Wednesday, October 30, 2013



ပစ်မှတ်ကို ချိန်ရွယ်ခြင်း - ဓါတ်ပုံ - ( KIA )
လူနာများ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေး ပါရန် မြောက်ပိုင်း တိုင်းစစ်ဌာန ချုပ်မှ ကချင် လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ်အား အကြောင်းကြား ခဲ့သည်ဟု KIA စစ်ရုံးချုပ် အရာရှိ တဦးက ဆိုပါသည်။

“ KIA တပ်ရင်း (၁၂) ဂွင်မှာ ဖြစ်တဲ့ တိုက်ပွဲမှာ ထိခိုက်မှု များပုံ ရတယ်ဗျ။ အဲဒီတော့ သယ်ထုတ်ဖို့ လမ်းကြောင်း ရှင်ပေးဖို့ KIA ဌာနချုပ် ကို တောင်းဆို လာတာ ရှိပါတယ်။ ဘယ်လို အကြောင်းပြန် လိုက်တာတော့ ကျနော်မသိ လိုက်ဘူး။ ဒါပေမဲ့ အဲဒီဖက်မှာ ဒီနေ့လည်း တိုက်ပွဲ ဆက်ဖြစ် နေတုန်း ပါဘဲ” ဟု စစ်ရုံးချုပ် အရာရှိက ဆိုသွားခဲ့ ပါသည်။

KIA တပ်ရင်း (၁၂) နှင့် အစိုးရ အထူး ကွပ်ကဲထား သည့် နည်းဗျူဟာ (၂) တပ်ဖွဲ့များ အပြင် စစ်ကူပေး လာသော အထူးကွပ်ကဲမှု နည်းဗျူဟာ (၃) တပ်ဖွဲ့နှင့် (၇) ရက်တိုင်တိုင် တိုက်ပွဲ ဖြစ်လာခဲ့ ပေသည်။ ဤတိုက်ပွဲများ ၌ အ၀ိုင်းခံ ထားရသည့် အခြေအနေ အပြင် မိုင်းကွင်း ထိခိုက်မှူများ ခြင်းကြောင့် လူနာ သယ်ထုတ်ရန် အတွက် လမ်းကြောင်း ရှင်းပေးရန် တောင်းဆိုခဲ့ ခြင်းဖြစ်ဖွယ် ရှိသည်ဟု KIA စစ်ရုံးက ခန့်မှန်းထား ပါသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တောင်းဆိုမှု ကို KIA တပ်ရင်း (၁၂) မှူးအား လမ်းကြောင်း ရှင်းပေးခြင်း ရှိမရှိ ဆက်သွယ် မေးမြန်းခဲ့ သော်လည်း တိုက်ပွဲ ဖြစ်ပွားချိန် နှင့် တိုက်ဆိုင် ခဲ့သဖြင့်  ပြန်လည် ဖြေကြား နိုင်ခြင်း မရှိခဲ့ပေ။ ထို့အတူ ယမာန်နေ့ အထိ ဆဂနမ်ခွမ် (Saga Nam Hkum) ဂွင်တွင် အ၀ိုင်းခံ နေရသော အထူး နည်းဗျူဟာ (၂) ၏ နောက်ဆုံး အခြေအနေ နှင့် ဗျူဟာ (၃) တိုက်ခိုက်မှု ကိုလည်း မေးမြန်းနိုင်ခြင်းမရှိခဲ့ပေ။

ထို့အတူ မန်စီမြို့နယ် ကောင်ဂျာ ကျေးရွာဖက် တွင် လှုပ်ရှား နေသော တပ်ရင်း(၁၂) တပ်ဖွဲ့ များသည် အစိုးရ စကခ (၂၁) အထူးဗျူ ဟာ (၁) နှင့် ယနေ့ ညနေပိုင်းတွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားလျှက် ရှိပါသည်။ ဤတိုက်ပွဲကြောင့် နည်းဗျူဟာ (၁) မှ ထိမ်းသိမ်းထား သည့် ဒုက္ခသည် တရာကျော် ထွက်ပြေး လွတ်မြောက် စေခဲ့သည် ဟု ဆိုပါသည်။

ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့မှ လမိုင်ခွန်ဂျာသည် မုန်းဒိန်ပါ ကျေးရွာဘုရား ကျောင်းဝင်းတွင် ဒုက္ခသည် များခေါ်ယူ စုဝေး ထားသည့် ကိစ္စကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင် နှင့် တွေ့ဆုံစဉ် တင်ပြ ခဲ့ပါသည်။

“တိုင်းမှူး ပြောတာက တပ်တွေက ရွာထဲမှာ နေဖို့ အမိန့်ပေးထားတာ မဟုတ်ဘူး ရွာပြင်မှာပဲ နေဖို့ အမိန့်ပေး ထားတာ၊ ပြည်သူ တွေကို ဒုက္ခရောက် စေမယ့် ပြုမူ မှုမျိုးကိုလည်း လုပ်လို့ မရ ဘူးလို့ တိုင်းမှူးက ညွှန်ကြား ထားတယ်လို့  ပြန်ပြောပြတယ်” ဟု ဦးလမိုင်ခွန်ဂျာ က ဆိုပါသည်။

ထိုသို့ တိုင်းမှူးအား တင်ပြခဲ့ပြီး နောက်တွင် ၄င်းမုန်းဒိန်ပါ ၌ တပ်စွဲ ထားသည့် အစိုးရ တပ်များ အောက်တိုဘာ (၂၅) ရက်နေ့ ညနေ၌ ဆုတ်သွား ကာ မခေါရန် ၊ နမ့်ဖုရွာသို့ ဝင်ရောက်သွား ခဲ့ပါသည်။ ထိုရွာများ ကိုလည်း အမျိုးသား သက်သက် တနေရာ အမျိုးသမီး သက်သက် တနေရာ ခွဲခြား ထားရာမှ ထိတ်လန့်ပြီး ရွာသား (၃၀၀) ခန့် ဗန်းမော်သို့ ထွက်ပြေးသွား ခဲ့ကြောင်း ဆိုပါသည်။

KIA တပ်မဟာ (၃) တပ်ရင်း (၁၂) ဧရိယာတွင် လှုပ်ရှား နေသော အစိုးရတပ် များသည် ဗန်းမော် အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) တပ်ဖွဲ့ အများစု ဖြင့်စုဖွဲ့ ထားပြီး နေပြည်တော် စစ်ရုံးချုပ်မှ တိုက်ရိုက် ကွပ်ကဲခဲ့သည် ဟု ဖမ်းမိသော စစ်သုံ့ပန်း အဆိုအရ သိရပါသည်။

“ကျနော်တို့ကို ရထားတွဲ ပေါ်တင် ကတည်းက ဘယ်နေရာမှ မဆင်းရဘူး။ ဆင်းတဲ့ နေရာကနေ ထိုးစစ် စတင်တော့ တာဘဲ။ အခု စစ်ဆင်ရေးက ခါတိုင်းနဲ့ မတူဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက တိုက်ရိုက် ကွပ်ကဲတဲ့ စစ်ဆင်ရေး လို့ဆိုတယ်” ဟု စစ်သုံ့ပန်း ပြောကြောင်း KIA တပ်ရင်း (၁၂) မှူးက ဆိုပါသည်။

အစိုးရ သည် KIA အား ကြည်းတပ် လေတပ်ဖွဲ့ များဖြင့် တိုက်ခိုက်ရန် စစ်ရုံး၏ တောင်းဆိုမှုကို သမ္မတမှ ကန့်သတ် စစ်ဆင်မှုဖြင့် တိုက်ခိုက်ခွင့် ပြုခဲ့ သည်ဟု သတင်းများ ပေါ်ထွက် ခဲ့ပါသည်။ ဤသည်ကို ထောက်ရှူ့ ပါက ယခု KIA တပ်ရင်း (၁၂) စစ် ဆင်ရေး သည်လည်း ကန့်သတ် စစ်ဆင်ရေး ဖြစ်ဖွယ် ရှိပြီး စစ်ရုံးချုပ်က တိုက်ရိုက် ကွပ်ကဲဖွယ် ရှိနေပါသည်။

ရွှေဟင်္သာသတင်းဌာန



ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းအချို့မှာ နေထိုင်သူလူဦးရေဟာ ဘဝတိုးတက်မှုနည်းပါးလာတဲ့အတွက် တဖြည်းဖြည်းလျှော့ကျလာတာ ပြီးခဲ့တဲ့တစ်နှစ်ကာလအတွင်း နှစ်သောင်းခန့်ရှိသွားပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်း ၉ ခုမှာ ရိက္ခာအကူအညီပေးနေတဲ့ ဒုက္ခသည် အကူအညီပေးရေး TBC အဖွဲ့အစည်းကြီးရဲ့မှတ်တမ်းမှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက လူဦးရေ ၁သိန်း ၄သောင်းခန့် နေထိုင်နေကြတယ်လို့ ဖော်ပြခဲ့ပေမယ့် အခုနှစ် စက်တင်ဘာလ စာရင်းဇယားအရတော့ လူဦးရေ ၁သိန်း ၂သောင်းကျော်ပဲရှိတော့ကြောင်း ဖော်ပြပါရှိပါတယ်။

တပ်ခ်ခရိုင်အတွင်းက နို့ဖိုးဒုက္ခသည်စခန်းမှာဆိုရင် နဂိုမူနေထိုင်သူ ဦးရေရဲ့ သုံးပုံတစ်ပုံပဲ ကျန်ရှိတော့တယ်လို့ စခန်းတွင်းနေထိုင်သူတွေက ပြောပါတယ်၊ ဒါဟာ လွန်ခဲ့တဲ့ ၃လခန့်ကစပြီး စခန်းတွင်း ဒုက္ခသည်အချို့ဟာ မိမိတို့ တိုးတက်ရာတိုးတက်ကြောင်းအတွက် အခြားအလုပ်အကိုင်ရှိရာ ဒေသအသီးသီးကို ထွက်ခွာသွားခဲ့ကြတာကြောင့်ဖြစ်ကြောင်း၊ ဒါကြောင့် စခန်းတွင်း PAB ရပ်ကွက်က ကျောင်းသားဦးရေ ၃၀၀ လောက်ရှိတဲ့ အထက်တန်းကျောင်းမှာ စာသင်ပေးမယ့် ဆရာ ဆရာမတွေမရှိတော့လို့ ကျောင်းပိတ်ထားရတယ်လို့ နို့ဖိုးစခန်းတွင်းနေထိုင်သူ ကိုမျိုးမြင့်က ပြောပါတယ်။

ဒါပေမယ့်ပြီးခဲ့ အောက်တိုဘာ ၂၂ ရက်နေ့က တစ်နှစ်စာအတွက် ရိက္ခာထုတ်ပေးမယ့်လူစာရင်း စစ်ဆေးချိန်ကတော့ လူတစ်ချို့ပြန်လာကြပြီး ဒီနောက်ပြန်လည်ထွက်ခွာသွားကြပြန်တယ်လို့လည်း သူကပြောပါတယ်။ အလားတူ ကန်ချနဘူရီခရိုင်က ဘန့်ဒုန်ယမ်းစခန်းမှာလည်း ဒုက္ခသည်ဦးရေလျှော့လာပုံကို စခန်းပြန်ကြားရေးကော်မတီဝင် ကိုထွန်းလွင်က အခုလိုပြောပါတယ်။

“ဗမာပြည် ပြန်ပြီးတော့ စပါးစိုက်တယ်၊ ခြံစိုက်တယ် အဲဒါလည်းရှိတယ်၊ ပြီးတော တခြားဒေသတွေမှာ၊ လာတဲ့နေရာမဟုတ်ဘူးနော်၊ ဥပမာ ထားဝယ်ကလာတယ် ထားဝယ်မပြန်ဘဲ တစ်ချို့ကကျတော့ ဘုရားသုံးဆူအနီးမှာ ခြံသွားစိုက်တဲ့သူရှိတယ်၊ အိမ်သွားဆောက်ပြီး နေတဲ့သူရှိတယ်၊ အဲဒါကျတော့ အနည်းဆုံးခန့်မှန်းခြေဆိုရင် ၄၀၀ နဲ့ ၅၀၀ လောက်ရှိမယ်၊ လျှော့သွားတယ်၊ ဒီစခန်းထဲမှာ စာရင်းရှိနေတဲ့လူက ၃၄၀၀ ကျော်ရှိတယ်၊ ဒါပေမဲ့ စခန်းထဲမှာ လက်ရှိနေတဲ့သူက ၂၈၀၀၊ ၂၉၀၀လောက်ပဲရှိတယ်”

အကြီးဆုံးစခန်းတစ်ခုဖြစ်တဲ့ တက်ခရိုင်က မယ်လဒုက္ခသည်စခန်းကတော့ လူလျှော့သွားတာ အနည်းအကျဉ်းသာရှိပြီး အဲဒီအထဲက အများစုကဟာ တတိယနိုင်ငံကို ထွက်ခွာသွားကြသူတွေဖြစ်တယ်လို့ စခန်းအတွင်းရေးမှူး (၁) စောအယ်ကလောက ပြောပါတယ်။ UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ယခုနှစ်စက်တင်ဘာလက စာရင်းဇယားအရတော့ ဒီစခန်း ၉ ခုလုံးမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူ စုစုပေါင်း ၈ သောင်းခန့်သာ ကျန်ရှိတော့တယ်လို့ ဖော်ပြထားပါတယ်။

RFA Burmese

 

Tuesday, October 29, 2013



ရန်ကုန် အောက်တိုဘာ ၂၈

ဥရောပ (၅)နိုင်ငံ ခရီးစဉ်အတွင်း လန်ဒန်မြို့သို့ရောက်ရှိစဉ် ဘီဘီစီ သတင်းဌာနနှင့် ယခုလ ၂၅ ရက် တွေ့ဆုံမေးမြန်းခန်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်နာယက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌသူရ ဦးရွှေမန်းသည် ကိုယ့်သိက္ခာကိုယ်အလွန် တန်ဖိုးထားသူဖြစ်ကြာင်း၊ ဖြောင့်မတ်သည့် ပြိုင်ဘက်တစ်ဦး ဖြစ်၍ ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ဘီဘီစီသတင်းဌာနမှ ဒေါ်တင်ထားဆွေက ''၂ဝ၁၅ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်နာယကကြီးသူရဦးရွှေမန်း ပါဝင်ယှဉ်ပြိုင်မယ်လို့ ကျွန်မတို့နားလည်ထားပါတယ်။ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဓိကယှဉ်ပြိုင်ဘက်ဖြစ်လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်လာနိုင်ပါသလဲ''ဟူ၍ မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ''ဘယ်သူနဲ့ပဲ ယှဉ်ပြိုင်ယှဉ်ပြိုင် နိုင်အောင်လုပ်ရမှာပဲ။ ဒါပေမယ့် သူရဦးရွှေမန်းဟာ အင်မတန်မှ မိမိရဲ့သိက္ခာကို မိမိတန်ဖိုးထားတဲ့လူဆိုတော့ ကျွန်မအတွက် ဖြောင့်မတ်တဲ့ယှဉ်ပြိုင် ဘက်တစ်ဦးဖြစ်လာမယ်လို့ ယူဆတဲ့အတွက် ကျွန်မကတော့ ကြိုဆိုပါတယ်''ဟု ဖြေကြားခဲ့သည်။ ဒေါ်တင်ထားဆွေက ဆက်လက်၍''အပေးအယူ ညှိထားတာမျိုးရှိပါသလား''ဟုမေးရာ ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ကတော့ နှစ်ယောက်စလုံးပြောထားပြီးသား။ ပြိုင်ရင်တော့ နိုင်အောင် လုပ်မှာပဲလို့''ဟူ၍ ပြောကြားခဲ့ကြောင်းသိရသည်။

သူရဦးရွှေမန်းက အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွေ့ဆုံမေးမြန်းမှုတစ်ခု၌ သမ္မတလုပ်ရန် အဆင်သင့်ရှိနေကြောင်း ဖြေကြားခဲ့ခြင်းနှင့် စပ်လျဉ်း၍ ပြီးခဲ့သည့်ဇွန်လ ပြည်သူ့လွှတ်တော် တွင် ပြည်တွင်းမီဒီယာများကလည်း ဒေါ် အောင်ဆန်းစုကြည်၏ သဘောထားကို မေးမြန်း ခဲ့ကြသည်။

အဆိုပါမေးမြန်းချက်ကို ဒေါ် အောင်ဆန်းစုကြည်က ''အန်တီကတော့ကြိုက် တယ်။ အဲဒီလို ပွင့်ပွင့်လင်းလင်းပြောတာ ကောင်းတယ်။ နိုင်ငံရေးဆိုတာ ဒီလိုလုပ်ရမှာပဲ။ နိုင်ငံရေးလုပ်နေပြီး ရှိုးတိုးရှန့်တန့်လုပ်နေလို့ မဖြစ်ဘူးလေ။ ဦးရွှေမန်းအနေနဲ့ သမ္မတအရွေး ခံချင်တယ်၊ ဖြစ်ချင်တယ်လို့ပြောတာ အန်တီ့ အနေနဲ့ ဖြောင့်မတ်တယ်၊ ပွင့်လင်းတယ်။ ဒါ ကြောင့်မို့ သဘောကျတယ်''ဟူ၍ ပြောခဲ့သည်။

The Union Daily

Monday, October 28, 2013

ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုရ ဒေါ်အောင်ဆန်းစုကြည်။ (အောက်တိုဘာ ၂၇၊ ၂၀၁၃)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို ရောက်ရှိနေပြီး ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို လက်ခံ ရယူသလို တနင်္လာနေ့မှာ အီတလီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမှာဖြစ်တဲ့အပြင် ပုပ်ရဟန်းမင်းကြီးနဲ့လည်း သီးခြား တွေ့ဆုံဖို့ ရှိပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို တနင်္ဂနွေနေ့မှာရောက်ပြီးတော့ ညပိုင်းမှာတော့ ရောမမြို့ရဲ့ မြို့တော်ခန်းမမှာ ရောမမြို့ကနေပေးတဲ့ ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံယူခဲ့တာပါ။ ညပိုင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရောမမြို့တော်ဝန်ဖြစ်တဲ့ Ignazio Marino - နိုင်ငံခြားရေး ၀န်ကြီး (Emma Bonino) နဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့က ကြိုဆိုပြီးတော့ ဂုဏ်ထူးဆောင် မြို့သူဆုကို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီ ဂုဏ်ထူးဆောင် မြို့သူဆုကို ၁၉၉၄ ခုနှစ်တုန်းက ရောမမြို့တော်ဝန် (Rutelli) ရဲ့လက်ထက်မှာ ချီးမြှင့်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရတာမို့ ဆုကို ကိုယ်တိုင် မယူနိုင်ခဲ့ပါဘူး။

အခု ဒီဆုကိုလက်ခံယူတော့ သူ့အနေနဲ့ ဒီဆုနဲ့ပတ်သက်ပြီးတော့ ဝမ်းမြောက်စွာနဲ့ လက်ခံယူတဲ့အကြောင်း ဒီဆုယူပြီးတဲ့မိန့်ခွန်းမှာ ပြောသွားပါတယ်။

