Sunday, November 17, 2013


AddThis Social Bookmark Button
ဟောင်ကောင်က မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆၄၅၈ သန်းကျော်ဝင် ရောက်မြှုပ်နှံမှုထားပြီး မြန်မာနိုင်ငံ၏ လက်ခစားစနစ်ဖြင့် ကုန်ထုတ်လုပ်ခြင်းနှင့် အထည်ချုပ် လုပ်ငန်းများအား လုပ်ကိုင်ခွင့် အများဆုံး ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဟောင်ကောင်သည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စတင်ပြဋ္ဌာန်းသည့် အချိန်မှစ၍ ယခု ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလကုန်အထိ လုပ်ငန်းပေါင်း ၆၀ ကျော်တွင် အမေရိကန်ဒေါ်လာ ၆၄၅၈ ဒသမ ၉၇၉ သန်းအား ၀င်ရောက် မြှုပ်နှံထားခြင်းဖြစ်ပြီး အထူးသဖြင့် ၂၀၁၃ ခုနှစ်အတွင်း၌ ရင်းနှီးမြှုပ်နှံမှု ဆက်တိုက်ပြုလုပ် နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီများ အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် လက်ခစားစနစ်ဖြင့် ကုန်ထုတ်လုပ်ငန်းများကို ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ဟောင်ကောင်ကုမ္ပဏီ ၁၉ ခုမှ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ တိုက်ရိုက်မြှုပ်နှံမှုဖြင့် သော်လည်းကောင်း၊ မြန်မာနိုင်ငံသား လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ အကျိုးတူ ဖက်စပ်လုပ်ငန်း အဖြစ်သော် လည်းကောင်း လုပ်ကိုင်မည်ဖြစ်သည်။
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၉/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရာတွင် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်နှင့် မင်္ဂလာဒုံ စက်မှုဇုန်တို့တွင် လက်ခစားစနစ်ဖြင့် ပလတ်စတစ် ထုပ်ပိုးခြင်းပစ္စည်း အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၊ ရင်ထိုးတံဆိပ်၊ အလှဆင်ပစ္စည်း စသည့်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများကို ဟောင်ကောင် ကုမ္ပဏီများဖြစ်သည့် New Century Industries နှင့် Hua Tai Enterprise ကုမ္ပဏီတို့အား လုပ်ကိုင်ခွင့်ပြုခဲ့ပြီး ရွှေသံလွင် စက်မှုဇုန်တွင် လက်ခစား စနစ်ဖြင့် အထည်ချုပ်ခြင်း လုပ်ငန်းကို Myanmar Jiale Fashion အမည်ဖြင့် လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

0 comments:

Post a Comment