတော့ လုပ်တာပေါ့နော်’’

ဒီချင်းအမျိုးသားညီလာခံကို ဒီနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ၄ ရက်တာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များလေ့လာခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံးသပ်ခြင်း၊ မြေယာနှင့် သဘာဝသယံဇာတကိစ္စများ စီမံခန့်ခွဲမှုကိုလေ့လာခြင်း၊ တရားဥပဒေရေးရာ လေ့လာသုံးသပ်ခြင်း၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာအခွင့်အရေး၊ ချင်းမျိုးနွယ်စု ၅၃ မျိုး အရေး၊ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်အပါအ၀င် အဓိက အချက် ၁၀ ချက်ကို ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ညီလာခံကို ချင်းပြည်နယ် အစိုးရအဖွဲ့အပါအ၀င် ချင်းလွှတ်တော် ကိုယ်စားလှယ်တွေ၊ ချင်းနိုင်ငံရေးပါတီတွေ၊ ချင်းအမျိုးသားတပ်ဦး၊ ချင်းမျိုးနွယ်စုအသီးသီးနဲ့ ဘာသာရေးအဖွဲ့အစည်းတွေ၊ အရပ်ဖက် ချင်းလူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအ၀င် လူ ၅၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

နောက်ဆုံးအကြိမ် ချင်းအမျိုးသားညီလာခံကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၆၅ နှစ်အကြာမှာ ပထမဦးဆုံးအကြိမ်အဖြစ် ဒီနေ့ ပြန်လည်ကျင်းပနိုင်တာလည်း ဖြစ်ပါတယ်။

RFA Burmese

0 comments:

Post a Comment