“ကျမအတွက်ကတော့ ဂုဏ်ယူစရာကောင်းရုံတင်မဟုတ်ပါဘူး။ ရောမမြို့သူဖြစ်ရတာကို ပျော်ရွှင်ဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ငယ်ငယ် ကလေးဘဝကတည်းက ရောမမြို့အကြောင်းကို သင်ဖူး၊ ကြားဖူးခဲ့လို့ပါပဲ။ ဒါကြောင့် ရောမမြို့သူဖြစ်ရတာ တကမ္ဘာလုံးရဲ့ မြို့နိုင်ငံသားလို့လည်း ပြောလို့ရပါတယ်ရှင်။”

ရောမမြို့တော်ဝန်ဖြစ်တဲ့ Ignozio Marino ကလည်း ဒီဆု မချီးမြှင့်ခင်မှာ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လို တန်ဖိုးထားသလဲဆိုတာကို အခုလို ပြောသွားပါတယ်။

“ရောမမြို့အတွက်ရော အီတလီနိုင်ငံသားတွေအတွက်ပါ ခင်ဗျားဟာ ဥပဒေစံနမူနာ-ပါ။ ဒီမိုကရေစီ တောင်းဆိုကြတဲ့ နိုင်ငံတိုင်းအတွက်၊ နောက် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်ရမယ်လို့ ယုံကြည်တဲ့လူတိုင်းအတွက် အခြေခံကတော့ သိက္ခာရှိတဲ့ နေထိုင်မှု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား- အဲဒီအတွက် ခင်ဗျားဟာ စံပြပါပဲ” ဆိုပြီးတော့ မြို့တော်ဝန်ဖြစ်တဲ့ Ignozio Marino က အီတလီဘာသာနဲ့ ပြောသွားတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုချီးမွမ်းပြောဆိုကြလို့မဟုတ်ဘဲ သူ့အနေနဲ့ ယုံကြည်ချက်အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်-ဆိုပြီးတော့ မိန့်ခွန်းထဲမှာလည်း သူက ပြောသွားပါတယ်။

“လူတွေက ကျမကို သိပ်သတ္တိရှိတယ်၊ ဒါမှမဟုတ် သိပ်ကို မြင့်မြတ်တာတွေ လုပ်ခဲ့တယ်လို့ ပြောကြတယ်။ အဲလိုပြောတဲ့အခါတိုင်းမှာ ကျမအတွက် တွေးစရာ၊ အံ့သြစရာတွေ ဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမအနေနဲ့ သာမန်လုပ်ရိုးလုပ်စဉ်ထက် ပိုပြီးတော့ လုပ်ခဲ့တာရှိတယ်လို့ မယူဆပါဘူး။ ကျမ ယုံကြည်တာကိုပဲ လုပ်ခဲ့တာပါ။ ကျမ ယုံကြည်တဲ့လမ်းကြောင်းကိုပဲ ရွေးခဲ့တာပါရှင်။”

လာမယ့် ကြာသာပတေးနေ့ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါးမားမြို့ကချီးမြှင့်မယ့် ဂုဏ်ထူးဆောင်မြို့သူဆုကို ထပ်မံလက်ခံ ရယူဖို့ ရှိပါတယ်။ ကမ္ဘာ့သမိုင်း အမွေအနှစ်တွေ ကြွယ်ဝလှတဲ့ ဒီရောမမြို့ကြီးရဲ့ ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည် အခုလို လက်ခံရယူတာနဲ့ ပတ်သက်ပြီးတော့ အီတလီနိုင်ငံမှာနေထိုင်တဲ့ ကိုနိုင်လင်းအောင်က ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။

“ကမ္ဘာက အသိအမှတ်ပြုတယ်ဆိုတာကိုလည်း မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်မိတယ်။ ဒီဆုကလည်း ပေးထားတာတော့ ကြာပါပြီ။ ကျနော်လည်း အရင်တုန်းက မျှော်လင့်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့နေ့ကျရင် လာနိုင်ပါစေ-လို့ မျှော်လင့်ထားတာပေါ့နော်။ အဲဒီအတွက်ကို ကျနော် ဝမ်းသာမဆုံး ဖြစ်မိပါတယ်။”

အီတလီနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတစ်ဦး တုံ့ပြန်ပြောဆိုသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့မနက်ပိုင်းမှာ အီတလီဝန်ကြီးချုပ်နဲ့ တွေ့အပြီး အီတလီသမ္မတ Giorgio Napolitano ကို သွားရောက်တွေ့ဆုံမှာ ဖြစ်သလို အီတလီ နိုင်ငံခြားရေးဝန်ကြီး (အန်းမား ဘိုးနီးနို့)နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ဖို့ ရှိပါတယ်။

နေ့လည်ပိုင်းမှာတော့ အီတလီအထက်နဲ့အောက် လွှတ်တော် (၂) ရပ်လုံးကို သွားရောက်လေ့လာပြီး ညပိုင်းမှာတော့ အထက်လွှတ်တော် ဥက္ကဋ္ဌ Pietro Grassoနဲ့ တွေ့ဆုံမှာ ဖြစ်သလို အီတလီ တရားရေးဌာန အကြီးအကဲ မစ္စ ဘိုဒရီနီ (Laura Boldrini) နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

ရောမ ဂုဏ်ထူးဆောင်မြို့သူဆု လက်ခံရယူခဲ့တာနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ (၃၀) ရက် ဗုဒ္ဓဟူးနေ့၊ စိန့်လူစီးယား Saint Lucia ခန်းမမှာ လူထုပရိသတ်ကို မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်း အော်လာ မက်ဂ်နာ (Aula Magna)မှာ ဂုဏ်ထူးဆောင် တွေးခေါ်ပညာရှင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာဖြစ်ပါတယ်။

ကိုသားညွန့်ဦး - ဗွီအိုအေ



ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုံးဒိန်ပါရွာဘက်က ဒေသခံတွေဟာ အစိုးရစစ်ကြောင်းတွေ များလာတဲ့အတွက် လုံခြုံရေးစိုးရိမ်ပြီး ဗန်းမော်မြို့ဘက်ကို ဒီနေ့ လူဦးရေငါးရာလောက် ဦးတည်လာနေကြောင်း ဗန်းမော် ကချင်နှစ်ခြင်း အသင်းတော်ရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။

မန်စီမြို့နယ်ထဲက ကျေးလက်လူထု ဗန်းမော်ဘက်ကို ထွက်လာတဲ့အကြောင်းကို ကချင်နှစ်ခြင်း အသင်းတော်ရုံးက ဦးတူးဂျာက အခုလို ပြောပါတယ်။

“၂၄ ရက်နေ့တုန်းက သူတို့ မုံးဒိန်ပါကိုဝင်ပြီးတော့ ရွာသားတွေကို ဘုရားကျောင်းထဲမှာ ထိန်းထားတာ၊ တိုင်းကိုအကြောင်းကြားတဲ့အခါကျတော့ တိုင်းကလည်း ရွာမှာစစ်သားတွေ မနေရဘူးလို့ ညွှန်ကြားတဲ့အခါကျတော့ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ရွာအောက်မှာပဲရှိနေတဲ့ခါကျတော့ ရွာသားတွေက ကြောက်တဲ့အခါကျတော့ ဒီနေ့ညနေ ၁ နာရီခွဲနောက်ပိုင်းမှာ အဲဒီ မုံးဒိန်ပါကနေ လူဦးရေ ၅ဝဝ ကျော်က ဗန်းမော်ကိုဆင်းလာဖို့ တောလမ်းမှာခရီးနှင်နေတယ်”

အဲဒီ ဒေသဖက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာတော့ အတည်ပြုလို့မရကြောင်း၊ ကျေးရွာတွေနားမှာ စစ်ကြောင်းထိုးတာတွေတော့ရှိကြောင်း ဦးတူးဂျာက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဗန်းမော်မြို့နယ် မန်စီဒေသဖက်မှာ အစိုးရနဲ့ ကေအိုင်အိုတပ်တွေကြား စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံကျေးရွာတွေက လူပေါင်းထောင်နဲ့ချီပိတ်မိနေပြီး စားနပ်ရိက္ခာ ပြတ်လတ်နေတယ်လို့ ပြောကြပါတယ်။

RFA Burmese
 



မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့ဘက်ကနေပြီး ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းကို လူပွဲစားတွေကတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ အသက် ၁၈ နှစ်အောက် လူငယ် ၂ ယောက်အပါအ၀င် မြန်မာနိုင်ငံသား အယောက် ၃၀ ကို ထိုင်းနယ်ခြားစောင့်တပ်ကနေ အောက်တိုဘာ ၂၇ ရက်နေ့ မနေ့ညပိုင်းက ရနောင်းမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသားတွေကို ရနောင်းမြို့အထွက်နား ခလောင်လောရွာအနီးက ထိုင်းနယ်ခြားစောင့်တပ်ရဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုသားကျော် က ပြောပါတယ်။

“တပ်မ ၂၅ က ဖမ်းတာ စစ်တပ်က၊ သူတို့ ဒီ ပွဲစားနဲ့ လာတာကိုး၊ ပွဲစားနဲ့လာရင်းနဲ့ စစ်တပ်ကဖမ်းတယ်၊ ဖမ်းပြီးတော့ တောမော ( လူဝင်မှုကြီးကြပ်ရေးဌာန) ကိုလာအပ်တယ်၊ မိတဲ့နေရာကတော့ ကျနော်တို့ ရနောင်းကနေအထွက်ဖက် ကီလိုသုံးလေးဆယ်တော့ ရှိမယ်ပဲခင်ဗျ၊ ဒီကျနော်တို့ ချွန်ဖွန်ကိုတက်တဲ့လမ်းမှာ၊ ဒီ ရနောင်းကနေ အထွက်မှာဆိုရင် ဂိတ်တွေရှိတယ်၊ အဲ့ဂိတ်မှာ ဂိတ်ကနေစစ်တော့ မိတယ်ခင်ဗျ“

တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ ကားလေးစီးနဲ့ ရနောင်းမြို့ကနေ ချွန်ဖွန်မြို့နယ်ဖက်ကို မောင်းနှင်လာချိန် စစ်ဆေးရေးဂိတ်ကနေ တားဆီးစစ်ဆေးစဉ် လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတွေ ကားပေါ်ကဆင်းပြီး တောထဲထွက်ပြေးခဲ့ကြရာက ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တချို့ လွတ်မြောက်သွားကြတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ မြန်မာနိုင်ငံက အမျိုးသမီး ၁၄ ယောက်နဲ့ အမျိုးသား ၁၄ ယောက်ဖြစ်ပြီး ကလေးငယ် ၂ ယောက်ပါဝင်တယ်လို့ ရနောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ထိုင်းအရာရှိက အတည်ပြုပြောပါတယ်။

“သူတို့ကိုဖမ်းလာတာကတော့ ကြောပေါလောကျေးရွာအုပ်စုကနေ ဖမ်းလာပြီး ပါချဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားချိန်မှာ ကျနော်တို့ လ၀က ကနေပြီး တရားမ၀င်မြန်မာနိုင်ငံသားတွေလား ဘယ်သူတွေလဲဆိုတာ သွားစစ်ခဲ့ပါတယ်၊ ကလေး ၂ ယောက်ပါပါတယ်၊ အသက် ၁၈ နှစ်အောက်ဖြစ်တဲ့အတွက် ကလေးထိန်းသိမ်းရေးစခန်းကို ပို့လိုက်ပြီ”

ဖမ်းဆီးရမိထားတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့ဖို့စီစဉ်နေတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်သူတွေကိုလည်း ထိုင်းနယ်ခြား စောင့်တပ်ဖွဲ့က လိုက်လံရှာဖွေနေတယ်လို့လည်း သိရပါတယ်။

RFA Burmese


ပုပ် Francis နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
မြန်မာ့ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အီတလီနိုင်ငံခြားရေး ဝန်ကြီး Emma Bonino တို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမြင်ကွင်း။(အောက်တိုဘာ ၂၈၊ ၂၀၁၃)
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်တွေကို အီတလီနိုင်ငံက ထောက်ခံကူညီသွားမှာဖြစ်သလို နှစ်နိုင်ငံစီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း အီတလီအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့ပါတယ်။ အီတလီနိုင်ငံကို ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီအစိုးရ၊ လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးရာမှာ ပြောဆိုခဲ့တာပါ။ ဒီကနေ့မှာပဲ ဗာတီကန်ကျောင်းတော်မှာ ပုပ်ရဟန်းမင်းကြီးနဲ့ပါ တွေ့ဆုံခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အီတလီခရီးစဉ် နောက်ဆုံး အခြေအနေကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ အီတလီသမ္မတအပါအဝင် ၀န်ကြီးချုပ် Enrico Letta နဲ့ တွေ့ဆုံခဲ့ပါတယ်။ အီတလီနိုင်ငံရဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ အချက် ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး အပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။ အီတလီဝန်ကြီးချုပ် Enrico Letta ကလည်း မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို သူ့အနေနဲ့ ထောက်ခံတယ် လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ၀န်ကြီးချုပ်ရုံးရဲ့ပြောခွင့်ရ အမျိုးသမီးကလည်း သူတို့နှစ်ဦး တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

“၀န်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့တဲ့ အချက်တွေထဲမှာ မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ အင်နဲ့အားနဲ့ ဆောင်ရွက်နိုင်ဖို့ အီတလီနိုင်ငံက ကူညီပံ့ပိုးပေးသွားမယ့်ကိစ္စပါဝင်ပါတယ်။ ဒါ့အပြင် အီတလီနိုင်ငံ Milan မှာ ကျင်းပမယ့် ၂၀၁၅ ခုနှစ်၊ ကမ္ဘာ့ကုန်စည်ပြပွဲကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ၀န်ကြီးချုပ်က ဖိတ်ကြားခဲ့ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး Emma Bonino ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူနဲ့အတူ စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးနဲ့ ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်းနဲ့ မြန်မာ့ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆောင်ရွက်ချက်တွေကို အီတလီနိုင်ငံအနေနဲ့ ထောက်ခံ ကူညီသွားမှာဖြစ်သလို နှစ်နိုင်ငံစီးပွားရေး အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း ဖော်ပြထားပါတယ်။

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီလွှတ်တော်ကို သွားရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဗာတီကန်ကျောင်းတော်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို တနင်္ဂနွေနေ့မှာ ရောက်ပြီးတော့ ညပိုင်းမှာတော့ ရောမမြို့ရဲ့ မြို့တော်ခန်းမမှာ ရောမမြို့ကနေ ပေးတဲ့ ဂုဏ်ထူးဆောင်မြို့သူဆုကို လက်ခံယူခဲ့တာပါ။

ဒီဆုကို လက်ခံရယူခဲ့တာနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ (၃၀) ရက် ဗုဒ္ဓဟူးနေ့၊ စိန့်လူစီးယား Saint Lucia ခန်းမမှာ လူထုပရိသတ်ကို မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်း အော်လာ မက်ဂ်နာ (Aula Magna) မှာ ဂုဏ်ထူးဆောင် တွေးခေါ်ပညာရှင်ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူမှာဖြစ်ပါတယ်။

အင်ကြင်းနိုင် (ဗွီအိုအေ)


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှာ ထိုင်းကုမ္ပဏီတခုက လာပြီး ကျောက်မီးသွေးတူးဖော်ရေး နဲ့ စက်ရုံ တည်ဆောက်မယ့် စီမံကိန်းကို ဒေသခံတွေ ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြဖို့ စီစဉ်နေပါတယ်။

သူတို့ဒေသမှာ ကျောက်မီးသွေး စီမံကိန်းလာလုပ်ရင် အနည်းဆုံး ရွာ ၂ ရွာ ဖယ်ပေး ရမှာဖြစ်သလို ရွာပေါင်း ၈ ရွာက လုပ်ကိုင်စားသောက်နေတဲ့ လယ်မြေဧက ၅၀၀ နီးပါး ဆုံးရှုံးမှာ ဖြစ်တဲ့အတွက် ဒီစီမံကိန်းကို ကန့်ကွက်နေကြတာဖြစ်ပါတယ်။

ရွာသားအားလုံးရဲ့ သဘောဆန္ဒကို မေးမြန်းဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက မိုင်းလပ်ကျေးရွာအုပ်စု ၀မ်တောင်းရွာ ဘုန်းကြီးကျောင်းမှာ  စုဝေးခဲ့ပြီး  မြို့နယ်ထဲမှာရှိတဲ့ နိုင်ငံရေးပါတီအဖွဲ့တွေကိုပါ ဖိတ်ကြားခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးစိုင်းဝင်းမြင့်က ပြောပါတယ်။

“စစ်တမ်းကောက်တဲ့ အချိန်မှာ အကုန်လုံး ဘယ်သူမှ မရွှေ့ချင်ကြဘူး။ ရွှေ့မယ်ဆိုရင် ဘယ်မှာရွှေ့ရမှန်းလည်း မသိဘူး။ ဘယ်မှာ သွားရမှန်းလည်း မသိဘူး။ အဲဒီတော့ လက်ရှိ အခြေအနေအရဆိုရင် ရွာသားအားလုံးက ဆန့်ကျင်ကြတယ်။ သူတို့က မရွှေ့ပြောင်းချင်ဘူး။ အဲဒီ ကျောက်မီးသွေးစက်ရုံကိုလည်း ပေးမလုပ်ချင်ဘူး။ ဒါပေမယ့် သက်သေ သာဓက အနေနဲ့  ဆိုလို့ရှိရင်တော့ လက်မှတ်ကသာလျှင် အသိသက်သေဖြစ်နေတာကိုးဗျ။ ဒါကြောင့်မို့လို့ ကျနော်တို့က စာရွက်ဖြန့်ပြီးတော့ လက်မှတ်ကို တရွာဝင်တရွာထွက် အဲဒီ ၈ ရွာစလုံးကို ကန့်ကွက် စာရင်း လုပ်ထားပါတယ်။ လက်မှတ်စုဆောင်းတဲ့နေရာမှာလည်း အသက် ၁၈ ပြည့်တဲ့ သူတွေ အားလုံးကို လက်မှတ်စုဆောင်းနေပါတယ်။”

လက်မှတ်တွေ စုဆောင်းပြီးရင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တင်ပြဖို့ရှိကြောင်း၊ မြို့နယ်ရုံးက ဘာမှ မဆောင်ရွက်ပေးနိုင်ရင် ပြည်နယ်အစိုးရ၊ နေပြည်တော်လွှတ်တော်ရုံး စသဖြင့် အဆင့်ဆင့်တင်ပြသွားမယ်လို့ ဆိုပါတယ်။

