Sunday, November 17, 2013


AddThis Social Bookmark Button
F.17.11
ဆုပေးပွဲ အခမ်းအနားအပြီး ရက်ကန်းစင်များ အနီးတွင် မြင်တွေ့ရသည့် ပြိုင်ပွဲဝင်အသင်းများ (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)
နှစ်စဉ် တန်ဆောင်မုန်းလတိုင်း ကျင်းပပြုလုပ်သည့် ရွှေတိဂုံစေတီတော် မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲအား ရွှေတိဂုံစေတီတော် ရာဟုထောင့်၊ အောင်မြေတွင် နိုဝင်ဘာ ၁၆ ရက် ညနေ ၄ နာရီခွဲမှ စတင်ပြီး ည ၁၀ နာရီအထိ ကျင်းပခဲ့သည်။

ယင်း မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲကို (၂၉) ကြိမ်မြောက် ရက်လုပ် ကပ်လှူခြင်းဖြစ်ပြီး  မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့်အတူ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကိုပါ  နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းမှစတင်၍ ရွှေတိဂုံစေတီတော် ရင်ပြင်၌ ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်ပွဲအား ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍ ဘာသာရေး အသင်းအဖွဲ့ပေါင်း ၇၀ ကျော်တို့မှ ကိုယ်စားလှယ်များ၊ ဂေါပကအဖွဲ့ ရုံးဝန်ထမ်းများ အပါအ၀င် အထည်အလိပ် ပညာရှင်များနှင့် စက်ချုပ်ပညာရှင်များ စုပေါင်း၍ ရည်ရွယ်ချက် သုံးချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတွင် ပထမဆုအား ဗုဒ္ဓဟူးညနေ စင်တော်တွင် ရက်လုပ်ယှဉ်ပြိုင်သည့် ဗုဒ္ဓဟူးညနေ သန့်ရှင်းရေးအသင်းမှ အသားတင် ရမှတ် ၉၁ ဒသမ ၈၃ မှတ်ဖြင့် ရရှိသွားခဲ့ပြီး ဒုတိယဆုအား တနင်္ဂနွေ (ညနေ) သန့်ရှင်းရေး စင်တော်တွင် ရက်လုပ်ယှဉ်ပြိုင်သည့် တနင်္ဂနွေ (ညနေ) သန့်ရှင်းရေးအသင်းက အသားတင်ရမှတ် ၉၀ ဒသမ ၅ ဖြင့် ရရှိခဲ့ကာ တတိယဆုအား ဓမ္မဂုဏ်ရောင် စင်တော်တွင် ရက်လုပ်ယှဉ်ပြိုင်သည့် ဓမ္မဂုဏ်ရောင်အသင်းက အသားတင် ရမှတ် ၈၈ ဒသမ ၂၅ ဖြင့် ရရှိခဲ့သည်။

မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲ ဆုပေးပွဲ မတိုင်မီည ၁၀ နာရီခွဲခန့်တွင် မိုးရွာသွန်းခဲ့သောကြောင့် ဆုပေးပွဲအခမ်းအနားအား မူလသတ်မှတ်ထားသည့် အောင်မြေတွင် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ရာဟုထောင့်အနီး ဓမ္မာရုံအတွင်း ပြောင်းရွှေ့ ကျင်းပခဲ့ရသည်။

လပြည့်နေ့မတိုင်မီ အဖိတ်နေ့ညတွင်ပင် ရွှေတိဂုံ စေတီတော်ရင်ပြင်၌ ရပ်နီးရပ်ဝေး ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။       

0 comments:

Post a Comment