Tuesday, October 22, 2013

လူအများက ဗုံးဟုထင်ကာ အထိတ်တလန့်ဖြစ်ခဲ့သော ပလတ်စတစ်အထုပ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းလင်းရန် ခပ်လှမ်းလှမ်းမှစစ်ဆေးကြည့်ရှုနေစဉ် ဓာတ်ပုံ - ဇော်မင်းထိုက်

ပြည်မြို့ရှိ ရွှေဆံတော်စေတီတော်မြတ်ကြီး အရှေ့စောင်းတန်းလှေကားတွင် သီတင်း ကျွတ်မီးထွန်းပွဲတော်ကျင်းပချိန်တွင် သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်အား တွေ့ရှိခဲ့သဖြင့် ဘုရားလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာမိုင်းရှင်းလင်းရေး စအရ(၉၁၁)မှ တပ်ဖွဲ့ဝင်များ လာရောက်ရှင်းလင်းခဲ့ကြောင်း  သတင်းရရှိသည်။

အောက်တိုဘာ ၂၀ရက် ည ၇နာရီခွဲအချိန်တွင် ရွှေဆံတော်စေတီတော်မြတ်ကြီး အရှေ့စောင်းတန်း၌ ဘုရားလုံခြုံရေးနှစ်ဦးနှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးတို့က အနက်ရောင် အိတ်တစ်လုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာက စောင်းတန်းတံခါးအား ခေတ္တပိတ်၍ စစ်ဆေးရာ ကြွပ်ကြွပ်အိတ်အနက်ဖြင့် စည်းထားသော အထုပ်တစ်ထုပ်ဖြစ်ပြီး အထဲတွင် ပလတ်စတစ်အိတ်များကို ကြိုးချည်ထားသည်ကိုသာ တွေ့ရပြီး အခြားမည်သည့်အရာမျှမတွေ့ရကြောင်း သက်ဆိုင်ရာရဲစခန်းမှ သတင်းရရှိသည်။

““အဲဒီ ပစ္စည်းမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း တစ်စုံတစ်ရာ မတွေ့ပါဘူး။ ကြွပ်ကြွပ်အိတ်ထုပ်တစ်ခုပါ။ မီးထွန်းပွဲတော်ရက်မှာ အစကတည်းက လုံခြုံရေးကို တိုးမြှင့်ချထားပြီးသားပါ။ အခုလည်း ဘုရားဖူးပြည်သူတွေ အေးချမ်းစွာ ဖူးမြော်နေကြပါပြီ””ဟု ပြည်မြို့ နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိ တစ်ဦးကပြောသည်။

ည၈နာရီခန့်တွင် စစ်ဆေးရှင်းလင်းပြီးစီးခဲ့ပြီး စောင်းတန်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ကာ ဘုရားဖူးပြည်သူများလည်း ဆက်လက်ဖူးမြော်လျက်ရှိသည်။

““သံသယဖြစ်ဖွယ် အထုပ် တစ်ထုပ်တွေ့လို့ သက်ဆိုင်ရာက စစ်ဆေးနေတယ်လို့ကြားတယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ ဆီမီး၉၉၀၀ ပူဇော်နေတဲ့အချိန်ပါ။ ဘုရားဖူးပြည်သူတွေလည်း များတယ်။ ဘာမှမဟုတ်ဘူးဆိုတော့မှ စိတ်အေးသွားတယ်”” ဟု ဘုရားဖူးသူတစ်ဦးကပြောသည်။

7Day Daily

0 comments:

Post a Comment