ရွာသားတွေ ပြောပြချက်အရ  ဆွေးနွေးပွဲမတိုင်ခင် အောက်တိုဘာ ၂၀ ရက်က  ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ လ၀က ၀န်ထမ်းတွေ ကိုယ်တိုင် ရွာထဲရောက်လာပြီး  ကျောက်မီးသွေးစီမံကိန်း လုပ်ဖို့ သဘောတူကြောင်း လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ရွာသားတွေက ဖယ်ပေးရမယ့် မြေတွေအတွက် လျော်ကြေးကိစ္စ၊ ပြောင်းရွှေ့နေရာ ချထားရေး နဲ့ အစားထိုးလုပ်ငန်းတွေကိစ္စ မေးမြန်းတဲ့အခါမှာ အာဏာပိုင်တွေဘက်က ဘာမှ ရေရေရာရာ မဖြေနိုင်တဲ့အတွက် ဘယ်သူမှ လက်မှတ်မထိုးရဲကြဘူးလို့ ဦးစိုင်းဝင်းမြင့်က ပြောပါတယ်။

စီမံကိန်းကြောင့် လယ်ယာမြေတွေ ဆုံးရှုံးမယ့်အပြင် ကျောက်မီးသွေးစက်ရုံက အငွေ့အသက်တွေကြောင့် သဘာဝပတ်ဝန်း-ကျင် ညစ်ညမ်းလာမှာ စိုးရိမ်မကင်းဖြစ်ကြောင်း၊ ရွာသားတွေက လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း ကျားဖြူပါတီကနေတဆင့် သက်ဆိုင်ရာကို တိုင်ကြားထားပြီး ဖြစ်ပေမယ့် ခုလို စီစဉ်နေတာလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ကျိုင်းတုံမြို့နယ်ထဲမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ လားဟူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ၀ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ အစရှိတဲ့ ပါတီတွေက  ကိုယ်စားလှယ်တွေပါ ဖိတ်ကြားခဲ့ပြီး ရွာသားတွေက  သူတို့အခက်အခဲတွေ တင်ပြခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ရွာပေါင်း ၈ ရွာက ဒေသခံတွေနဲ့ နိုင်ငံရေးပါတီ ၅ ခုက ကိုယ်စားလှယ်တွေရော၊ သတင်းရဲတပ်ဖွဲ့ (အက်စ်ဘီ)၊ စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း လူ ၃၀၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ဦးစိုင်းဝင်းမြင့်က ပြောပါတယ်။

ဒီကျောက်မီးသွေးတူးဖော်ထုတ်လုပ်ခြင်း နဲ့ စက်ရုံတည်ဆောက်ခြင်း စီမံကိန်းကို ထိုင်းနိုင်ငံ လမ်ပွန်းဒန် ကုမ္ပဏီလီမိတက်က ဆောင်ရွက်မှာဖြစ်ပြီး စီမံကိန်း ဧရိယာထဲမှာ ၀မ်တောင်း နဲ့ ၀မ်ကျွမ် ရွာ ၂ ရွာပါ ပါဝင်ကြောင်း၊ စက်ရုံတည်ဆောက်ရင်တော့ ဒယ်အိုးပုံစံလိုဖြစ်နေတဲ့ ကျိုင်းတုံမြို့ပါ မီးခိုးမှိုင်းတွေ ရောက်လာနိုင်ကြောင်း ကျိုင်းတုံ ရပ်မိရပ်ဖ တဦးက ပြောသွားပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)
ပဲခူးမြို့၊ ဟံသာဝတီ ရပ်ကွက်ရှိ ဇောင်းတူရိပ်သာတွင် (၂၈.၁၀.၂၀၁၃)နေ့ နံနက်(၁၀း၀၀)အချိန်က  ပဲခူးတိုင်းဒေသကြီး၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီး ဌာန ၀န်ကြီး ဦးဘေဘီအုန်း နှင့် အဖွဲ့ မှ လျှပ်စစ် ဓါတ်အားခနှုန်းထား ပြင်ဆင်ကောက်ခံရန် ကိစ္စရှင်းလင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို  မြို့ပေါ်ရှိ ရပ်ကွက် အုပ်ချုပ်ရေး မှူးများနှင့် စက်ရုံအလုပ်ရုံများမှ တာဝန်ရှိ
သူများ စုစုပေါင်း အင်အား(၈၀)ခန့် တက်ရောက်ခဲ့ကြ ပါတယ်။

ရှင်းလင်းပွဲမှာ တိုင်းလျှပ်စစ် အင်ဂျင်နီယာချုပ် ဦးအောင်မြင့်မှ ဓါတ်အားခ တိုးမြှင့်ကောက်ခံရခြင်းနှင့် လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲမှုများ အကြောင်းကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးခဲ့ပြီး လျှပ်စစ်ဓါတ်အား ဖြန်ဖြူးရာတွင် လိုအပ်ချက်များရှိပါက တင်ပြတောင်းဆိုနိုင်ကြောင်းကို ဆွေးနွေးပြော ဆိုခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးမှ လျှပ်စစ်ဓါတ်အားခ ပေးဆောင်ရာတွင် နောက်ကျ၍ ပဲခူး မြို့နယ်လျှပ်စစ်ရုံးသို့လာရောက်ပေးဆောင်ရာ ငွေကောက်ခံသည့် ကောင်တာမှာ တစ်ခုတည်းရှိသည့် အတွက် ပြည်သူများတန်းစီပြီးဓါတ်အားခများ ပေးဆောင်နေရသဖြင့် ဓါတ်အားခ ကောက်ခံသည့် ကောင်တာများ တိုးချဲ့ကောက်ခံပေးပါက လျှပ်စစ်ဓါတ်အားခ ဆောင်သူပြည်သူများ အချိန်တိုအတွင်း ဓါတ်အားခများ ပေးဆောင်နိုင်မည်ဖြစ်ကြောင်း တင်ပြတောင်းဆိုခဲ့ရာ တိုင်းလျှပ်စစ်အင်ဂျင်နီယာမှ ယခုလအကုန်တွင်ကောင်တာများကို ထပ်မံတိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း ပြောဆို ခဲ့ပြီး ဆွေးနွေးပွဲအား နေ့လည်(၁၂း၀၀)အချိန်တွင်ပြီးဆုံးသွားကြောင်း သိရပါတယ်။

ကိုသန့် ဇင်

by Myanmar News Now
ပဲခူးတွင် လျှပ်စစ်ဓါတ်အားခနှုန်းထားပြင်ဆင် ကောက်ခံရန်ကိစ္စရှင်းလင်းပွဲကျင်းပ



၂၈ အောက်တိုဘာ ၂၀၁၃။

မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေကို နိုင်ငံတကာအဆင့်မီ စမတ်ကတ်အဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့ ပန်းရောင် နိုင်ငံသားစိစစ်ရေးကပ်ပြာတွေဟာ အလွယ်တကူ ပျက်စီးနိုင်ပြီး ပုံစံတူ မှတ်ပုံတင်အတုတွေ ပြုလုပ်နိုင်ခြေရှိတဲ့အတွက် နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေအဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး နောက်ပိုင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ စမတ်ကတ်တွေ ပြောင်းလဲထုတ်ပေးနိုင်အောင် စီစဉ်နေတာလို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီဌာန ညွှန်ကြားရေးမှူး ဦးကြည်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“၂၀၁၄ သန်းခေါင်စာရင်းပြီးရင် အဓိကကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲစာရင်းပြုစုတဲ့ အခါမှာ မထပ် မကျန်အောင် လူစာရင်းတွေ ပါအောင် အထောက်အကူပြုမှာပါ။ လူဦးရေ အပေါ်မှာ ထပ်ပြီးရလာမယ့် အကျိုးအကျေးဇူး အားလုံး၊ ၀န်ကြီးဌာနအားလုံးကို အထောက်အကူ ပြုနိုင်မယ်။ နိုင်ငံတော်အတွက်လည်း အထောက်အကူပြုမယ်။ စိစစ်ရေး ကတ်ပြားတွေ စမတ်ကတ်တွေ ဖြစ်လာမယ်။ နောက် ပီအာရ် စနစ်တွေ ဆက်တိုက်လာမှာပေါ့။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ကြွယ်ဝချမ်းသာမှုအပေါ်မှာ မူတည်တာပေါ့။ လုပ်ပေးနိုင်တဲ့ အချက်အလက်တွေ အများကြီးထုတ်ထားပြီးပြီ။ နိုင်ငံတိုင်းမှာ စမတ်ကတ်တွေပဲ သုံးတော့တယ်။ ရေစိုပျက်တာတို့ ဘာတို့ သက်သာတယ်။ တာရှည်ရေရှည်အသုံးပြုနိုင်တယ်။”

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ အပါအ၀င် ဒေသတွင်းနိုင်ငံတွေမှာ မှတ်ပုံတင်ကတ်ပြားတွေကို ကွန်ပျူတာစနစ်သုံး စမတ်ကတ်တွေအဖြစ် အသုံးပြုနေတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကတ္ထူစက္ကူနဲ့ လုပ်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကိုပဲ အသုံးပြုနေကြတာပါ။

ရန်ကုန်မှာ စမတ်ကတ်တွေ လုပ်ပေးနေတဲ့ ဒစ်ဂျစ်တယ် ကောဒစ် ကုမ္ပဏီပိုင်ရှင် ဦးအောင်သပြေကတော့ အချက်အလက်တွေ ထည့်သိမ်းဆီးထားနိုင်တဲ့ နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေကို သုံးသင့်တယ်လို့ ပြောပါတယ်။

“လုပ်မယ်ဆိုရင် အကောင်းဆုံးကတော့ တကယ့် စမတ်ကတ်အစစ် အချက်အလက်တွေလည်း ထည့်ထားရမယ်။ နိုင်ငံတော် ဗဟိုအဆင့်မှာ ပြည်သူလူထုရဲ့ အချက်အလက်တွေကို ထည့်ထားမယ်။ ဒါတွေကို တိုက်ဆိုင်စစ်ဆေးမယ်၊ အဲဒီအဆင့်ထိ လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မြန်မာပြည်မှာ အခု မှားယွင်းနေတာက ဘာမှ ကွန်ပျူတာနဲ့ သုံးလို့မရတဲ့ ပလတ်စတစ်ကတ်ကို စမတ်ကတ်လို့ ခေါ်နေတာက မှားယွင်းနေတာပေါ့။ သူတို့ ပြောတဲ့စမတ်ကတ်ဟာ ရိုးရိုး ပလတ်စတစ်ကတ်ပဲလား၊ ကွန်ပျူတာလုံခြုံရေးစနစ်တွေနဲ့ သုံးနေတဲ့ မခွဲခြားနိုင်လို့ ဖြစ်မှာပေါ့။”

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေပေါ်ပြီးနောက်ပိုင်း ၁၉၈၅ ခုနှစ်ကစပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခဲ့တာဖြစ်ပြီး မြန်မာတနိုင်ငံလုံးအတိုင်အတာနဲ့ ကတ်ပြားပေါင်း ၃၉ သန်းကျော် ထုတ်ပေးထားတယ်လို့ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် လက်ရှိလူဦးရေ စာရင်းအတိအကျကိုတော့ လာမယ့်နှစ် မတ်လမှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မှုအပြီးမှာမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

မျိုးဇော်လင်း (ဒီဗွီဘီ)
 



ဆော်ဒီအာရေးဗီးယား နိုင်ငံတစ်ဝန်းတွင် အမျိုးသမီး များ ကားမောင်းနှင်ခွင့် ပိတ်ပင် ထားမှုကို ဆန့်ကျင်ကာ အောက် တိုဘာ ၂၆ရက်တွင် အမျိုးသ မီး ၆ဝကျော် ကားမောင်းနှင်ခဲ့ ကြသော်လည်း ရဲများက တားဆီးမှု အနည်းအကျဉ်းသာရှိခဲ့ကြောင်း သိရသည်။ အမျိုးသမီးများ ကားမောင်း နှင်သင့်ကြောင်း မက်ဆေ့ခ်ျဖြင့် မဲဆွယ်မှုများ ပြုလုပ်ခဲ့သည်။ ထို သို့ဖြစ်ပွားရခြင်းသည် အမျိုးသမီး များအပေါ် တင်းကျပ်သောစည်း မျဉ်းများ ချမှတ်ခြင်းကြောင့်ဖြစ်ပြီး ဆော်ဒီအသိုင်းအဝိုင်းတွင် အမျိုး သမီးများကို ကားမောင်းနှင်ခွင့်ပြု သင့်ကြောင်း ဝေဖန်သူများက သတိပေးခဲ့သည်။

အမျိုးသမီးများ သည် အာဏာပိုင်များက လိုင်စင် မထုတ်ပေးသဖြင့် နိုင်ငံခြားမှ ကား မောင်းလိုင်စင်ရယူကာ အောက် တိုဘာ ၂၆ရက်က ကားမောင်းနှင် ခဲ့ကြကြောင်း အတိုက်အခံများ က ပြောသည်။ ဆန္ဒပြသော အဖွဲ့အစည်းမှ ဗီဒီယိုဖိုင် ၁၃ခု နှင့် အမျိုးသမီးများထံမှ ဖုန်းမက် ဆေ့ခ်ျ ၅ဝခန့် လက်ခံရရှိခဲ့ကြ ကြောင်း သိရသည်။ အဆိုပါဗီဒီယိုဖိုင်များတွင် မိမိကိုယ်တိုင် ကားမောင်းခဲ့သော အမျိုးသမီးများ၏ပုံရိပ်များပါဝင် ကြောင်း King Saud တက္ကသိုလ် မှ ပါမောက္ခအေဇီ ဇာယူဆက်ဖ် နှင့် တခြားအတိုက်အခံများက ပြောခဲ့သည်။

အသက် ၃၂နှစ်အရွယ် အမျိုးသမီး အယ်ဆော်ယမ် သည် မိမိကိုယ်တိုင်ကားမောင်း ပြီး စတိုးဆိုင်ကို သွားခဲ့သည့်ပုံကို့ You Tube တွင် အတိုက်အခံ များက လေးမိနစ်စာတင်ခဲ့သည်။ ထိုဗီဒီယိုဖိုင်အတွက် အဖမ်းခံရ မည်ဆိုပါက အဆင်သင့်ပြင်ဆင် ထားခဲ့ကြောင်း သူမက ပြောခဲ့ သည်။ ''ကျွန်မ ကားမောင်းတဲ့ အတွက် ဘာမှ ပြဿနာမဖြစ်ခဲ့ တဲ့အတွက် ဝမ်းလဲသာတယ်။ ဂုဏ်လဲယူမိပါတယ်''ဟု သူမက ပြောခဲ့သည်။

Ref-BBC
Yangon Media Group
 



ရန်ကုန်၊ အောက်တိုဘာ ၂၇

ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက်အရ အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ အပ်နှံခွင့်ပြုထားသော ‘အ’ အက္ခရာ မော်တော်ယာဉ်များမှာ ကျပ်သိန်း ၁၁၀ ဝန်းကျင်တွင် အရောင်းအဝယ် ဖြစ်နေကြောင်း ဟံသာဝတီ အခြေစိုက် ယာဉ် ဝယ်ရောင်း အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။
“ ‘အ’ အက္ခရာယာဉ်တွေ လွန်ခဲ့တဲ့လက ၉၀ ကျော်ဝန်းကျင် ရှိခဲ့ပြီးတော့ ကားလက်ခံတဲ့နေ့က ငါးသိန်း ဝန်းကျင်လောက် ချက်ချင်း ဈေးတက်သွားတယ်။ အခု လက်ရှိပေါက်ဈေး ၁၀၈ သိန်း ဝန်း ကျင်လောက် ရှိနေတယ်။ ဈေးမြှင့်နေတော့ အရောင်းအဝယ်အေးတယ်” ဟု အဆိုပါ ‘အ’ အက္ခရာယာဉ် ဈေးကွက် အခြေအနေကို လုပ်သက်ရင့် မော်တော်ယာဉ် ဝယ်ရောင်းတစ်ဦးဖြစ်သည့် ဦးလှမျိုးက သုံးသပ်သည်။

‘အ’ အက္ခရာယာဉ်များမှာ ၁၀၇ သိန်းခန့်ပေးကာ တစ်ပြိုင်နက် ၁၀ စီးခန့် ဝယ်လိုသူတစ်ဦးကို ယမန်နေ့က တွေ့ခဲ့ရသော်လည်း အရောင်းမရှိသဖြင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း၊ ‘အ’ အက္ခရာ ယာဉ်များမှာ ယခင်ကတည်းက ကုမ္ပဏီများနှင့် ကြိုရောင်းမှုများ ရှိသဖြင့် လက်ရှိအချိန်တွင် လက်ကျန်နည်းကြောင်း ကားပွဲစား တစ်ဦးဖြစ်သူ ဦးသိန်းဖေက ၎င်း၏ အမြင်ကို ပြောကြားသည်။

‘အ’ အက္ခရာ မော်တော်ယာဉ်ဟောင်းများ အပ်နှံမှုကို ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနများတွင် အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ သွားရောက် အပ်နှံနိုင်ပြီ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အထက်ပါ ယာဉ်အို ယာဉ်ဟောင်းများ ဖျက်သိမ်း၍ အစားထိုး တင်သွင်းခြင်း စီမံချက် စတင်ဆောင်ရွက်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့အထိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံမှု စုစုပေါင်း ၉၄,၁၆၈ စီး ရှိပြီ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၏ စာရင်းအရ သိရှိရသည်။

The Voice Weekly
 



ဘင်္ဂလာဒေခ်ျ့မှ စက်လှေ တစ်စီးဖြင့် ၀င်ရောက်လာသူ အနည်းဆုံး လူ ၁၈ ဦးကို ရသေ့တောင်မြို့နယ် တွင် သက်ဆိုင်ရာ နယ်မြေခံ စစ်တပ် တပ်ရင်း တစ်ခုက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ရသေ့တောင်မြို့နယ် တောင်ပိုင်း ချိန်ခါလီရွာတွင် လွန်ခဲ့သော တနင်္ဂနွေနေ့ နံနက် စောစောပိုင်း ညဥ့်အချိန်တွင် ဖမ်းမိခြင်း ဖြစ်ကြောင်း  ရသေ့တောင်မြို့နယ် လောင်းချောင်းရဲစခန်းမှူးက အတည်ပြု ပြောကြားသည်။

“ ကျနော်ရသလောက် သတင်းကို ပြောရရင် စုစုပေါင်း ၁၈ ဦး ဖမ်းမိပါတယ်။ ဘင်္ဂလာကလည်း ပါတယ်။ မြန်မာဘက်ကလည်း ပါတယ်။ သူတို့  ဘာကြောင့်ဝင်လာသလဲ ဆိုတာတော့ အဖမ်းခံရတဲ့ သူတွေ ကျနော်တို့ စခန်းကို မရောက်သေးတဲ့ အတွက် တိတိကျကျ ပြောလို့ မရသေးဘူး” ဟု ဆိုသည်။

ပင်လယ်ပြင်တွင် ရာသီ ဥတု ဆိုးဝါးမူကြောင့် ၀င်ရောက်လာပုံရကြောင်းနှင့် ယခုအခါ လောင်းချောင်းရဲစခန်းသို့ ဖမ်းဆီးရမိသူများကို ယူဆောင်လာနေကြောင်း သူက ဆက်လက် ပြောဆိုသည်။

