Monday, October 28, 2013




ရန်ကုန်၊ အောက်တိုဘာ ၂၇

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု များကြောင့် လူ ၁၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၁၇၉ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ယခုလအတွင်း ၂၄ ရက်နေ့အထိ ယာဉ်မတော်တဆမှု ၈၀၄ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃၈၄ ဦး ရှိကာ ၁၇၉ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၇၅ မှု၊ ဒဏ်ရာရရှိသူ ၂၇၅ ဦးနှင့် သေဆုံးသူ ၂၇ ဦးဖြင့် အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံးအဖြစ် မန္တလေးတိုင်းဒေသကြီးတွင် ယာဉ် မတော်တဆမှု ၁၁၇ မှု ဖြစ်ပွားခဲ့ပြီး ၁၈၁ ဦး ဒဏ်ရာရရှိခဲ့ကာ ၃၂ ဦး သေဆုံးခဲ့သည်။

အစိုးရ တိုက်ရိုက်အုပ်ချုပ်သည့် နေပြည်တော် ကောင်စီ နယ်မြေတွင် အောက်တိုဘာလ ၁ ရက်မှ ၂၄ ရက်အထိ ယာဉ်မတော်တဆမှု ၁၄ မှု၊ ဒဏ်ရာရရှိသူ ၁၉ ဦးနှင့် သေဆုံးသူ ကိုးဦးရှိခဲ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူ အများဆုံးစာရင်းတွင် သတ္တမနေရာတွင် ရှိနေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အနည်းဆုံးမှာ ချင်းပြည်နယ်ဖြစ်ကာ ယာဉ်မတော်တဆမှု သုံးမှုသာ ဖြစ်ပွားခဲ့ပြီး ခြောက်ဦး ဒဏ်ရာရကာ လူသေဆုံးမှု မရှိခဲ့ပေ။

ယခုနှစ် အောက်တိုဘာလ ၂၄ ရက်အတွင်း သေဆုံးသူ ၁၇၉ ဦးခဲ့ရာ ယင်းကိန်းဂဏန်းများအရ အောက်တိုဘာလ အတွင်းတွင် ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင် လူခုနစ်ဦးကျော် သေဆုံး လျက်ရှိနေခြင်း ဖြစ်သည်။

The Voice Weekly
 

0 comments:

Post a Comment