Monday, December 2, 2013



ရန်ကုန်၊ ဒီဇင်ဘာ ၁

လုပ်သား ကိုယ်စားလှယ်များ အလုပ်မထုတ်ရန် အပါအဝင် စာချုပ်ပါ အချက်အချို့ကို အလုပ်ရှင်က ချိုးဖောက်သည်ဟုဆိုကာ ရန်ကုန်မြို့တော် လှိုင်သာယာ စက်မှုဇုန် အပိုင်း (၄) ရှိ North Shore အထည်ချုပ်စက်ရုံမှ လုပ်သား ၁၀၀ ကျော် နိုဝင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ ယင်းစက်ရုံ၌ ဆန္ဒပြ တောင်းဆိုနေကြကြောင်း လုပ်သား ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအောင်သူရက ပြောကြားသည်။

အဆိုပါ စက်ရုံတွင် လုပ်ခ တိုးမြှင့်ရေး အပါအဝင် အချက် ခုနစ်ချက်ကို နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး နိုဝင်ဘာလ ၄ ရက်နေ့တွင် အလုပ်ရှင်နှင့် လုပ်သားများအကြား ညှိနှိုင်းမှုများကြောင့် အချက်ခုနစ်ချက်လုံး သဘောတူညီကာ ပြေလည်မှု ရရှိခဲ့သော်လည်း အလုပ်ရှင်ဘက်က ယင်းစာချုပ်ပါ အချက်ခုနစ်ချက်အနက် ဆန္ဒပြ လုပ်သားများကို အလုပ်မထုတ်ရန်၊ လုပ်သားများ သဘောတူညီချက်ဖြင့်သာ အချိန်ပို ခိုင်းစေရန်၊ လုပ်သားများကို ခွဲခြားမဆက်ဆံရန် အချက်သုံးချက်ကို ချိုးဖောက်သဖြင့် ယခုကဲ့သို့ ထပ်မံဆန္ဒပြခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုဝင်ဘာလက ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် လုပ်သားကိုယ်စားလှယ် သုံးဦးမှာ အလုပ်ထုတ်ခံ ထားရကြောင်း လုပ်သားများထံမှ သိရှိရသည်။

လုပ်သားများ ဆန္ဒပြ တောင်းဆိုရသည့် အကြောင်းအရင်းများကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ စက်ရုံကလည်း လုပ်သားများအတွက် ပြည့်ပြည့်စုံစုံ လုပ်ဆောင် ပေးထားကြောင်း North Shore စက်ရုံမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။

North Shore အထည်ချုပ် စက်ရုံတွင် လုပ်သား ၁၀၀၀ ကျော် ရှိသည့်အနက် လုပ်သား ၁၀၀ ကျော် ဆန္ဒပြ တောင်းဆိုနေကြခြင်း ဖြစ်သည်။

The Voice Weekly

0 comments:

Post a Comment