ချိန်ခါလီ ဒေသခံ တစ်ဦးကမူ ယမန်နေ့ နံနက် ၈ နာရီထိ ဖမ်းဆီးရမိသူမှာ စုစုပေါင်းမှာ ၂၁ ဦးဖြစ်ကြောင်း၊ ထိုအထဲတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၁၂ ဦးနှင့် မောင်တောမှ မွတ်ဆလင် ၉ ဦး ပါဝင်ကြောင်း ပြောကြားသည်။

“ စက်လှေ တစ်စီး ဆိပ်ကပ်လာတော့ ကျနော်တို့ ရွာသားတွေက စစ်တပ်ကို အကြောင်းကြားတယ်။ စစ်တပ်နဲ့ ရွာသားတွေ ၀ိုင်းဖမ်းတော့ လူပေါင်း ၂၁ ဦး ဖမ်းမိပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးမိသူများကို စစ်ဆေးသောအခါ စက်လှေပေါ်တွင် ဘင်္ဂလာဒေ့ခ်ျမှ လူပေါင်း ၁၈၀ လိုက်ပါ လာကြောင်း၊ စက်လှေ ဆိပ်ကပ်ပြီးချင်း ချိန်ခါလီ/ကိုးတန်ကောက် နယ်မြေထဲသို့ ၎င်းသူများ ဝင်ရောက် ထွက်ပြေးသွားကြသည်ဟု ပြောဆိုကြောင်း ရွာသားက ဆိုသည်။

ယခုအခါ စစ်တပ်၊ ရဲနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများက ထွက်ပြေးသွားသူများကို ပူးပေါင်း ရှာဖွေလျှက် ရှိကြကြောင်း သိရှိရပါသည်။

ယခု ဘင်္ဂလာဒေခ်ျ့မှ ၀င်ရောက်လာသူများကို ဖမ်းဆီးမိသော ချိန်ခါလီ ဒေသသည် ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း မယူကမ်းတွင် တည်ရှိပြီး ဘင်္ဂလာဒေခ်ျ့နှင့် နီးကပ်စွာ တည်ရှိသည်။

(နိရဉ္စရာ- ၂၈ အောက်တိုဘာ ၂၀၁၃)
 



ဆက်သွယ်ရေးအော်ပရေတာ တင်ဒါအောင်ပြီး မြန်မာပြည်မှာ မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရထားတဲ့ နော်ဝေအခြေစိုက် တယ်လီနော မြန်မာ ကုမ္ပဏီဟာ ပြည်တွင်းမှာ ခန့်ထားမယ့် အလုပ်တွေအတွက် အလုပ်စတင် ခေါ်ယူနေပြီ ဖြစ်ပါတယ်။

အရောင်းမန်နေဂျာတွေ၊ ဒေသခံ အရောင်းအရာရှိတွေ၊ ပြည်နယ် ၇ ခုနဲ့ တနင်္သာရီတိုင်းအတွက် ဌာနေ ဆက်သွယ်ရေးအရာရှိ တာဝန်တွေအတွက် အလုပ်ခေါ်ယူနေတာ ဖြစ်ပါတယ်။

တယ်လီနောရဲ့ အလုပ်ခေါ်တဲ့ ကြေညာချက်ထဲမှာ သက်ဆိုင်ရာလုပ်ငန်းအလိုက် လိုအပ်တဲ့ အရည်အချင်းတွေ ဖော်ပြထားပြီး အီးမေးလ်ကနေ လျှောက်ထားရမယ် ဖြစ်ပါတယ်။

လျှောက်ထားလို့ ပမာဏ ရွေးချယ်ခံရသူတွေကို ပြန်ပြီး အကြောင်းကြားမယ်လို့လည်း
ကြေငြာချက်မှာ ပါဝင်ပါတယ်။

အလုပ်အကိုင်တွေအတွက် တယ်လီနောရဲ့ ၀က်ဆိုက်ဒ် www.telenor.com/myanmar
မှာ ၀င်ရောက် လေ့လာနိုင်ပြီး အလုပ်အတွက် လျှောက်ထားရမယ့် အီးမေးလ်လိပ်စာကတော့
hr.myanmar@telenor.com ဖြစ်ပါတယ်။

by ဒီဗွီဘီ


ရန်ကုန်တိုင်းဒေသကြီး၊ မြို့ပြမြေ ဈေးနှုန်းကြီးမြင့်မှုနှင့် ကျေးလက်နေပြည် သူများ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းပေါ် ပေါက်ပြီးနောက်တွင်အလုပ်အကိုင်အခက် အခဲရှားပါးလာမှုကြောင့် ရန်ကုန်မြို့ပေါ် သို့ အလုံးအရင်းနှင့်ရောက်ရှိလာပြီး ကြုံ ရာကျပန်းလုပ်ကိုင်စားသောက်အခြေချ လာကြသလို၊ လယ်ရောင်း၊ ခြံရောင်းပြီး နိုင်ငံရပ်ခြားအလုပ်ထွက်လုပ်ရန်အတွက် မြို့ပေါ်သို့ ပြောင်းရွှေ့နေရာယူလာမှု ကြောင့် အိမ်ခြံမြေငှား/ရောင်းဈေးကွက် အခြေပြု၍ အိမ်မြေဈေးများမြင့်တက် လာခဲ့ပါတယ်။

အလုပ်အကိုင်ရှားပါးမှုနှင့် အိမ်ခြံ မြေဈေးမြင့်တက်မှုကို အကြောင်းပြု၍ ယခုအခါ မြို့နယ်အချို့တွင် အထပ်မြင့် အဆောက်အအုံများ အပြိုင်အဆိုင်ထွက် လာတာတွေ့နေရပါတယ်။ ကျွန်တော် နေထိုင်ရာ မြို့နယ်အတွင်းမှာ မြို့ပြမြေ ယာအကွက်ရိုက်ထားမှုမှာ ပေ ၄၀x ပေ ၆၀ မြေကွက်များရှိသလို ပေ ၂၅x ပေ ၅၀ မြေကွက်များတည်ရှိနေပါတယ်။ ပေ ၂၅x ပေ ၅၀ မြေကွက်ပေါ်မှာရှိတဲ့ အိမ် လုံးချင်းများနှင့် ပေ ၄၀x ပေ ၆၀ မြေ ကွက်များပေါ်မှာရှိတဲ့ အိမ်တချို့ဟာ ယိုယွင်းပျက်စီးနေမှုကို ကိုယ်ပိုင်ဝင်ငွေ ဖြင့် ပြုပြင်ထိန်းသိမ်းဖို့ အခက်အခဲများ ကြုံတွေ့နေရမှုကို အကြောင်းပြုပြီး ကန် ထရိုက်များနှင့် ငွေကြေးတတ်နိုင်သူများ ကမြေကွက်ဝယ်ယူအထပ်မြင့်အဆောက် အအုံဆောက်သလို ကန်ထရိုက်နှင့် တစ် ခြမ်းပေးတစ်ခြမ်းယူ၊ အခန်းပေးအခန်းယူ တည်ဆောက်ဖို့စာချုပ်ချုပ်ဆိုလာကြရာ မှာ ပေါ်ပေါက်လာတဲ့ပြဿနာတွေကို အခြေပြုပြီး တင်ပြလိုက်ပါရစေ။

ဒီလိုစာချုပ်ချုပ်ဆိုရာမှတစ်ဆင့် ပေါ်ပေါက်နေတဲ့ ပြဿနာတွေကတော့ အမျိုးမျိုးအဖုံဖုံဖြစ်ရပ်ကယ်စုံလို့ပြောရမှာ ပါ။ တချို့ကောင်းမွန်တဲ့ကန်ထရိုက်များ ကဥပဒေနှင့်အညီဆောင်ရွက်တဲ့အတွက် ပြဿနာမရှိဘဲ ချောမွေ့အဆင်ပြေကြ သလို လူလည်/လိမ်ကန်ထရိုက်များနဲ့ စာချုပ်ချုပ်ထားသူတချို့ ကြုံတွေ့နေရ တာကတော့ အခန်းပေးအခန်းယူပြောင်း ရွှေ့စရိတ် ကျပ်သိန်း ၂၀၊၃၀၊၅၀၊၁၀၀ မှ လမ်းမတန်းဆိုလျှင် သိန်း ၄၀၀ ကျပ်ထိ ဈေးပေါက်ပါတယ်။ ဆင်းရဲရိုးသားမှုကို အကြောင်းပြုလို့ ဥပဒေဖြင့် လက်တစ်လုံး ခြားလုပ်ဆောင်ရွက်မှုက (၁) နှစ်ကျော်၊ (၂) နှစ်အထိ အဆောက်အအုံမဆောက် သေးတဲ့အတွက် စာချုပ်ပါစည်းကမ်း ဖောက်ဖျက်မှုနှင့် တရားစွဲရန်ကိစ္စ မဖြစ် ပေါ်အောင် နောက်ကွယ်မှ ဥပဒေအကြံ ပေးသူရဲ့ စီမံဆောင်ရွက်စနစ်ကျမှုနဲ့ မြေရှင်နစ်နာမှုကတော့ စာချုပ်ချုပ်ဆို ရာတွင် ကန်ထရိုက်က အသာစီးရယူထား မှုမှာ အုတ်မြစ်ချသည့်နေ့မှ (၁၂) လ အတွင်း ပြီးစီးအောင်ဆောက်လုပ်ပေး မည်ဆိုတာပါပဲ။ အုတ်မြစ်ကို ဘယ်ရက် တွင် စတင်ဆောင်ရွက်မည်ဆိုတာ မပါရှိ တဲ့အတွက် တရားစွဲလို့ မရတာပါ။ အဆောက်အအုံတည်ဆောက်ဖို့မြေရှင် ဆောင်ရွက်ရမယ့်ကိစ္စတွေ ဆောင်ရွက် ပြီးသော်လည်းကန်ထရိုက်မပေါ်လာတဲ့ အတွက် ဆက်လက်ငှားရမ်းနေထိုင်မှု အခက်အခဲကြုံတွေ့နေရတာပါပဲ။

နောက်တစ်မျိုးကတော့ မြေရှင် ကျေနပ်လောက်အောင်အုတ်မြစ်ချထား ပြီး အခန်းတွေကို ကြိုပွိုင့်စနစ်နဲ့အရစ် ကျငွေအလီလီရယူထားပြီး ဆက်လက် တည်ဆောက်ခြင်းမရှိတဲ့အတွက်တရား စွဲဆိုမှုပါ။ အဆောက်အအုံဆောက်ရန် ဆောင်ရွက်တဲ့အခါမူလအိမ်ဟောင်းဖျက် ခွင့်တင်ချိန်မှာ ဖျက်ပြီးနေပါပြီ။ဖျက်ခွင့် ကျလာချိန်မှာ အုတ်မြစ်ချပြီးနေပါပြီ။ ဆောက်ခွင့်ပြုတဲ့ အထပ်မြင့်ထက်ပို ဆောက်ပြီး ဆောက်ခွင့်ကျလာချိန်မှာ လူတက်ရောက်နေထိုင်နေပါပြီ။ လူနေ ထိုင်ခွင့်ကျသည့်အချိန်ထိစောင့်ဆိုင်းမနေ တော့ပါပဲ တက်ရောက်နေထိုင်ပြီးမှ ရေ ယိုလို့၊ တံခါးဖွင့်ပိတ်မရလို့၊ နောက်ဖေး လှေကားမပါလို့ ဥပဒေအရ အရေးယူ ဒဏ်ရိုက်တဲ့အခါမှာကန်ထရိုက်မရှိတော့ ပါဘူး။အခြားလုပ်ကွက်တစ်ခုကိုရောက် သွားပြီးမြေရှင်တရားစွဲဒဏ်ရိုက်ခံရမှုပါ။

ဒီလိုမျိုးကိစ္စတွေဖြစ်ပေါ်ရတာဟာ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး ကော်မတီအုပ်ချုပ်ရေးမှူးနဲ့ ၀န်ထမ်း တွေရဲ့ ဥပဒေနှင့်အညီဆောင်ရွက်မှု အားနည်းချက်ကြောင့်ဆိုရင်မှားမယ်မထင် ပါဘူး။ ခွင့်ပြုချက် အရပ်အခါ် စည်ပင် သာယာဆိုင်းဘုတ်စိမ်းမထောင်ဘဲဆောက် လုပ်နေမှုကို သိရှိလို့ ကန်ထရိုက်ကို ဒဏ်ရိုက်တဲ့ပုဒ်မ ၂၈ အရ တစ်နေ့ဒဏ်ငွေ ကျပ် ၁၀၀၀၀ နှင့် ၁၀ လစာ ကျပ်သိန်း ၃၀ ဆိုတဲ့ငွေဟာ ကန်ထရိုက်အတွက် ပြောပလောက်တဲ့ဒဏ်ကြေးမဟုတ်သလို ကန်ထရိုက်တာတွေဟာ အဆောက် အအုံအတွက် စပေါ်ငွေနဲ့ ကန်ထရိုက် လိုင်စင်စပေါ် ငွေမြင့်မားသောကြောင့် တရားမ၀င်ကန်ထရိုက်များဖြစ်လာပြီး တိုက်ကိုမြန်မြန်ဆောက်သလို အခန်းကြို ပွိုင့်ရောင်းတတ်ကြကြောင်း၊ ပြဿနာဖြစ် သောအခါဆက်သွယ်၍မရတော့ကြောင်း၊ စည်ပင်လူနေထိုင်ခွင့်ပြုချက်မရသော ကြောင့် အခန်းဝယ်သူများ နစ်နာနေ ကြောင်း၊ စက်တင်ဘာ(၁၃) ရက်၊သင်္ဃန်း ကျွန်းမြို့နယ် ထွေ/အုပ်ရုံး၌ ကျင်းပခဲ့ သော ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း အရည်အသွေးမပြည့်မီ သော အဆောက်အအုံများကို ကန်ထ ရိုက်များကဆောက်လုပ်နေပြီးအဆောက် အအုံများသည် ခွင့်ပြုချက်မရှိကြောင်း သိ ရသည့်အပြင် စည်ပင်ကခွင့်ပြုထားသော အထပ်မြင့်ထက် ပိုမိုဆောက်လုပ်ထား ကြောင်း သင်္ဃန်းကျွန်းမြို့နယ်အတွင်း တိုက် (၅၀၀) ကျော်ကို တရားစွဲဆိုထား ကြောင်း၊ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ် ထားသော သုံးထပ်တိုက်တစ်လုံးလျှင် ဒဏ်ကြေး (၈၅) သိန်း (၅) ထပ်တိုက်ဆို လျှင် ဒဏ်ကြေး (၁၆၅) သိန်း ထပ်ရိုက် မည့်အပြင် ခွင့်ပြုချက်မရှိဘဲ ဆက်လက် တည်ဆောက်နေပါက ဖျက်သိမ်းသည် အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးအတွက် အခွန် ၀င်ငွေလျော့နည်းပြီး လျော့နည်းအောင် ပြုလုပ်သူများထဲတွင် ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး မှူး၊ မြေပိုင်ရှင်၊ ကန်ထရိုက်၊ တာဝန်ယူ ဆောက်လုပ်သော အင်ဂျင်နီယာနှင့် မြို့ နယ်စည်ပင်အင်ဂျင်နီယာတို့အဓိကပါဝင် ကြောင်း သတင်းထောက် အောင်ထွန်း ရေးသားချက်ကို တွေ့ရပါတယ်။

၁၇-၁၀-၂၀၁၃ နေ့ထုတ် နူနလနည နေ့စဉ်သတင်းစာတွင် သင်္ဃန်းကျွန်းမြို့ နယ်တွင် ခွင့်ပြုသည့်အထပ်ပမာဏကို ကျော်လွန်ဆောက်လုပ်သည့်အတွက် ကျော်လွန်သည့်အထပ်ကို မဖြစ်မနေ ဖျက်ရမည့် အဆောက်အအုံ (၁၁) လုံး ရှိကြောင်း ဖတ်ရတဲ့အခါမှာတော့ ရိုး သားတဲ့ပြည်သူလူထု ကိုယ်ပိုင်ဆိုင်တဲ့ မြေပေါ်ရှိ အိမ်အိုအိမ်ဟောင်းကို မပြု ပြင်နိုင်၍ တိုက်ခန်းပေါ်နေနိုင်ရေး အတွက် ဆောင်ရွက်ရာမှာ တကယ် ကောင်းမွန်တဲ့ စည်းကမ်းစနစ်ကျတဲ့ ကန်ထရိုက်များနှင့် တွေ့ဆုံအဆင်ပြေ စေရေးနှင့် လူလိမ်ကန်ထရိုက်များရန် မှ ကင်းဝေးပါစေကြောင်း ဆုတောင်း လိုက်ရပါတယ်။      

မျိုးထွန်း(NNDP)
Hot News Journal


 

မကွေးတိုင်းဒေသကြီးဂန့်ဂေါ ခရိုင်၊ ဂန့်ဂေါမြို့နယ်သည်ရပ်ကွက်   လေးရပ်ကွက်၊ ကျေးရွာအုပ်စု ၇၁ အုပ်စု၊ ကျေးရွာပေါင်း ၁၁၃ ရွာဖြင့်ဖွဲ့စည်းထားရှိသဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူး ၇၅ ဦးရှိပြီး ယင်းတို့တွင်  အမျိုးသမီးတစ်ဦးကို ကျွေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ်မဲစနစ် ဖြင့် ရွေးချယ်တာဝန်ပေးအပ်ခံ ထားရကြောင်း သိရသည်။

အဆိုပါအမျိုးသမီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးမှာ ဒေါ်ကေ ခိုင်မျိုးအောင် (၃၀ နှစ်) ဖြစ်ပြီး ဂန့်ဂေါမြို့နယ်ကျွန်းတပ်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအဖြစ်တာဝန် ထမ်းဆောင်နေခြင်းဖြစ်သည်။ အဆိုပါကျေးရွာအုပ်စုတွင် အမျိုး သား ၁၁ ဦးနှင့် အမျိုးသမီးတစ် ဦးတို့ကိုအုပ်ချုပ်ရေးမှူးရာထူး တာဝန်အတွက် မဲစနစ်ဖြင့် ယှဉ်ပြိုင်ရွေးချယ်ရာတွင် ဒေါ်ကေ ခိုင်မျိုးအောင်မှာ အုပ်ချုပ်ရေးမှူး အဖြစ်တာဝန်ပေးအပ်ခံရသည်။  ဒေါ်ကေခိုင်မျိုးအောင်သည်မူလတန်း  ကျောင်းအုပ်ဦးမြင့်အောင်၊ ဒေါ်ခင်အုန်းတို့၏ သမီးဖြစ်ပြီူး ၁၉၈၄ ခုနှစ် သြဂုတ်လ ၅ ရက် နေ့တွင် ကျွန်းတပ်ကျေးရွာ၌ မွေးဖွားခဲ့သည်။ ပညာအရည် အချင်းမှာ B.A (Eco)  ဖြစ်ပြီး အလုပ်အကိုင်မှာဈေးရောင်းဖြစ် သည်။ အိမ်ထောင်မရှိအပျိုဖြစ် သည်။

