Tuesday, October 15, 2013



ရန်ကုန်၊ အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ထိန်းသိမ်းရေး နယ်မြေအတွင်း ၂ နှစ်အတွင်း မိကျောင်းကောင်ရေ နှစ်ဆတိုး ပေါက်ဖွားလာကြောင်း မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ တောအုပ်ကြီး ဦးဇော်ထူးအောင်က ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်တွင် မိကျောင်းကောင်ရေ ၁၅၀ ကျော်သာ ရှိခဲ့ရာမှ ယခု ၂၀၁၃ ခုနှစ်တွင် ကောင်ရေ ၃၀၀ ခန့်အထိ တိုးပွားလာခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

မိကျောင်းများမှာ ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် အသိုက်များ တည်ဆောက်၍ ဥချလေ့ရှိပြီး ကောင်ရေ စစ်တမ်း ကောက်ယူခြင်းများကို ဆက်လက် လုပ်ဆောင်နေကြောင်း ဦးဇော်ထူးအောင်က ဆိုသည်။
“သဘာဝမှာ ဒီလောက်ကောင်ရေ ရှိတာ ဂေဟစနစ်ကြီး အတွက် ကောင်းပေမယ့် လူတွေကို ပြဿနာ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ နောက်ပြီး မိကျောင်းတွေ ကျင်လည်တဲ့ နေရာကို သဘာဝအခြေခံ ခရီးသွားလာရေး လုပ်ငန်းအဖြစ် အကောင်အထည် ဖော်သင့်ပါတယ်” ဟု မြန်မာ ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းအောင်က သုံးသပ်ပြောကြားသည်။

မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၃၃,၇၇၆ ဧက ကျယ်ဝန်းကြောင်း သစ်တောဦးစီးဌာန အချက်အလက်များအရ သိရသည်။

The Voice Weekly

0 comments:

Post a Comment