Monday, October 21, 2013




ရန်ကုန်၊ အောက်တိုဘာ ၂၁။

နိုဝင်ဘာလ ၃ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄နာရီ ၃၄မိနစ်တွင် စတင်ဖြစ်ပေါ်မည့် နေအပြည့်ကြတ်မှု ဖြစ်စဉ် ၏ အကျိုးသက်ရောက်မှုအဖြစ် စာပေမီဒီယာ ရပ်ဝန်း၌ ထင်ရှားသော မီဒီယာအဖွဲ့အစည်းများ၊ ထင်ရှားသော စာရေးဆရာနှင့် ထုတ်ဝေသူများနှင့် အစိုးရအကြား ပြင်းထန်သည့် ပဋိပက္ခ
ပေါ်ပေါက်လာနိုင်ကြောင်း မြန်မာနိုင်ငံ နက္ခတ်ဗေဒ သိပ္ပံ ပညာရှင်များ အဖွဲ့ချုပ်မှ ဦးဇေယျာကိုက ပြောကြားသည်။

နေကြတ်မှုဖြစ်စဉ်သည် တူရာသီအတွင်း ဖြစ်ပေါ်မည် ဖြစ်ကာ ဗုဒ္ဓဟူးဂြိုလ်ပတ်လမ်းကြောင်း၌ ဖောက်ပြန်၍ ပါဝင်ပူးယှဉ်နေပြီး လွတ်လပ် ရေး ဇာတာ၏ မကောင်းသော ဗျာယ(ပြသနာ)ဌာနတွင် ဖြစ်ပေါ်မည်ဖြစ်သည့်အတွက် မင်း အစိုးရအုပ်ချုပ်သူနှင့် အများပြည်သူ စိတ်နှလုံး မသာယာသည့် အဖြစ်အပျက်များ ဖြစ်ပေါ်လာတတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လပြည့်နေ့မှာ လကြတ်တဲ့ဖြစ်စဉ်က မြန်မာနိုင်ငံမှာ ဘာသက်ရောက်မှုမှ မဖြစ်နိုင်ဘူး။ နိုဝင်ဘာ၃ရက်နေ့ နေကြတ်မှု ဖြစ်စဉ်ကတော့ သက်ရောက်မှု ရှိနိုင်တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အခွန်ကိစ္စများအပေါ် မကျေနပ်၍ ပြည်သူလူထု ၏ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း အခွန်စနစ်ရေးဆွဲရန် အကြံပေးသူများနှင့် တာဝန်ရှိ သူများ တာဝန်မှနှုတ်ထွက်မှုများလည်း ဖြစ်ပေါ်လာနိုင်
ကြောင်းဦးဇေယျာကိုက ပြောကြားသည်။

အစိုးရ အုပ်ချုပ်သူ ဝန်ကြီး အဆင့်ပုဂ္ဂိုလ်များ၏ ငွေကြေး အရှုပ်အရှင်း ပြသနာများ ဖြစ်ပေါ်လာနိုင် သည့်အပြင် နိုဝင်ဘာလအတွင်း ဘင်္ဂဘားပင်လယ်အော်၌ မုန်တိုင်းဖြစ်ပေါ်နိုင်သကဲ့သို့ ရွှေဈေးနှင့် မတ်ပဲဈေး ရုတ်တရက်မြင့်တက်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်း နေကြတ်မှုဖြစ်စဉ်သည် နိုဝင်ဘာလ(၃)ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄နာရီ ၃၄မိနစ်၌ အနောက် လောင်ဂျီတွဒ် ၅၈ ဒီဂရီ ၂၁ မိနစ် နှင့် မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၅၀ မိနစ်တွင် နေအပြည့် ကြတ်သည့်ဖြစ်စဉ် စတင်ပြီး ည ၇နာရီ ၈မိနစ်၌ အနောက်လောင်ဂျီတွဒ် ၁၃ ဒီဂရီ ၄၇ မိနစ်နှင့် မြောက်လတ္တီတွဒ် ၀၄ ဒီဂရီ၂၃ မိနစ်၌ ဖမ်းလယ်ဖြစ်စဉ်ဖြစ်ပေါ်ကာ ည ၉နာရီ ၅၈မိနစ်၌ အရှေ့လောင်ဂျီတွဒ် ၃၃ ဒီဂရီ ၅၀ မိနစ်နှင့် တောင်လတ္တီတွဒ် ၀၀ ဒီဂရီ ၀၈ မိနစ်တွင် ဖြစ်စဉ်ပြီးဆုံး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ မမြင်ရသော်လည်း အမေရိကန် အရှေ့ပိုင်းတောင် ဥရောပဒေသများ အာဖရိကဒေသများမှ တွေ့မြင်လေ့လာနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထုတ်ပြန်ချက်များအရ သိရသည်။

ရေးသားသူ - သက်သက်မိုးသူ
တည်းဖြတ်သူ- ဂျူးဂျူးလှိုင်

People power
 

0 comments:

Post a Comment