“အုပ်ချုပ်ရေးမှူးတာဝန်ထမ်း  ဆောင်ဖို့အတွက်ဘာမှ စိုးရိမ်စရာ  မရှိဘူးဆိုပြီး ဖေဖေက အားပေး လို့အခက်အခဲမရှိဘဲ တာဝန်ထမ်း  ဆောင်နေပါတယ်။ အုပ်ချုပ်ရေး  မှူးလုပ်ဖို့မျှော်လင့်မထားပေမဲ့ အုပ်ချုပ်ရေးမှူးတာဝန်ပေးအပ်ခံ ရတဲ့အအခါရပ်အကျိုးရွာအကျိုး ဆောင်ရွက်ခွင့်ရလို့ကျေနပ်ပါတယ်” ဟု ဒေါ်ကေခိုင်မျိုးအောင်က ပြောကြားသည်။

ဂန့်ဂေါမြို့နယ်ကျွန်းတပ်ကျေး ရွာအုပ်စုတွင် ကျွန်းတပ်ကျေးရွာတစ်  ရွာသာပါဝင်ပြီး အိမ်ခြေ ၁၀၈၊ အိမ်ထောင်စု ၁၂၀၊ လူဦးရေ ၆၄၅ ဦးရှိကြောင်း သိရသည်။

ကြီးမြင့်နိုင်(လွိုင်ကော်)

Hot News Journal
 



ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ  စားနပ်ရိက္ခာ ပြတ်လပ်တော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က  သတိပေးလိုက်ပါတယ်။

စားနပ်ရိက္ခာ ပြတ်လပ်တော့မယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ နောက်ထပ် ကူညီထောက်ပံ့ပေးမယ့်သူတွေ လိုအပ်နေတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်ရဲ့ တာဝန်ရှိသူတဦးက  ယခုလို သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပေးနေတဲ့ အကူအညီတွေဟာ ဒုက္ခသည်အားလုံးဆီကို ရောက်အောင် သွားနေပါတယ်။ ဒါပေမယ့် ဒီနှစ်ကုန်ရင် လက်ထဲမှာ ရှိနေတဲ့ စားနပ်ရိက္ခာတွေ ကုန်သွားတော့မှာပါ။ ဒါဟာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒီဒုက္ခသည်တွေဟာ မကြာခင် အချိန်ပိုင်းအတွင်းမှာ သူတို့ရဲ့ နေရပ်တွေကို ပြန်နိုင်မယ့်သူတွေလည်း မဟုတ်ပါဘူး။ ပြီးတော့ ရိက္ခာတွေကို ဆက်ပြီး မပေးနိုင်တော့ဘူးဆိုရင် သူတို့တွေဟာ ယခုထက်ပိုပြီး ဆိုးဝါးတဲ့ အခြေအနေကို ရောက်ကုန်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေအတွက် ရိက္ခာတွေ ပြတ်သွားမှာမို့ပါ။”လို့ ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က  ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာ ဆက်လက် ကူညီ ထောက်ပံ့ပေးနိုင်ဖို့ နောက်ထပ် ၆ လ ၀န်းကျင်အတွက် အမေရိကန်ဒေါ်လာ ၁၃ သန်း လိုအပ် နေတယ်လို့လည်း ပြောပါတယ်။ အလှူရှင်တွေဆီက ထောက်ပံ့မှုအသစ်တွေ မရရင် ကုလသမဂ္ဂရဲ့ အေဂျင်စီတွေအနေနဲ့ ဒုက္ခသည်တွေကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီအထိသာ ရိက္ခာတွေ ထောက်ပံ့ပေးနိုင်မှာ ဖြစ်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သတိပေး ထားပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ စစ်တွေမြို့အနီးက ဗုဒ္ဓဘာသာတွေ နေထိုင်တဲ့ ဒုက္ခသည်စခန်းမှာ လူပေါင်း ၃ ထောင် ရှိပြီး အစ္စလာမ့်ဘာသာဝင်တွေနေထိုင်တဲ့ ဘောဒူဘ စခန်းမှာတော့ လူပေါင်း ၁ သောင်း ၅ ထောင်လောက် ရှိနေပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဒုက္ခသည် စုစုပေါင်း ၁ သိန်း ၄ သောင်း ၂ ထောင်အတွက် နေထိုင်စရာ အဆောက်အဦ၊ ဆန်၊ ဆီနဲ့ ဆား စတာတွေကို ထောက်ပံ့ပေးနေတာ ဖြစ်ပြီး ကလေးသူငယ် ၅၀ ရာခိုင်နှုန်းဟာလည်း ကြီးထွားမှု နှေးကွေးနေတယ်လို့ ခန့်မှန်းထားပါတယ်။

ဒုက္ခသည်တွေအတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေကို ပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ၂၀၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

 by ဒီဗွီဘီ
 

ပဲခူးမြို့ ဟင်္သာကုန်း မွန်စံပြရှိ မွန်ရိုးရာပဒေသာပင်ပွဲတော်အား မင်းမဲ့စရိုက်ဆန်ဆန် ၀င်ရောက်ဖျက်ဆီးမှု သီတင်းကျွတ်လပြည့်ညက ဖြစ်ပွားခဲ့ရာတွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးအရေးယူပေးခြင်းမရှိသေး ဟု ပွဲတော်ရှိ စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်ဖြစ်သူ ကိုဖြိုးဝေမြင့်က မဇ္ဈိမကို ပြောဆိုလိုက်သည်။

“အခုချိန်ထိ အရေးယူခြင်းမရှိသေးဘဲ ပြစ်မှုကျူးလွန်ခဲ့တဲ့ ချာတိတ်တွေကို လွှတ်ပေးထားတယ်” ဟု ၄င်းက ပြောပြသည်။

အမှုမှာ ယင်းနေ့ည ၁၀ နာရီအချိန်က မွန်းရိုးရာပဒေသာပင်ပြုလုပ်နေသော ပွဲတော်လမ်းအတွင်းသို့ လူ ငယ် ၁၅ ဦးခန့်က အိတ်ဇောဖြုတ်ထားသော ဆိုင်ကယ်များအား မွေလိမ်မွေကောက်မောင်းနှင်ခြင်းများ၊ ပဒေသာပင်များရှိ ပိုက်ဆံများအား ဖြုတ်ယူမောင်းပြေးမှုများ ပြုလုပ်ခဲ့ကြကြောင်း စည်းကမ်းထိမ်းသိမ်း ရေးခေါင်းဆောင်က ပြောသည်။

ထို့ကြောင့် လမ်းအတွင်းမှ လူများက လိုက်လံဖမ်းဆီးရာတွင် ဆိုင်ကယ်တစ်စီးကျန်ခဲ့ပြီး ည ၁ နာရီခွဲ အချိန်တွင် အဆိုပါ ဆိုင်ကယ်အား ပြန်လည်ယူဆောင်ရန် တုတ်ကိုယ်စီကိုင်ဆောင်ထားသော လူငယ် သုံးဆယ်ဦးခန့်ဖြင့် လမ်းအတွင်းသို့ လာရောက်ခဲ့ကြခြင်းဖြစ်သည်။

“သူတို့တွေ တုတ်ကိုယ်စီနဲ့ ၀င်လာလို့ ပြဿနာတွေ ပိုတက်မှာစိုးလို့ ကျွန်တော်ကရှေ့ဆုံးကနေသွား တားတာ။ အဲဒါကို သူတို့ထဲက တစ်ယောက်က သံတုတ်နဲ့ ရိုက်လိုက်လို့ မှောက်သွားတဲ့အချိန်မှာနောက် တစ်ယောက် ကျွန်တော့်ကျောကို ဓားနဲ့ နှစ်ချက်ထိုးခဲ့တယ်” ဟုလည်း ကိုဖြိုးဝေမြင့်က ပြောပြသည်။

အဆိုပါ အဖွဲ့အား မောင်စိုးညီညီဆိုသူက ဦးဆောင်လာကြောင်းနှင့် မောင်ရဲလင်းထွန်းက တုတ်ဖြင့်ရိုက် ကာ ကျန်တစ်ဦးကဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ဟုလည်း ကာယကံရှင်က စွပ်စွဲပြောကြားထားသည်။

ယင်းသို့ ရိုက်နှက်မှုကြောင့် လမ်းသူလမ်းသားများက လိုက်လံဖမ်းဆီးရာတွင် အကုန်လုံးလွတ်မြောက် သွားခဲ့ပြီး ဆိုင်ကယ်လေးစီးသာ ကျန်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်အား ကနဦးတွင် လူမှုရေးအရ ညှိနှိုင်းမှု ပြုလုပ်ရန် စီစဉ်ထားသော်လည်း အုပ်စုဖွဲ့ထပ်မံပြု လုပ်မှုများရှိနေသောကြောင့် ရဲစခန်းသို့ အောက်တိုဘာ ၂၂ ရက်တွင် အမှုဖွင့် တိုင်တန်းလိုက်ကြောင်း လည်း ကိုဖြိုးဝေမြင့်က ပြောသည်။အခင်းဖြစ်စဉ်က ကျန်ခဲ့သော ဆိုင်ကယ်လေးစီးကိုလည်း ရဲစခန်းက သိမ်းဆည်းထားသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ပဲခူးအမှတ်(၁)ရဲစခန်းမှ အမှုစစ်ဖြစ်သူ ဒု-ရဲအုပ် သောင်းမင်းထွန်းက “ဒီ အမှုကို စစ်ဆေးဆဲဖြစ်နေလို့ ဘယ်သူ့ကိုမှ မဖမ်းထားရသေးပါဘူး၊ တိုင်တဲ့ထဲမှာတော့ နေလင်းထွန်းပါ အပေါင်းအပါငါးဦးဆိုပြီး တိုင်ထားပါတယ်။ အရေအတွက် ဘယ်လောက်ပါလဲဆိုတာ ပြောလို့မရသေး ပါဘူး” ဟု မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

လက်ရှိအချိန်တွင် တိုင်တန်းခံထားရသူ ငါးဦးကို အာမခံဖြင့် လွှတ်ပေးထားကြောင်း နှင့် အဓိကတိုင်တန်း ခံထားရသူကို ခေါ်ယူစစ်ဆေးနေကာ ပါဝင်ပါက်သက်သူများကို ဖော်ထုတ်နေသည်ဟုလည်း ၄င်းက ပြောပြခဲ့သည်။

အဆိုပါ ရဲစခန်းမှ ဖုန်းကိုင်ဖြေကြားခဲ့သည့် တာဝန်ရှိသူတစ်ဦးကလည်း “ဒီအမှုတွေက တကယ်တန်းဖမ်း ရင်လည်း အာမခံပေးရတဲ့ အမှုပါ” ဟု ရှင်းပြသည်။

လက်ရှိအချိန်တွင် အဆိုပါ တိုင်တန်းမှုကို ရဲစခန်းက (ပ)၆၁၇ /၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၂၄/ ၃၂၅/ ၁၁၄ တို့ဖြင့် အရေးယူရန် ဆောင်ရွက်နေသည်ဟုလည်း အဆိုပါ မြို့မရဲစခန်းမှ စုံစမ်းသိရသည်။ မဇ္ဈိမ အနေဖြင့် တိုင်တန်းခံရသည့်ဘက်သို့ ဆက်သွယ်မေးမြန်းရန် လုပ်ဆောင်ခဲ့သော်လည်း အခက်အခဲ အချို့ကြောင့် ဆက်သွယ်မေးမြန်းမှုမပြုနိုင်ခဲ့ပေ။

ဇော်ဇော်ထွေး - Mizzima - News in Burmese
ကြည့်မြင်တိုင် စက်ဆန်းတွင်ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုတစ်ခုတွင် ပြစ်မှုကျူးလွန်သူလေးဦးအား မိဘများ ကိုယ်တိုင် ရဲစခန်းသို့ လာရောက်အပ်နှံခဲ့သည်ဟု စက်ဆန်းနယ်မြေရဲစခန်းမှ အမှုစစ် ဒု-ရဲအုပ် မိုးကျော် က မဇ္ဈိမကို အောက်တိုဘာ ၂၇ ရက်က ပြောသည်။

အမှုမှာ အောက်တိုဘာ ၂၆ ရက် ည ၁၁ နာရီကျော်အချိန်က ဦးမြရပ်ကွက်၊ မြတ်သူရိန်လမ်းရှိ စံပယ် လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲကြည့်နေသည့် လူငယ်တစ်ဦးကို အခြားလူငယ်သုံးဦးက ချုပ်ကိုင်ပြီး ကျန်လူငယ်တစ်ဦးက ဓားဖြင့်ခုတ်ခဲ့သည်ဆိုသော တိုင်တန်းမှုလည်း ဖြစ်သည်။

“ပြစ်မှုကျူးလွန်သူတွေကို မိဘတွေကိုယ်တိုင် လာအပ်လို့ ဖမ်းမိထားပါပြီ။ သူတို့ မိဘတွေ အချင်းချင်း ကလည်း မိတ်ဆွေတွေပါ။ ပြီးတော့ သူငယ်ချင်း အချင်းချင်း ဖြစ်ကြတာပါ။ ဒီအမှုကို ဆက်လက်လည်း စစ်ဆေးနေပါတယ်” ဟု ဒု-ရဲအုပ် မိုးကျော်က ရှင်းပြသည်။

ထို့ပြင် ဓားဖြင့်ခုတ်သည်ဆိုသော်လည်း ပြစ်မှုကျူးလွန်စဉ် အသုံးပြုသောဓားမှာ ခဲတံချွန်ရာတွင် အသုံးပြု သော တွန်းထုတ်ရသည့် အဆစ်ပါဓားသာဖြစ်ပြီး အရိုးအသွား ၆ ဒသမ ၇ လက်မရှိသော ဓားသာဖြစ် သည်ဟု ၎င်းကဆိုသည်။

အမှုမှာ ဘောလုံးပွဲကြည့်နေသည့် သန်းစိုးအောင်(၂၀)နှစ်အား တစ်ရပ်ကွက်တည်းနေ ဌေးငယ်ဦး၊ မင်း ခန့်(၂၇)နှစ်၊ ကြည်စိုး၊ သီဟတို့က လွန်ခဲ့သောတစ်ပတ်ခန့်က စကားများပြီး ဆဲဆိုခဲ့သည့်အတွက် ပြန် လည်တောင်းပန်ခိုင်းခြင်းဖြစ်သည်။

ထို့ကြောင့် ထပ်မံစကားများရန်ဖြစ်ကြရာမှ သန်းစိုးအောင်အား မင်းခန့်၊ ကြည်စိုး၊ သီဟတို့က ချုပ်ကိုင် ပေးပြီး ဌေးငယ်ဦးက ဓားဖြင့် ခုတ်ခဲ့သည့်ဟု ကာယကံရှင်ဘက်က ကနဦးအနေဖြင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သန်းစိုးအောင်တွင် ယာလက်ပြတ်ရှ၊ ရင်အံပြတ်ရှ၊ လည်ပင်းပြတ်ရှဒဏ်ရာများရရှိခဲ့ကာ ရန် ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် တင်ပို့ကုသခဲ့ရသည်ဟုလည်း ရဲစခန်းက ကနဦး အနေဖြင့် ထည့်သွင်းဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။

“လူနာကလည်း စိုးရိမ်စရာမရှိတော့ပါဘူး။ နည်းနည်းပါးပါး ချုပ်ရတာပဲရှိပါတယ်။ ခွဲရစိပ်ရတာ မရှိခဲ့ပါ ဘူး” ဟု ဒု-ရဲအုပ်မိုးကျော်က အတည်ပြုပြောခဲ့သည်။

အဆိုပါအမှုကို ကာယကံရှင်မိဘဖြစ်သူ ဒေါ်တင်တင်လှက တိုင်တန်းထားသဖြင့် စက်ဆန်းနယ်မြေ ရဲစခန်းက (ပ)၃၇၆ /၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် ဆက်လက်စစ်ဆေးသွားမည်။

ဇော်ဇော်ထွေး - Mizzima - News in Burmese



ရန်ကုန်၊ အောက်တိုဘာ ၂၇

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှု များကြောင့် လူ ၁၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၁၇၉ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုတွင် ယခုလအတွင်း ၂၄ ရက်နေ့အထိ ယာဉ်မတော်တဆမှု ၈၀၄ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃၈၄ ဦး ရှိကာ ၁၇၉ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်မတော်တဆမှု ၁၇၅ မှု၊ ဒဏ်ရာရရှိသူ ၂၇၅ ဦးနှင့် သေဆုံးသူ ၂၇ ဦးဖြင့် အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံးအဖြစ် မန္တလေးတိုင်းဒေသကြီးတွင် ယာဉ် မတော်တဆမှု ၁၁၇ မှု ဖြစ်ပွားခဲ့ပြီး ၁၈၁ ဦး ဒဏ်ရာရရှိခဲ့ကာ ၃၂ ဦး သေဆုံးခဲ့သည်။

အစိုးရ တိုက်ရိုက်အုပ်ချုပ်သည့် နေပြည်တော် ကောင်စီ နယ်မြေတွင် အောက်တိုဘာလ ၁ ရက်မှ ၂၄ ရက်အထိ ယာဉ်မတော်တဆမှု ၁၄ မှု၊ ဒဏ်ရာရရှိသူ ၁၉ ဦးနှင့် သေဆုံးသူ ကိုးဦးရှိခဲ့ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေဆုံးသူ အများဆုံးစာရင်းတွင် သတ္တမနေရာတွင် ရှိနေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အနည်းဆုံးမှာ ချင်းပြည်နယ်ဖြစ်ကာ ယာဉ်မတော်တဆမှု သုံးမှုသာ ဖြစ်ပွားခဲ့ပြီး ခြောက်ဦး ဒဏ်ရာရကာ လူသေဆုံးမှု မရှိခဲ့ပေ။

ယခုနှစ် အောက်တိုဘာလ ၂၄ ရက်အတွင်း သေဆုံးသူ ၁၇၉ ဦးခဲ့ရာ ယင်းကိန်းဂဏန်းများအရ အောက်တိုဘာလ အတွင်းတွင် ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင် လူခုနစ်ဦးကျော် သေဆုံး လျက်ရှိနေခြင်း ဖြစ်သည်။

The Voice Weekly
 


ငမန်းဂိမ်းကစားနေသူတစ်ဦး ဓာတ်ပုံ-ကျော်ဇင်သန်း - 7Day Daily
ကရင်ပြည်နယ်တွင် တရုတ်နိုင်ငံသားများက လောင်းကစားဂိမ်းစက်များယူလာကာ စီးပွားရှာနေသည့်ကိစ္စနှင့်ပတ်သက်၍ အထူးအမိန့်ထုတ်သင့်ကြောင်း ပြည်နယ်အစိုးရအဖွဲ့တွင် ဆွေးနွေးပြီးနောက် မြ၀တီနှင့် ကော့ကရိတ်မြို့များ၌ ဂိမ်းဆိုင်များအား ဖမ်းဆီးမှု အရှိန်မြှင့်တင်လိုက်ကြောင်း သတင်းရရှိသည်။

