Sunday, October 27, 2013




ရန်ကုန်၊ အောက်တိုဘာ ၂၅

မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင်များကို လူမျိုးတုံး သတ်ဖြတ်မှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ ၂၄ ရက်နေ့က ဘီဘီစီနှင့် တွေ့ဆုံ မေးမြန်းမှု တစ်ရပ်တွင် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများတွင် လူမျိုးတုံး သတ်ဖြတ်မှုများ ရှိလာသည်ဟု နိုင်ငံတကာ၏ စွပ်စွဲမှုများအပေါ် မေးမြန်းရာ တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပဋိပက္ခများတွင် အစ္စလာမ်နှင့် ဗုဒ္ဓဘာသာ လူ့အသိုင်းအဝိုင်း နှစ်ဖက်စလုံး အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီး စိုးရိမ် ထိတ်လန့်မှုများ ရှိနေကြောင်း ၎င်းကဆိုသည်။
“ဒီလိုတင်းမာမှုတွေရဲ့ အဓိက ဇာစ်မြစ်ကတော့ လက်ရှိ ကမ္ဘာတစ်ဝန်း လက်ခံနေတဲ့ အမြင်တွေကြောင့် ဖြစ်ပါတယ်။ မွတ်ဆလင်ဆိုရင် ကမ္ဘာ့ မွတ်ဆလင် ပါဝါတို့ အင်အားကြီးမား လွန်းတယ်လို့ သတ်မှတ်ခံယူ ထားကြလို့ပဲ။ အဲဒီ ဂယက်တွေကလည်း မြန်မာနိုင်ငံကိုပါ ကူးစက်လာ တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နှစ်ဖက် လူ့အဖွဲ့အစည်းတွင် စိုးရိမ်ထိတ်လန့်မှု များကြောင့်လည်း ပဋိပက္ခ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ ပဋိပက္ခ ဖြစ်စဉ်များတွင် မွတ်ဆလင် အများဆုံး ဒုက္ခရောက်ခဲ့ရသည် ဆိုသည့် မေးခွန်းအပေါ် ဗုဒ္ဓဘာသာ အများအပြားလည်း ဒုက္ခရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် ဗုဒ္ဓဘာသာဝင်အများစု ပြည်ပသို့ တိမ်းရှောင်နေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

နှစ်ဖက် အဖွဲ့အစည်းတွင် တင်းမာမှုများ၊ အကြမ်းဖက်မှုများကို အဆုံးသတ်ရန် အစိုးရတွင် တာဝန်ရှိပြီး နိုင်ငံရေး အခြေအနေကြောင့် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်နေရသည့် ဗုဒ္ဓဘာသာဝင် များကိုလည်း ပြည်တော်ပြန်ရန် အစိုးရက လုပ်ဆောင် ပေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာ တရားဥပဒေစိုးမိုးမှု အားနည်းသဖြင့် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများ အနေနှင့် တရားဥပဒေ စိုးမိုးရေးကို အရှိန်မြှင့် လုပ်ဆောင်နိုင်မှသာ နောက်ကွယ်မှနေ၍ ပြဿနာ ဖန်တီးမှုများ ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း မြန်မာမွတ်ဆလင် လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ မမလဌာနချုပ် ဒုတိယဥက္ကဋ္ဌ (၁) ဦးတင်ယုက ပြောကြားသည်။
“လူမျိုးဆိုတာ တုံးအောင်သတ်လို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်က နှစ်ဖက်လုံး ဘက်မျှအောင် ရင်ဖွင့်သွားတယ်လို့ ထင်တယ်” ဟု ၎င်းကသုံးသပ်သည်။

မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်ခြင်းမရှိဟု ပြောဆိုချက်မှာ မှန်ကန်ကြောင်း၊ လူမျိုးတုံး သတ်ဖြတ်သည် ဆိုပါက မွတ်ဆလင်များ မြန်မာနိုင်ငံတွင် မြင်တွေ့ရမည် မဟုတ်ကြောင်း ရခိုင်တိုင်းရင်းသားများက ပြောဆိုကြသည်။
“နိုင်ငံတစ်ခုမှာ လူ့အခွင့်အရေးထက် အမျိုးသားလုံခြုံရေး ပိုအရေးကြီးတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည် သဘောပေါက်သွားပုံရတယ်” ဟု ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။

ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ပဋိပက္ခများနှင့် ပတ်သက်၍ လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့ (HRW) အဖွဲ့အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့က မွတ်ဆလင်များကို လူမျိုးတုံး သတ်ဖြတ်နေသည်ဟု ထုတ်ပြန် ပြောဆိုမှုများ ရှိခဲ့သည်။

The Voice Weekly
 

0 comments:

Post a Comment