ယခုနှစ် ဇွန် ၁၇ ရက်တွင် ကျင်းပခဲ့သည့် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့ အစည်းအဝေးတွင် ဦးအောင်မြင့်သိန်းက လောင်းကစားနှိမ်နင်းရေး ပြည်နယ်အထူးအမိန့် ပြဋ္ဌာန်းပေးရန် ဆွေးနွေးပြီးနောက် အောက်တိုဘာလအတွင်း ကော့ကရိတ်နှင့် မြ၀တီမြို့ကြီးများတွင် လောင်းကစားဖမ်းဆီးမှုများ အရှိန်တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

““ပြီးခဲ့တဲ့လပိုင်းက ကော့ကရိတ်မြို့ပေါ်မှာ ဂိမ်းစက်တွေဖမ်းတာကို ခရိုင်ရဲတပ်ဖွဲ့ကို လက်နက်ကိုင်အင်အားစုတစ်စုက၀ိုင်းထားလို့ ဖြေရှင်းခဲ့ရသေးတယ်””ဟု ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သိန်းက အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့ သို့ တရုတ်နိုင်ငံသားများက လောင်းကစားဂိမ်းစက်များ တင်သွင်း၍ လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ယူပြီး ပွဲလမ်းသဘင်များကျင်းပကာ စီးပွားရှာလာသည်မှာ နှစ်များစွာကြာလာပြီးနောက် ယခုအချိန်တွင် ဖမ်းဆီးမှုများ အရှိန်မြှင့်လိုက်ကြောင်း ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောအေးမြိုင်က အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။

““အစကတော့ ဘယ်သူမှ မထိရဲဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မှာစိုးလို့၊ လက်နက်ကိုင်တွေရဲ့မျက်နှာ ကြည့်ရသေးတယ်။ အခုတော့ သူတို့တွေကိုယ်တိုင်က ငယ်သားတွေကို လောင်းကစားနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ ၀င်မပတ်သက်ကြဖို့ ပြောပေးလာလို့၊ နောက်ဆို ထာဝရငြိမ်းချမ်းရေးနဲ့အတူ တရားဥပဒေစိုးမိုးရေးပါ ကျွန်တော်တို့ဒေသမှာ တည်မြဲလာမှာပါ”” ဟု ဦးစောအေးမြိုင်က ပြောသည်။အဆိုပါ နှိမ်နင်းမှုတွင် ဘောလုံး၊ ချဲနှင့် ဂိမ်းစက်များ အပါအ၀င် လောင်းကစားပေါင်းစုံကို ဖမ်းဆီးရာတွင် ဂိမ်းစက်များအား သိမ်းဆည်းသော်လည်း ပိုင်ရှင်ကို ဥပဒေအရ အရေးယူမှုမရှိသေးဘဲ ပညာပေးခြင်း စတင် လုပ်ဆောင်ခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၄ ရက် နံ နက် ၇ နာရီအချိန်မှ နာရီဝက်အကြာ ၇ နာရီခွဲအချိန်ထိ ကရင်ပြည်နယ်၊ မြ၀တီမြို့အမှတ်(၄)ရပ်ကွက်၊ အဓိဋ္ဌာန်အောင်ဘုရား မြေကွက်လပ်တွင် လောင်းကစားဂိမ်းစက်မျိုးစုံ ၁၉၉ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့စ်ဘွတ်ခ်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့ဂိမ်းစက်များအား ဖမ်းဆီးမှုမရှိသေးမီက အလယ်တန်းအရွယ် ကျောင်းသားလေးများက ညအချိန်တွင် ဂိမ်းဆိုင်များသို့ ရောက်လာပြီး လောင်းကစားလုပ်ရင်း မူးယစ်ဆေးဝါးများသုံးစွဲကာ ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့ကြောင်း မြ၀တီမြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

7Day Daily

ဆိုင်ကယ်စီးသူကို ပြိုင်ကားပေါ်မှဆင်းကာ ဓားဖြင့် ခုတ်ခဲ့သည့်ဖြစ်စဉ်မှ အမှုကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ယခုလ ၂၂ ရက် ညအစောပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ  ဗန်းမော် တိုက်လမ်းကြားအတွင်းတွင် ဆိုင်ကယ်စီးလာသည့် သမီးရည်းစားစုံတွဲကို ပြိုင်ကားမောင်းသူက ၎င်းတို့၏ ကားထွက်မည့်လမ်းကို ပိတ်ရပ်သည်ဟုဆိုကာ ကားပေါ်မှဆင်း၍ ပါးရိုက်သောကြောင့် ဆိုင်ကယ်စီးသူအမျိုးသားက ပြန်၍တွန်းခဲ့ရာမှ ဆိုင်ကယ်စီးသူ၏ လက်ကောက်ဝတ်နေရာကို ၂ ပေခန့်ရှိသည့် ဓားဖြင့် ခုတ်သည့်ဖြစ်စဉ်တွင် ပါဝင်ခဲ့သူကို ယခုလ ၂၄ရက်၌  ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်နိုင်ခဲ့သော်လည်း ကျူးလွန်သူမှာ ယနေ့အချိန်ထိ တိမ်းရှောင်နေသေးကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်ခဲ့သည့် ကားဝယ်ရောင်းလုပ်ငန်း လုပ်ကိုင်သူ အသက်(၂၃)နှစ်အရွယ် အမျိုးသားမှာ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အောင်ပင်လယ်ရပ်ကွက်အတွင်း နေထိုင်သူဖြစ်သော်လည်း မိခင်မှာ ပုသိမ်ကြီးမြို့နယ်၊ နားဋောင်းကျကျေးရွာတွင်လည်းကောင်း၊ ဖခင်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ တွင်လည်းကောင်း၊ အစ်မဖြစ်သူမှာ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာတွင်လည်းကောင်း အသီးသီးနေထိုင်ကြသောကြောင့် ကျူးလွန်သူအနေဖြင့် အဆိုပါနေရာများသို့ တိမ်းရှောင်သွားပါကလည်း သက်ဆိုင်ရာမြို့များရှိ ရဲစခန်းများက ကူညီဖမ်းဆီးပေးနိုင်ရန် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

7Day Daily



ချင်းပြည်နယ်မှ အမျိုးသမီးငယ် ခုနစ်ဦးကို စင်ကာပူတွင် အလုပ်ရမည်ဟု အမည်မသိ အမျိုးသမီးတစ်ဦး က ခေါ်ယူခဲ့ပြီး ရန်ကုန်သို့ ရောက်ရှိခဲ့ပြီး အဆိုပါအမျိုးသမီးငယ်များထဲမှ တစ်ဦးမှာ ထွက်ပြေးလာပြီး နေက် ကျန်အမျိုးသမီးများထဲမှ ငါးဦးကိစ္စကို လတ်တလောတွင် အတည်မပြုနိုင်သေးကြောင်း လူကုန် ကူးမှုတိုက်ဖျက်ရေး ရဲအုပ် ဦးဝေလွင်က မဇ္ဈိမကိုပြောသည်။

လွန်ခဲ့သည့်အောက်တိုဘာ ၁၅ ရက်က စကိုင်းတိုင်းမှ ချင်းအမျိုးသမီးငယ် ခုနစ်ဦးကို စင်ကာပူတွင် အလုပ်ရမည်ဟု မိဘများ၏ သဘောတူညီချက်ဖြင့် အမည်မသိအမျိုးသမီးတစ်ဦးက ကလေးကားဂိတ်မှ ပို့ဆောင်ခဲ့ပြီး ရန်ကုန်ကားဂိတ်တွင် အမျိုးသမီးတစ်ဦးက လာရောက်ခေါ်ယူခဲ့ကာ အင်းစိန် အောင်ဇေယျ အိမ်ရာတွင် တည်းခိုခဲ့ရကြောင်း ထွက်ပြေးလာသူ မနွမ်ဆွီးက ကနဦး ပြောပြထားသည်။

ထို့နောက် အဆိုပါ ခုနစ်ဦးကို အခြားသူများ၏ မှတ်ပုံတင်များတွင် ဓာတ်ပုံများကပ်ခိုင်းကာ အတုလုပ်စေ ခဲ့ကြောင်း၊ ထို့နောက် အင်္ဂလိပ်စာများလည်း ကျက်ခိုင်းကြောင်းသိရပြီး စိတ်ညစ်သည့်အတွက် မနွမ်ဆွီး က အောက်တိုဘာ ၂၂ ရက်က ပေါက်တောရပ်ကွက်အတွင်းသို့ ထွက်ပြေးလာခဲ့ကြောင်း ရှင်းပြသည်။

ယင်းကဲ့သို့ထွက်ပြေးလာသည်ကို “မိုး” အမျိုးသမီးအပ်ချုပ်ဆိုင်က တွေ့ရှိခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခဲ့ရာမှ ၎င်းတည်းခိုနေသည့် တိုက်ခန်းတွင် အခြားအမျိုးသမီးငယ်များ ကျန်ရှိနေသေး ကြောင်း နယ်ထိန်းခေါင်းဆောင် ဦးလှိုင်၊ အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များက သိရှိခဲ့ခြင်းဖြစ်သည်။

မနွမ်ဆွီးကို မေးမြန်းရာတွင် “ချင်းပြည်နယ်က လာတာပါ။ စင်ကာပူမှာ အလုပ်ရမယ်ဆိုပြီး ခေါ်လို့လာ တာပါ။ အခု တိုက်ခန်းမှာ ကျွန်မလိုခေါ်လာတဲ့ လူခြောက်ယောက် ကျန်နေသေးတယ်။ ပြီးတော့ ကျွန်မ ညီမ ၀မ်းကွဲတစ်ယောက် ကျန်နေသေးတယ်” ဟု ပြောပြခဲ့ကြောင်း ရပ်ကွက်အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်နီနီက ပြောသည်။

ထွက်ပြေးလာခဲ့သည်မှာ နေ့လယ် နှစ်နာရီက နယ်ထိန်းရဲ ကိုဝင်းလှိုင်က ညနေ ၄ နာရီခွဲတွင်သွားရောက် ရှာဖွေခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာတို့မှ စောင့်ဆိုင်းခဲ့သော်လည်း နယ်ထိန်းရဲမှ အ ကြောင်းမပြန်ခဲ့သဖြင့် ဖုန်းဆက်မေးမြန်းရာ နယ်ထိန်းရဲက “လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ကို ဆက် သွယ်အကြောင်းကြားထားသည်” ဟု ပြောကြားခဲ့ကြောင်း အဆိုပါ အရေးကို ဆောင်ရွက်နေသူ ပေါက် တောဝမှ ဦးစိုးဝင်းက ရှင်းပြသည်။

“လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ရောက်တဲ့အချိန်က ညခုနစ်နာရီခွဲဖြစ်နေပြီ။ အချိန်က တော်တော်လေး နောက်ကျနေပြီ” ဟု ပေါက်တောဝရပ်ကွက် ဓမ္မာရုံဥက္ကဋ္ဌ ဦးသန်းလှိုင်က ထောက်ပြသည်။

အဆိုပါ အောင်ဇေယျတိုက်ခန်းကို လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ၀င်ရောက် စစ်ဆေးသည့်အချိန် တွင် အိမ်ရှင်လင်မယား နှစ်ယောက်နှင့်အတူ အမျိုးသမီးငယ်တစ်ဦးကျန်ရှိနေသော်လည်း ကျန်အမျိုး သမီးငယ်ငါးဦးကို မတွေ့ရတော့ပေ။

“သူတို့ ပျောက်သွားတယ်လို့ ပြောလို့တော့ မရဘူးခင်ဗျ။ ချင်းပြည်နယ်ပြန်သွားတာလည်း ဖြစ်ချင်ဖြစ် မယ်။ အိမ်ရှင်တွေဘက်ကို မေးတာတော့ သူတို့ မသိဘူးပဲ ပြောတယ်။ ကျွန်တော့်အထင်တော့ သူတို့ ပြည်ပကို မထွက်သွားလောက်သေးဘူး။ ခဏရှောင်နေတာမျိုးဖြစ်မယ်” ဟု ရဲအုပ်ဦးဝေလွင်က မှတ်ချက် ပေးသည်။

လက်ရှိတွင် အဆိုပါ ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်များကို ရှာဖွေနေဆဲဖြစ်ပြီး ပတ်စ်ပို့ရုံးတွင် လာ ရောက်ပြုလုပ်ပေးသူကို သက်ဆိုင်ရာမှ သိရှိထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

“ဒီကိစ္စကို လူကုန်ကူးမှု မမြောက်သေးဘူးဗျ။ ခေါင်းပုံဖြတ်တာမျိုးတွေ မရှိသေးဘူးလေ။ ပွဲစားတွေကိုပဲ ပြောရပါလိမ့်မယ်။ လောလောဆယ် ထင်ရှားနေတာကတော့ ပတ်စ်ပို့အတု၊ မှတ်ပုံတင်အတုလုပ်တဲ့ ကိစ္စပါပဲ။ တကယ်လို့ အိမ်ရှင်ပါ ဒီကိစ္စမှာပါနေရင်တော့ အိမ်ရှင်ကိုပါ ဥပဒေအရ ဆောင်ရွက်ရမှာပေါ့” ဟု ရဲအုပ်ဦးဝေလွင်က ပြောသည်။

အောင်ဇေယျနေအိမ်မှ ထွက်ပြေးလာခဲ့သည့် မနွမ်ဆွီးနှင့် ပေါက်တောဝရပ်ကွက် ဦးသန်းလှိုင်၊ အမျိုး သမီးရေးရာမှ ဒေါ်နီနီတို့ နှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများက အောက်တိုဘာ ၂၄ က သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်ကိုသိလျှင်သိခြင်း ရဲဌာနမှ မဆောင်ရွက်နိုင်သည့်အတွက် ယခုကဲ့သို့ အမျိုး သမီးငယ်များ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရှိရကြောင်း ဝေဖန်ထားသည်။

ခင်မြတ်မြတ်ဝေ
Mizzima - News in Burmese


ရောမ မြို့တော်ဝန် Ignazio Marino နဲ့ ဒေါ်အောင်ဆန်းစုကြည်
ဥရောပ ငါးနိုင်ငံ ခရီး ထွက်ခွာနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်ဆုံး ခရီးတထောက်အဖြစ် အီတလီ နိုင်ငံ ရောမမြို့ကို ရောက်နေပါပြီ ။

မနေ့က ရောမ မြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့ပြီး သူ့ကို ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ရောမမြို့တော်သူ ဆု ကို လက်ခံ ရယူခဲ့ပါတယ်။

ဒီဆုဟာ ၁၉၉၄ ခုနှစ်တုန်းက ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ် ကျခံနေရစဉ် အတွင်း ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ရောမမြို့တော်ဝန် Ignazio Marino က ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ နိုင်ငံ အတွက်တော့ ဒီမိုကရေစီ ၊ လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့် ဆိုင်ရာ စံနမူနာကောင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီ ဝန်ကြီးချုပ် အန်နရီကို လက်တာ ၊ သမ္မတ နက်ပိုလီတာနို ၊ နိုင်ငံခြားရေး ဝန်ကြီး အယ်မာ ဘိုနီနို တို့အပြင် ပါလီမန် ဥက္ကဌတွေ ၊ တခြား အဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အီတလီနိုင်ငံ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်နဲ့ တွေ့ဆုံဖို့ ရှိကြောင်း ထိုင်းမ်စ် သတင်းအရ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္လာနေ့ ဒီကနေ့မှာ တွေ့ဆုံကြမှာဖြစ်ပြီး ဒါဟာ သမိုင်းဝင်တဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

အာရှတိုက်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းစာအစောင်ပေါင်း ၁၀၀ ထက် နာမည်ကျော်ကြား လွမ်းမိုးမှုရှိတဲ့ ပုဂ္ဂိုလ်ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဟာလည်း နိုင်ငံရေးသမား အယောက်ပေါင်း ၁၀၀ စုပေါင်းထားတာထက်တောင် ကျယ်လောင်တယ်လို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခုလောလောဆယ် အီတလီနိုင်ငံ ရောမမြို့ကို ရောက်ရှိနေပြီး သမိုင်းဝင်တဲ့ နေရာတွေကို လေ့လာနေသလို အီတလီနိုင်ငံ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ဂုဏ်ပြုဆု
လက်ဆောင်တွေကိုလည်း လက်ခံဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပတ်ကြာ ဥရောပ ငါးနိုင်ငံခရီးစဉ်က နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ABC Radio
 

Sunday, October 27, 2013



သမ္မတ ဦးသိန်းစိန် ရွေးကောက်ပွဲ မဝင်ဘူးလို့ သူရဦးရွှေမန်း ထုတ်ဖေါ်ပြောခဲ့
သမ္မတ ဦးသိန်းစိန်က လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအဖြစ် သူဝင် အရွေးခံ မခံ ဆိုတာကို သူကိုယ်တိုင် ပြည်သူတွေကို အသိပေး ပြောကြားမယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပုဂ်ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန် ဝင် အရွေးမခံ တော့ဘူးလို့ သူ့ကို ပြောခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ရက်နေ့မှာ လွှတ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖေါ် ပြောဆိုခဲ့အပြီး ၂ရက်အကြာမှာ သမ္မတရဲ့ ပြောခွင့်ရ ပုဂ်ဂိုလ် ဦးရဲထွဋ်က အခုလို တုန့်ပြန် ပြောလိုက်တာပါ။

သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ဟာ သမ္မတနဲ့ ကြိုတင် သဘောတူပြီး ထုတ်ပြန်ခဲ့တာ မဟုတ်ဘူးလို့လည်း ဦးရဲထွဋ်က ပြောပါတယ်။

ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်ကတော့ လုပ်ထုံး လုပ်နည်းအရ သူရ ဦးရွှေမန်းအနေနဲ့ ဒီလို ထုတ်ဖေါ် မပြောသင့်ဘူးလို့ သုံးသပ်ပါတယ်။

သမ္မတနဲ့ လွှတ်တော်အကြား အားပြိုင်မှုတွေ ရှိနေတယ်လို့ အများက ယူဆနေ ချိန်မှာပဲ အခု ဒီကိစ္စ ပေါ်ပေါက်ခဲ့တာပါ။

သမ္မတနဲ့ လွှတ်တော်အကြားမှာ ဖွဲ့စည်း အုပ်ချုပ်ပုံ ဆိုင်ရာ ခုံရုံး ကိစ္စ အငြင်းပွားတာမျိုး ဖြစ်ခဲ့သလို ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ရေး လုပ်ငန်းစဉ်တွေကို သူရ ဦးရွှေမန်းက စိတ်ကြေနပ်မှု မရှိတာကြောင့် အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး အစည်းအဝေးတွေ ခေါ်ဖို့ တောင်းဆိုတာမျိုးတွေ ရှိခဲ့ပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီတခုတည်းက ပြိုင်ဘက် အချင်းချင်း သူရ ဦးရွှေမန်း အခုလို ပြောခဲ့တာဟာ သမ္မတ ဦးသိန်းစိန်ကို ပြိုင်ဘက် အဖြစ်ကနေ ဖယ်ထုတ်ပစ်ချင်တဲ့ သဘော ရောက်နေတယ်လို့ ပြည်တွင်းက ဆောင်းပါးရှင် စည်သူအောင်မြင့်က သုံးသပ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)



ရန် ကုန်ပြည်သူ့ဆေး ရုံကြီး ပြန်လည် မွမ်းမံမည့် ဒေါ်အောင်ဆန်းစု ကြည်၏အစီအစဉ် ကို ယူကေက ပံ့ပိုးကူညီပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ်မြောက် ယူကေခရီး စဉ်အတွင်း အောက်တိုဘာ ၂၃ ရက်က ဗြိတိသျှဝန်ကြီးချုပ်ဒေး ဗစ်ကင်မရွန်းနှင့် နိုင်ငံတကာဖွံ့ ဖြိုးရေးဝန်ကြီး ဂျက်စတင်ဂရင်း နင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ စဉ် တွင် အဆိုပါကိစ္စအား ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

''ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ယူကေက ကူညီမယ့်ကိစ္စ ကို တော့ ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်မယ့် နိုဝင်ဘာလ ဆန်း ကျမှ ပြောလို့ရနိုင်မှာ ပါ။ လော လောဆယ် မှာ ဒီဆေးရုံကြီး အ ဆင့်မြှင့်တင် နိုင်ဖို့အတွက် မာ စတာပလန်ရေးဆွဲထားပြီးဖြစ်ပါ တယ်။ အသေးစိတ်အကောင်အ ထည်ဖော်မယ့်ကိစ္စတွေကို ဗြိတိ သျှအစိုးရက အသေးစိတ်ကူညီ ပေးသွားမှာဖြစ်ပါတယ်''ဟု ရန် ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့် တင်ရေးကော်မတီ ရန်ပုံငွေရှာ ဖွေရေး၊ NLD ကျန်းမာရေးကွန် ရက်မှ ဥက္ကဋ္ဌဒေါက်တာ တင်မျိုး ဝင်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း ယူကေမှ ကျန်း မာရေးဝန်ကြီးဟောင်း လော့ဒါစီ က ရန်ကုန်ပြည်သူ့ ဆေး ရုံကြီး အဆင့်မြှင့်တင်ရေးဆိုင်ရာကိစ္စ ရပ်များဆွေးနွေး ရန်အတွက် ၎င်း ထံမှ အဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါဆေးရုံကြီးအ ဆင့်မြှင့်တင်ရန် အတွက် ပြည်သူ့ လွှတ်တော် မှ ငွေကျပ်ငါးဘီလီယံ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရိုးအကြောဌာနမှ ပါမောက္ခ ဒေါက်တာချစ်စိုးက ''ရန်ကုန်ဆေး ရုံကြီးက အရင်က ခုတင် ၅၀ဝဆံ့ ဆေးရုံပါ။ ဂျပန်ခေတ်တုန်းက ဆိုရင် တစ်ခန်းမှာ လူနာ ၃၀ လောက်ပဲ လာကုကြတယ်။ အခု ကတော့ ခုတင် ၁၅၀ဝဆံ့ဆေး ရုံဖြစ်လာပေမယ့် တစ်ခန်းမှာ လူနာ ၁၀ဝလောက်တက်နေကြ တော့ ကျပ်ညပ်နေပြီ။ အဲဒီအတွက် ဆေးရုံကြီးကို ပြုပြင်မွမ်းမံရုံပဲ ဆိုရင်တော့ ဒီပြဿနာကိုဖြေရှင်း နိုင်မှာမဟုတ်ဘူး။ ဒီများပြား လွန်းနေတဲ့လူနာတွေကို ကုသနိုင် ဖို့အတွက် အထပ်မြင့်ဆေးရုံသစ် တစ်လုံးကို ထပ်ပြီးဆောက်လုပ် မယ်ဆိုရင်တော့ အလွန်ကောင်း မွန်တဲ့အစီအစဉ် လို့ ပြောချင်ပါ တယ်''ဟု ပြောကြားခဲ့သည်။

နွေဦးလင်း - Yangon Media Group
 



ရွှေဘို၊ အောက်တိုဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ရွှေဘိုမြို့ရှိ အမှတ် (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ်က သိမ်းယူခဲ့သော လယ်မြေ ၆၅၆ ဒသမ ၅ ဧကအတွက် နစ်နာမှု လျော်ကြေး ကျပ်သိန်း ၄၅၉၅ ကျော်ကို ပေးအပ် ခဲ့ကြောင်း ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။

ရွှေဘိုမြို့နယ် တဲကြီး၊ ရွာမိတ်သာ၊ ဖွတ်ကုန်း၊ ပိတ်တောကျေးရွာနှင့် ခင်ဦးမြို့နယ် ဝါးရုံကုန်း ကျေးရွာတို့မှ သိမ်းယူထားသည့် လယ်မြေဧက ၆၅၆ ဒသမ ၅ ဧကအတွက် နစ်နာကြေးငွေကို အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေဘိုအမှတ် (၈) အခြေခံစစ် လေ့ကျင့်ရေး တပ်တွင် တောင်သူများသို့ တိုက်ရိုက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
“အသက်တွေ ကြီးလာလို့ ကိုယ့်လယ်မြေတွေ ပြန်မရတော့ဘူး ထင်ထားတာ။ အခုလို တစ်ဧက ခုနစ်သိန်း ပေးမယ်ဆိုတဲ့ ကတိအတိုင်း ခုနစ်သိန်းရလို့ ကျေနပ်တယ်။ နှစ်ပေါင်း ၂၀ ကျော်မှ ပြန်ရလာတာ” ဟု လယ်မြေဧက ၂၀ သိမ်းခံရတဲ့ ရွှေဘိုမြို့နယ် ရွာမိတ်သာကျေးရွာ ဒေသခံတောင်သူ ဦးဘစက ဆိုသည်။

တပ်သိမ်း လယ်မြေများနှင့် ပတ်သက်၍ ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က ပထမဆုံးအကြိမ် လယ်ပိုင်ရှင် ၁၁ ဦး ပိုင်ကွင်းအမှတ် ၂၈၂၈ ဖွတ်ကုန်းကျေးရွာရှိ လယ်မြေဧက ၅၅ ဒသမ ၈၅ ဧကအတွက် ကျပ် ၃၉၀ ဒသမ ၉၅ သိန်း ပေးလျော်ခဲ့ပြီး အောက်တိုဘာလ ၂၆ ရက်နေ့တွင် လယ်ပိုင်ရှင် ၈၂ ဦးအတွက် ကျပ် ၄၂၀၄ ဒသမ ၅ သိန်းကို လျော်ကြေး ပေးအပ်ခဲ့ရာ စုစုပေါင်းလယ်ပိုင်ရှင် ၉၃ ဦးအတွက် လျော်ကြေးကျပ် ၄၅၉၅ သိန်းကျော် ပေးအပ်ပြီး ဖြစ်ကြောင်း ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောကြားသည်။

အဆိုပါ လယ်မြေ ၆၅၀ ဧကကို ပြီးခဲ့သည့် ၁၉၉၃ ခုနှစ် အတွင်းက ရွှေဘိုမြို့ လေ့ကျင့်ရေး (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ် အတွက် တပ်ပိုင်မြေအဖြစ် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ လယ်သိမ်းခံ တောင်သူများထံမှ သိရသည်။

The Voice Weekly
 



ရန်ကုန်၊အောက်တိုဘာ၂၇

ပြည်ခိုင်ဖြိုးပါတီကသမ္မတအရည်အချင်းအပါအ၀င်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို
တောင်ငူတွင်ယနေ့မနက်၁၀နာရီကစတင်ဆွေးနွေးခဲ့ ကြောင်းတောင်ငူမြို့နယ၊်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးညီညီထွန်း ကပြောကြားသည်။

“တစ်နိုင်ငံလုံးမှာတောင်ငူကပထမဆုံးခရိုင်အဆင့်အရင်ဆုံးဆွေးနွေးတာပါ”ဟု၎င်းက
ဆက်လက်ပြောကြား သည်။

အခြေခံဥပဒေပြင်ဆင်ရေးအတွက်ဆွေးနွေးမှုတွင်တောင်ငူမြို့နယ်မှအချက်ငါးချက်ကို
အဓိကဆွေးနွေးမည်ဖြစ် ပြီး အခန်း(၅)ပုဒ်မ(၂၈၆) (၂၈၈)(၂၈၉)တို့တွင်ပါရှိသောခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများကိုနိုင်ငံ့ဝန်ထမ်း များ ကိုသာ တာဝန်ပေးသင့်သည်ဟူသောနေရာတွင်လည်းကောင်း၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ကိုဥပဒေအရတာ ၀န်ပေးအပ့်သင့်သည်ဟူသော နေရာတွင်လည်းကောင်း ပြည်သူ့ဆန္ဒအတိုင်းရွေးချယ်သင့်သည်ဟု ပြောင်းလဲရန်တို့ကို ဆွေးနွေးခဲ့ ကြောင်း ဦးညီညီထွန်းကရှင်းပြသည်။

“ပုဒ်မ၄၀၂(ခ)မှာပါတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်တွေထဲကနိုင်ငံရေးပါတီ
ဆိုင်ရာဥပ ဒေအရဆောင်ရွက်သင့်တဲ့ကိစ္စတွေက တရားလွှတ်တော်ချုပ်ရဲ့တရားစီရင်ပိုင်ခွင့် အာဏာအတွင်းမှာသာရှိသင့် တယ်”ဟုတောင်ငူမြို့နယ်ပြည်ခိုင်ဖြိုးကော်မတီဝင်တစ်ဦးကပြောသည်။
“ပုဒ်မ(၂၃၂)ည(၂)အရဆိုရင်ဝန်ထမ်းနဲ့တပ်မတော်သားတွေကအကျိုးခံစားခွင့်မညီဘူးခွဲခြားထားတာ မျှတမှုမရှိဘူးအဲ့တာကြောင့်အဲ့ဒီအချက်တွေကိုပယ်ဖျက်သင့်တယ်”ဟု၎င်းရှင်းပြသည်။

သမ္မတဖြစ်ခွင့်ရှိသည့်စည်းကမ်းများတွင်အခြားသောအုပ်ချုပ်ရေးစီးပွားရေးများစသည့်အမြင်ရှိရမည်ကို လက်ခံ သော်လည်းစစ်ရေးအမြင်ရှိရမည်ဟူသော နေရာတွင်တပ်မတော်တွင်တာဝန်ထမ်းဆောင်ဖူးသူ ဟူသောသဘောမသက်ရောက်ရန်ပြင်ဆင်သင့်ကြောင်းနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက်သီးခြား ဥပဒေပြကဌာန်းပေးနိုင်ရေးတို့ကိုလည်းလုပ်ဆောင်သင့်ကြောင်းဦးညီညီထွန်းကဆိုသည်။

“ပြည်သူတွေကြိုက်အောင်ကောင်းပါတယ်လုပ်သင့်တာပေါ့နိုင်ငံရေးပါတီအနေနဲ့လုပ်သင့်ပါတယ်”ဟု ရန်ကုန် တိုင်းနှင့်ဧရာဝတီတိုင်းအတွင်းအခြခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲများပြုလုပ်သူ ဦးကျော်ဟိုးကပြောကြားသည်။

ပြည်သူတွေအတွက်ပါတီများက လုပ်ဆောင်ပေးခြင်းဖြင့်ရွေးချယ်မှု ကောင်းကောင်းရလာနိုင်ကြောင်း နှင့်ပြည်သူ များအတွက်လက်တွေ့ဆန်သောပြုပြင်ပြောင်းလဲမှုများ လုပ်နိုင်သော ပါတီကိုပြည်သူများ လက်တွေ့ကျကျသိလာနိုင်ကြောင်း၎င်းကဆက်လက်ပြောသည်။

“အောက်ခြေအထိရောက်လာတာနဲ့အမျှပြည်သူတွေစိတ်ဝင်စားမှုပိုလာနိုင်တယ်ဧရာဝတီတိုင်းမှာတော့
အခြေခံဥပဒေပြင်မလားအသစ်ရေးမလား ဆိုတာကိုဆန္ဒကောက်တော့ရာနှုန်းပြည့်ပြင်တာကို အားပေးတယ်”ဟု၎င်းကဆက်လက်ပြောသည်။

လက်ရှိပြုလုပ်နေသောဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးပွဲနှင့် ပက်သတ်ပြီး နေရာအခက်ခဲများ ရှိသော်လည်းလာရောက်ကြသောပြည်သူများကြောင့်ကျေနပ်အားရမှုများရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန် ၊ဧရာဝတီတိုင်းဒေသကြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကော်မတီဝင် ရှေ့နေဦးကျော်ဟိုးကဆိုသည်။

မောင်မျိုး - People power
 



ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၆၇ ရပ်ကွက်က ဒေသခံတွေဟာ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီဌာနက ပေးထားတဲ့ ကတိအတိုင်း နေထိုင် စရာဆောင်ရွက်ပေးဖို့ ဒီနေ့မနက်ပိုင်းက မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မူလပေးထားတဲ့ ကတိအတိုင်းမဟုတ်ဘဲ အောက်တိုဘာ လ ၁၀ ရက်နေ့မှာ အိုးအိမ်ဖွံ့ဖြိုးရေးဦးစီဌာနက စီမံကိန်းနယ်မြေအတွင်းမှာ နေထိုင်နေသူတွေကို ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်က အမှတ် ၁၃၈/၁၅၅ ရပ်ကွက်တွေကို ပြောင်းရွှေ့ခိုင်းခဲ့တာကြောင့် အခုလိုဆန္ဒပြရတာဖြစ်တယ်လို့ ၆၇ ရပ်ကွက်က ဒေသခံ ဦးတော်မီက RFA ကိုပြောပါတယ်။

“အိုးအိမ်ဦးစီးဌာနကလူက ဘာပြောသလဲဆိုတော့ ခင်ဗျားတို့နဲ့ ညှိနှိုင်းဖို့အချိန်မရှိဘူးတဲ့၊ ခင်ဗျားတို့နဲ့ ပြောလို့ရှိရင် ဒီနေ့တစ်နေကုန်ပြီးမှာ မဟုတ်ဘူးဆိုပြီးတော့ ကျနော်တို့ကို ပြောခွင့်မပေးခဲ့ဘူး၊ သူတို့ကနေပြီးတော့မှ ကျနော်တို့ကို ဒီစီမံကိန်းဧရိယာအတွင်းကနေဖယ်ပေးဖို့ မဖယ်ပေးရင် တရားဥပဒေအတိုင်း အရေးယူမယ်ဆိုပြီး ကျနော်တို့ကို ခေါ်ယူပြီး အသိပေးခြိမ်းခြောက်လိုက်တာပေါ့၊ ကျနော်တို့ကလည်း တိုက်ခန်းရမှကျေနပ်နိုင်မယ်၊ မရင်ရင်မပြောင်းရွေ့နိုင်ဘူးလို့ ပြောပြီးတော့ အစည်းအဝေးကတော့ ပျက်သွားတယ်၊ ကျနော်တို့လည်း ပြန်လာခဲ့ကြတာပေါ့နော်၊ နောက်ဆက်တွဲ ကျနော်တို့ မကျေနပ်တဲ့အတွက်ကြောင့်မို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်”

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်ခန်းမမှာ အိုးအိမ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးနဲ့ ရပ်ကွက်နေပြည်သူတွေ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ဧရာဝဏ်နဲ့ ရတနာအိမ်ရာ စီမံကိန်းနယ်မြေတွေမှာ ပါဝင်နေသူတွေ ရွှေ့ပြောင်းပေးဖို့နဲ့ စီမံကိန်းနယ်မြေနဲ့ လွတ်ကင်းရာမှာ လိုင်းခန်းတွေတည်ဆောက်ပေးပြီး စီမံကန်းလုပ်ငန်းခွင်မှာပဲ အလုပ်ခန့်အပ်ပေးအပ်သွားမယ်လို့ ကတိပေးခဲ့ကြောင်း ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။

ဒီတစ်ကြိမ် ဆန္ဒပြတောင်းဆိုတာဟာ ဒုတိယအကြိမ် ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကလည်း မြို့တော်ခန်းမအနီးမှာ ပထမအကြိမ် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

RFA Burmese
 



ကချင်ပြည်နယ်ထဲမှာ မကြာသေးခင်တုန်းက လက်နက်ကိုင် ပဋိပက္ခတွေ တကျော့ပြန် ဖြစ်ပွားခဲ့ပြီးတဲ့နောက် အစိုးရ  စစ်တပ်က ဒေသခံတချို့ကို ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေဆဲဖြစ်တဲ့အတွက် ဒေသခံတချို့ကို ပြောင်းရွှေ့ပေးရတာတွေလည်း ရှိနေတဲ့အကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ကချင်လက်နက် ကိုင်အဖွဲ့တို့ကြား ဗန်းမော်ခရိုင်ထဲမှာ အရင်တပတ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အခုအခါ အခြေအနေတွေ တည်တည် ငြိမ်ငြိမ် ရှိနေပြီလို့ တာဝန်ရှိသူတွေက ပြောဆိုပေမဲ့ ရွာသားတွေကို စစ်ဆေးမေးမြန်းတာ၊ ဖမ်းဆီးတာတွေ ရှိနေတာ ကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်း ထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်တွင်းက မခေါယန်နဲ့ နမ်ဖိုရွာမှာ အောက်တိုဘာလ ၂၅ ရက် သောကြာနေ့က မြန်မာစစ်ကြောင်း ၀င်ရောက်
လာပြီး ရွာသားတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့သလို၊ နန်ဖိုရွာသူကြီး အပါအ၀င် ရွာသား ၈ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လောလောဆယ် ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရဘူးလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုလည်း အကြောင်းကြားထားတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တဦးဖြစ်တဲ့ ဦးဂွန်ဂျာ က ပြောပြပါတယ်။

“၂၅ ရက်နေ့မှာ တပ်တွေက ပြန်ရွှေ့တယ်၊ ရွှေ့ပြီးတော့မှ မန်စီမြို့နယ် မခေါယန်နဲ့ နန်ဖိုရွာမှာ ပြန်ထိုင်နေတယ်။ အဲဒီမှာ ပြန်ထိုင်ပြီးတော့မှ ရွာသားတွေကို စစ်ဆေးမေးမြန်းပြီးမှ ယောက်ကျားတွေတခြား၊ မိန်းမတွေတခြား အဲလို စုပုံပြီးမှ ထားတယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ စစ်ကြောင်းကဝင်လာတဲ့ အခါကျတော့ ရွာသားတွေကလည်းပဲ ကြောက်လန့်ပြီးတော့ ထွက်ပြေး၊ အဲဒီအခါကျတော့ တပ်ကလည်းပဲ ရွာသားလိုလို၊ ရန်သူလိုလိုပေါ့။ အထင်မှားပြီးတော့ အားလုံးကို ပြန်ဖမ်း၊ ပြန်ဖမ်းပြီးတော့ ယောက်ကျားတခြား၊ မိန်းမတခြား စုပြုံပြီးတော့မှ စစ်ဆေးမေးမြန်းချက်လုပ်တဲ့အခါကျတော့ ရွာသားတွေလည်း ကြောက်တဲ့လန့်တဲ့အခါကျတော့ ပြည်သူလူထုက ကျနော်တို့ဆီ အကြောင်းကြားတာပေါ့။ ရွာလူကြီးတစ်ယောက်ကိုလည်း- ဖမ်းသွားတယ်ပြောတယ်။ ဘယ်ရောက်နေလဲမသိဘူး။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မနေ့က ၆ နာရီအချိန်မှာ ကျနော်လည်း တိုင်းကို ပြန်ပြောပြတယ်။ အဲလိုအခြေအနေဖြစ်နေတယ်။ မနေ့ကချက်ခြင်းပဲ တပ်တွေကို ရွာမှာမနေဖို့အတွက်၊ နောက်ပြီး သူတို့လည်း နာမည်စာရင်းတွေယူပြီးမှ အောက်ခြေကိုပြန်စုံစမ်းပြီးတော့မှ အမြန်ဆုံးပြန်လုပ်ပေးနိုင်အောင် လုပ်ပေးမယ်ဆိုပြီး ယူထားတယ်-တဲ့။ အောက်ခြေကတော့ ဒီအဆင့်ပဲရှိသေးတယ်။”

ဒါ့အပြင် မခေါယန်နဲ့ နမ်ဖိုရွာတွေက ရွာသားတွေကိုလည်း ဗန်းမော်မြို့က ဒုက္ခသည်စခန်းတွေဆီ ပြောင်းရွှေ့ နေရာချ ထားဖို့အတွက် ခရစ်ယာန်ဘာသာရေးဆရာတွေက စီစဉ်ဆောင်ရွက်နေတဲ့အကြောင်းလည်း သူက ဆက်ပြောပြပါတယ်။

“သူတို့ ဖမ်းဆီးထားတဲ့ရွာသားတွေကို ပြန်တက်ခေါ်ဖို့အတွက် ဗန်းမော်က ဘာသာရေးဆရာတွေက ကား ၇ စီးနဲ့ ထွက်သွားလိုက်ပါပြီဗျ။ အဲဒါလည်း တိုင်းမှူးကို အကြောင်းကြားခိုင်းတယ်။ တိုင်းမှူးကလည်း သွားခေါ်ပါလို့ ခွင့်ပြုလို့ ဒီညပြန်ထွက်သွားကြပြီ။”

ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း မြန်မာစစ်ကြောင်းတွေကနေ ဗန်မော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါရွာကို ၀င်ရောက်ပစ်ခတ်ခဲ့ပြီး ရွာသား ၅၀၀ လောက်ကို ထိန်းသိမ်းမှုဖြစ်ခဲ့သလို၊ နောက်တနေ့မှာလည်း မန်စီမြို့နယ်တွင်းမှာ KIA ကချင်လွတ်မြောက် ရေးတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ အဲ့ဒီအချိန်က ထိန်းသိမ်းခံခဲ့ရတဲ့ ရွာသား ၅၀၀ လောက်ကတော့ အခု ပြန်လွတ်လာပြီလို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဂွန်ဂျာ က ဗွီအိုအေကို ပြောပါတယ်။

အခုလို ဗန်မော်ခရိုင် မန်စီမြို့နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရကို ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ - ပြည်နယ်ဝန်ကြီးချုပ်က - မန်စီမြို့နယ်တွင်းမှာ အခြေအနေတွေ တည်ငြိမ်နေပြီ ဆိုတာနဲ့ မကြာခင်မှာ အဲ့ဒီဒေသကို UN ထောက်ပံ့ရေးယာဉ်တွေလည်း သွားရောက်တော့မယ်လို့ အခုလို ပြောပါတယ်။

“အခြေအနေက တည်တည်ငြိမ်ငြိမ်ရှိနေပါပြီ။ UN ကနေပြီးမှ ထောက်ပံ့မှုတွေ အကုန်လုံး ခွင့်ပြုထားပြီးသားဖြစ်ပါတယ်။ လာမယ့် တနင်္လာနေ့ကစပြီးတော့မှ ထွက်မှာဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ရေးယာဉ်တွေတောင် သွားနေတယ် ဆိုရင်တော့ အစစအရာရာ အဆင်ပြေနေတဲ့အနေအထားမျိုးမှာ ရှိနေပြီဖြစ်ပါတယ်။ အဘက်ဘက်က ဝိုင်းပြီးမှ - အကောင်းဆုံးဖြစ်အောင် ဝိုင်းပြီးတော့ ညှိပြီး ဆောင်ရွက်နေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် အရှုတ် နီဂမ် (Asok Nigam) ကလည်း - မန်စီမြို့နယ်တွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်ကြရတဲ့ ဒေသခံ ၁၂၀၀ နီးပါးအတွက် စိုးရိမ်ကြောင်းနဲ့ ဒီလူတွေဆီ ချက်ချင်း သွားရောက်ကူညီနိုင်ဖို့အတွက်ကိုလည်း လမ်းကြောင်းဖွင့်ပေးဖို့ရာ သောကြာနေ့ကပဲ ကြေညာချက်ထုတ် တောင်းဆိုထား တာပါ။ ဒီတောင်းဆိုပြီးနောက်မှာ အခုလာမယ့် တနင်္လာနေ့ကို သွားရောက်ဖို့အတွက် အစိုးရတာဝန်ရှိသူတွေက ခွင့်ပြုခဲ့ တာဖြစ်ပါတယ်။

KIO နဲ့ အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ဟာ - တိုက်ပွဲတွေ အရှိန်လျှော့ချရေး၊ တိုက်ပွဲထပ် မဖြစ်အောင် ပူးတွဲစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းဖို့ ဒီလဆန်းပိုင်းက မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ တိုက်ပွဲတွေ ကတော့ ဆက်ဖြစ်နေဆဲပါ။ ဒါ့အပြင် အစိုးရဘက်က ကြိုးပမ်းနေတဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးခင်မှာလည်း - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေချည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာမှာ တွေ့ဆုံဆွေးနွေး ကြဖို့ရှိပါတယ်ရှင်။

မနန္ဒာချမ်း (ဗွီအိုအေ)



“ယောက်ျားက မျှစ်ကြော်စားချင်တာ မဝယ်ကျွေးရဲဘူး”
ထိုစကားသံမှာ အိမ်ရှင်မ တစ်ဦးဖြစ်သူ ဒေါ်စန်းက စိုးရိမ်စိတ်ဖြင့် ပြောလိုက်သော စကားသံ ဖြစ်သည်။ ဈေးထဲတွင် ရောင်းချနေသော မျှစ်များသည် အနီရောင် ဆိုးထားသောကြောင့်ဟု ၎င်းကဆိုသည်။
မီးဖိုချောင် စားသောက်ကုန်များတွင် အရောင်ဆိုးထားသည်က မျှစ်တစ်ခုတည်း မဟုတ်။ ငရုတ်သီးမှုန့်၊ ငါးပိ၊ ငရုတ်ဆီ၊ လက်ဖက်၊ ပုစွန်ချဉ်စသည့် စားသောက်ကုန် များတွင်လည်း ဆိုးဆေး အန္တရာယ်က ရှိနေသည်။

မြန်မာနိုင်ငံ၏ စားသောက်ကုန်များသည် တစ်နှစ်တစ်မျိုး မရိုးရအောင် အမျိုးအစားများ တစ်လှည့်စီဖြင့် စားသုံးရန် မသင့်သော စားသောက်ကုန်များ စာရင်းတွင် ထည့်သွင်းခံရာကာ ကင်ဆာ ဖြစ်စေနိုင်သော ဓာတုဗေဒ ရောနှောထားသည့် အစားအသောက်များ ဖြစ်၍ တားမြစ်သည်၊ စားသုံးရန်မသင့်သော အစားအစာများအဖြစ် သတ်မှတ်သည် စသည်အကြောင်း ပြချက်များဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့က ထုတ်ပြန်လေ့ရှိသည်။

စားသောက်ကုန်တွင် ဆိုးဆေး အသုံးပြုမှုနှင့် ပတ်သက်၍ အများစုသည် စားသုံးသူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် Auramine-O နှင့် Rhodamine-B စသည့် ဆိုးဆေးများ အသုံးပြုခြင်း ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖူးသည်။

ဆိုးဆေး အန္တရာယ်ကြောက်သည့် လှိုင်မြို့နယ်မှ အသက် ၄၈ နှစ်အရွယ်ရှိသူ အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်စန်းက “ငရုတ်သီးကို အခြောက်ဝယ်ပြီး ကိုယ့်ဟာကိုယ်ပဲ ကြိတ်တယ်။ အသင့်လုပ်တွေ မဝယ်စား တော့ဘူး” ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင် စားသောက်ကုန်များတွင် ဆိုးဆေး ထည့်သွင်းသည့် ပြဿနာသည် စီးပွားရေး လောဘသားတို့ကြောင့် စားသုံးသူများအပေါ် ခြိမ်းခြောက်နေသည်မှာ ဆယ်စုနှစ်ခန့် ရှိပြီ ဖြစ်သည်ကို ယင်းကာလတစ်လျှောက် ထုတ်ပြန်မှု ပြုလာခြင်း တို့ကြောင့် သိရသည်။

ယင်းသို့ ဆိုးဆေးပါ အစားအသောက်များ ဈေးကွက်နှင့် စားသုံးသူများကြား ဆက်လက် ရှင်သန်နေသည်မှာ ကျန်းမာရေး ဗဟုသုတ အားနည်းခြင်းကြောင့်လော၊ ယင်းကို ထိန်းချုပ်ရန် ဥပဒေ အားနည်းခြင်းကြောင့်လော၊ တာဝန်ရှိသူတို့က ကြပ်မတ်ရန် လာဘ်စားမှုများ ရှိနေခြင်းကြောင့်လော ဟူ၍ မွေးခွန်းထုတ်စရာ ဖြစ်လာသည်။
ထိုစားသောက်ကုန်များသည် ပြည်တွင်းတွင် သာမက ပြည်ပသို့ တင်ပို့သော စားသောက်ကုန် များတွင်လည်း ဆိုးဆေးများ ပါဝင်မှုကြောင့် နိုင်ငံတကာတွင်လည်း မြန်မာ့စားသောက်ကုန်များ သိက္ခာ ကျဆင်းခဲ့ရသည်။

၂၀၀၉ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ တင်ပို့သော နနွင်းတွင် အသည်းကင်ဆာ ဖြစ်စေသော အဆိပ်တစ်မျိုးဖြစ်သည့် Aflatoxin တွေ့ရှိခဲ့သည်။ ထိုနှစ်တွင်ပင် စင်ကာပူနိုင်ငံသို့ တင်ပို့ခဲ့သော နာမည်ကျော် လက်ဖက်များဖြစ်သည့် အရီးတောင်း လက်ဖက်၊ ယုဇနလက်ဖက်၊ ရွှေတုတ် (အကြော်မျိုးစုံ)၊ စိုးဝင်းတံဆိပ်နှင့် ရွှေလက်ဖက်တို့ကို စားသုံးရန် မသင့်သော ဓာတုဗေဒများ ပါဝင်သည်ကို တွေ့ရှိရသဖြင့် ရောင်းချရန် တားမြစ်ခဲ့သည်။
“အဲဒီတုန်းက နာမည်ကြီး လက်ဖက်တွေပါ ဆိုးဆေးတွေသုံးလို့ အဲဒီကတည်းက လက်ဖက် မစားတော့ဘူး။ တောလက်ဖက်သုပ်တော့ စားတယ်” ဟု အသက် ၃၀ ခန်ရှိ လက်ဖက်သုပ် ကြိုက်သူ ရန်ကုန်မြို့နေ ကိုစိုးက သူ၏အဖြစ်ကို ပြောပြသည်။

မြန်မာလူမျိုးတို့ ထမင်းဝိုင်းတွင် စားသောက်ဖွယ်ရာ တစ်မျိုးဖြစ်သော ငါးပိတွင် အနီရောင် ဆိုးဆေးကို အသုံးပြုခဲ့သည့်အတွက် ဆိုးဆေးပါသော စိမ်းစားငါးပိနှင့် ငါးပိထောင်း အမှတ်တံဆိပ် ခုနစ်မျိုးကို ၂၀၁၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင်လည်း ညောင်ပင်လေးဈေး အတွင်းရှိ လက်ဖက်၊ ငါးပိထောင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ဆီနှင့် ပဲကြီးလှော်တို့တွင် စားသုံးသူများကို ကျန်းမာရေး ထိခိုက်စေသော ဆိုးဆေးများ အသုံးပြုထားသည်ကို တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက တရားထုတ်ပြန်ခဲ့သည်။ ၂၀၁၂ တွင်လည်း ထိုစားသောက်ကုန်များတွင် ဆိုးဆေး တွေ့ပြန်သည်။

၂၀၁၃ တွင်တော့ ငါးပိ ဖြစ်သည်။ အရောင်းဆိုင်များတွင် တွေ့ခြင်းမဟုတ်။ အရောင်းဒိုင်များတွင် တွေ့သည့် အဆင့်ဖြစ်လာသည်။

Auramine-O နှင့် Rhodamine-B ပါသော ဆိုးဆေးများသည် စားသုံးသူကို လတ်တလောတွင် အဆိပ်အတောက် မဖြစ်စေသော်လည်း ရေရှည်တွင် အသည်း၊ ကျောက်ကပ်နှင့် ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်သည့်အပြင် ခန္ဓာကိုယ် ကြီးထွားမှု နှုန်းကိုလည်း ထိခိုက်စေကြောင်းကို မြန်မာနိုင်ငံရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) နှင့် ဆေးသုတေသန ဦးစီးဌာနတို့မှ ဆရာဝန်များနှင့် ဓာတ်ခွဲ ပညာရှင်များ၏ ပြောဆိုချက်အရ သိရသည်။

အမှန်တကယ်မှာ အဝါရောင်ဆိုးဆေး Auramine-O သည် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူနှင့် သားရေတို့ကို အရောင်ဆိုးသည့် ဓာတုဗေဒ ဆိုးဆေးများ ဖြစ်သည်။
ယင်းဆိုးဆေး သုံးစွဲခဲ့ဖူးသူ အချို့၏ အဆိုအရမူ ဆိုးဆေး သုံးစွဲထားသော ပစ္စည်းများသည် ဆိုးဆေးမသုံးသော ပစ္စည်းများထက် ရောင်းပန်း ပိုလှသည့်အပြင် ကြာရှည် အထားခံသည့်အတွက် အသုံးပြုခြင်း ဖြစ်ကြောင်း ပြောပြသည်။
သာကေတမြို့နယ် (၈) ရပ်ကွက်ရှိ အမျိုးသမီးတစ်ဦးကမူ “ငါးပိဆို စိတ်ချရတဲ့ ဝယ်နေကျဆိုင် မဟုတ်ရင် တခြားဆိုင် မဝယ်ဘူး” ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် နေ့စဉ် စားသောက်နေကြသော ဆန်၊ ဆီ၊ ငရုတ်၊ ငါးပိ၊ လက်ဖက်တို့အပြင် ဟင်းသီးဟင်းရွက်၊ အသားငါးနှင့် အသီးအနှံတို့တွင်လည်း ဆိုးဆေးနှင့် ဓာတုဗေဒ ပစ္စည်းများကို စီးပွားရေး လောဘသမားများက အသုံးပြုကြသည်။
၎င်းတို့ အကျိုးအမြတ် ရရှိရန်အတွက် စားသုံးသူများက ရောဂါအဖြစ်ခံ၊ ငွေကြေး အကုန်ကျခံကာ ဝယ်စားနေရသည့် အနေအထားမျိုး ဖြစ်နေသည်။

သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများ၏ ဓာတုဗေဒဆိုးဆေး ရောင်းချပါက အရေးယူမည် ဟူသော ကြေညာချက်သည်လည်း စစ်ဆေးတွေ့ရှိမှု အပြီးတွင် ကြေညာချက် ထုတ်ပြန်နေကျ စည်းကမ်း တစ်ခုကဲ့သို့ ဖြစ်လာသည်။
ဆယ်စုနှစ်နီးပါး ဓာတုဗေဒနှင့် ဆိုးဆေးတို့က ခြိမ်းခြောက် ခံရခြင်း ဂယက်ကို စားသုံးသူတို့ ဘယ်အချိန်မှ လွတ်မြောက်နိုင်မည်နည်းဟု စဉ်းစားဖွယ်။

စားသုံးသူများကလည်း ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များထက် အရောင်လှသည့် အစားအသောက်များကို နှစ်သက်ကျခြင်းကလည်း ဆိုးဆေးထည့် စီးပွားရေး သမားများကို ရေရှည် ရပ်တည်စေသကဲ့သို့ ဖြစ်နေသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနက စားသောက်ကုန် ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်းများ အတွက် စားသုံးရန် သင့်မသင့်ကို ဓာတ်ခွဲစမ်းသပ် ပေးသကဲ့သို့ ကျန်းမာရေးနှင့် ညီညွှတ်စေရန် စည်းကမ်းများလည်း သတ်မှတ်ထားပြီး လိုက်နာခြင်း မရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈ အရ အရေးယူ ခံရမည်ဟု တရားဝင် ထုတ်ပြန်ထားသည်။

၂၀၁၃ သြဂုတ်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် အမျိုးသား အစားအသောက် ဥပဒေကို ပြင်ဆင်သည့်အတွက် ဥပဒေတွင် ပုဒ်မ ၂၈ ပုဒ်မခွဲ (က)တွင် ငွေဒဏ် ကျပ် ၃၀၀,၀၀၀ အထိဆိုသည့် ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဆိုသည့် စကားရပ်ဖြင့် အစားထိုးခဲ့သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှ ကင်ဆာဖြစ်ပွား၍ ဆုံးပါးခဲ့သွားသူ၏ အစ်မဖြစ်သူက“ကျွန်မမောင် ကင်ဆာဖြစ်လို့ ကုတာ သိန်း ၆၀ လောက် ကုန်သွားတယ်။ အသက်ကို ငွေနဲ့ ဆွဲဆန့်ကြည့်တာ မရပါဘူး။ ဆုံးသွားတာပါပဲ” ဟု ဆိုသည်။

အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် နေ့စဉ် စားသောက်နေသော စားသောက်ကုန်များတွင် ကျောက်ကပ်၊ အသည်းနှင့် ကင်ဆာရောဂါ ဖြစ်ပွားစေသော ဓာတုဗေဒ ဆိုးဆေးများနှင့် အခြားဓာတုဗေဒ အာနိသင်များ ပါဝင်လာခြင်းသည် မြန်မာနိုင်ငံရှိ မိသားစု စားသောက်ရေး စီမံရသူ အိမ်ရှင်မများအတွက် စိုးရိမ်စရာ အကြောက်တရားတစ်ခု ဖြစ်လာသည်။

အိမ်ရှင်တစ်ဦးဖြစ်သူ ဒေါ်စန်းတစ်ယောက် အောက်ပါအတိုင်း ပြောဆိုလိုက်ပါသည်။ “ဈေးဝယ်ရင် ဟင်းတွေကို ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလားဆိုပြီး သံသယနဲ့ ကြည့်နေရတယ်”

မင်းထက်စံ

The Voice Weekly