Wednesday, December 25, 2013

နာဂစ်ဒဏ် ကာကွယ်ပေးခဲ့တဲ့ လမုတောတွေ အကာအကွယ်မဲ့ ပျက်သုဉ်းနေ

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ဒီရေတော ထိန်းသိမ်းမှုတွေမှာ နိုင်ငံခြား အကူအညီတွေ ရနေပေမယ့် ဒီရေတောတွေဟာ ကြီးကြီးမားမား ကွယ်ပျောက်လာတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတော ထိန်းသိမ်းမှုမှာ ဂျပန် JICA နဲ့ သဘာဝ ပတ်ဝန်းကျင်အဖွဲ့တွေက ကူညီထောက်ပံ့မှု လုပ်ဆောင် နေပါတယ်။

ဒါပေမယ့် ဘိုကလေးမှာ ရှိတဲ့ မိန်းမလှကြိုးဝိုင်းနဲ့ နောက်ထပ် ကြိုးဝိုင်း(၂)ခုလုံးဟာ လုံးဝ ပြုန်းတီးတော့မယ့် အနေအထားမှာ ရှိနေတယ်လို့ သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

ဒီရေတော ထိန်းသိမ်းမှုဟာ ပျက်စီး ဆုံးရှုံးမှု နဲ့ စာရင် ထောက်ပံ့ရေး ရနေတဲ့ ပမာဏက နည်းလွန်းနေတာကြောင့် သက်ဆိုင်ရာ အစိုးရက ငွေကြေး၊ နည်းပညာနဲ့ မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုး ကူညီမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်တယ်လို့ ဦးဝင်းမျိုးသူက ဆိုပါတယ်။

လက်ရှိမှာ ဂျပန်JICA ဟာ (၂၀၁၃)ခုနှစ် နိုဝင်ဘာလကနေ (၂၀၁၇)ခုနှစ် အထိ (၄)နှစ်တာကာလအတွင်း မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောထိန်းသိမ်းမှုအတွက် ယန်းငွေ (၅၈၃)သန်း ကူညီထောက်ပံ့မှု ပေးထားပါတယ်။

ဒီစီမံကိန်းမှာ ဒီရေတော စိုက်ခင်းဧက (၃)ထောင်ကျော် စိုက်ပျိုးမယ့် စီမံကိန်းရေးဆွဲမှု၊ ဘိုကလေးမြို့နယ် ကဒုံကနိကြိုးဝိုင်းမှာ မုန်တိုင်းဒဏ်ခံမယ့် အဆောက်အဦ နေရာ ရွေးချယ်သတ်မှတ်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဒါကို အစိုးရ သစ်တောရေးရာ ဝန်ကြီးဌာနက တိုက်ရိုက်တာဝန်ယူ လုပ်ဆောင်နေတာ ဖြစ်ပြီး စောစောက ဦးဝင်းမျိုးသူ ပြောသလို အန်ဂျီအိုတွေကို အစိုးရက ရံပုံငွေ ထောက်ပံ့တာမျိုးတော့ မရှိသေးပါဘူး။
အန်ဂျီအိုတွေ ဖက်ကတော့အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်လို့ ထောက်ပြဝေဖန်ထားပါတယ်။

ဒီလို ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောဌာနက ဦးစီးအရာရှိ ဒေါက်တာတိုးတိုးအောင် ကတော့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ကာလတွေမှာ သစ်တောနဲ့ ဒီရေတော ပြုန်းတီးမှုတွေ ပိုမို ဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေမှာ မြစ်ဝကျွန်းပေါ်ဒေသ ထိန်းသိမ်းရေးနဲ့ သဘာဝ ဘေးအန္တာရာယ် ကြိုတင်ကာကွယ်ရေးကို NGOနဲ့ သဘာဝပတ်ဝန်းကျင် အဖွဲ့ တချို့လောက်ကပဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ပြည်သူအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၀ ကျော်စုပေါင်းပြီး ဆန္ဒပြဖို့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေထံ မနေ့က အကြောင်းကြားစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသာ ခေါင်းဆောင်တွေအနေနဲ့ ဆန္ဒပြပွဲမှာပါဝင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။

“တိုင်းပြည်အပြောင်းအလဲမှာ သူတို့တွေကနေပြီးတော့ နိုင်ငံသားတွေ ပါဝင်ခွင့်တွေကို ဥပဒေက တဖက်ကပြဌာန်းပြီးတော့ ဒီဥပဒေအရ တဖက်ကနေ ချုပ်နှောင်ထားတာတွေ ပေါ်လာတဲ့အတွက် ရေရှည်မှာ နိုင်ငံသားတွေ ပါဝင်တဲ့ကိစ္စတွေမှာ အငြင်းပွားမှုတွေ အများကြီးဖြစ်လာနိုင်သလို ဆန္ဒပြုမှု ကိုယ်စားပြုမှု စစ်စစ်မှန်မှန် မရလိုက်မှာကို ကျနော်တို့အများကြီး စိုးရိမ်ပါတယ်”

ဒီဆန္ဒပြပွဲအတွက် လာမယ့်သီတင်းပတ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခွင့်ရဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ခွင့်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာပုဒ်မ ၁၈ ပြင်ဆင်ရေးအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တရားစွဲဆိုထားဆဲအမှုတွေကို ဖျက်သိမ်းပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုကြမှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်နဲ့ ပုဒ်မ ၁၈ အပါအ၀င် နိုင်ငံရေးအမှုနဲ့ တရားစွဲဆိုခံထားရသူ ၁၅၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese


မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောကြားလိုက်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူတွေအတွက် အကျိုးမဖြစ်စေသလို တိုင်းရင်းသား အခွင့်အရေးတွေလည်း ကင်းမဲ့နေတဲ့အတွက် SNLD ပါတီအနေနဲ့ လက်မခံနိုင်ကြောင်း ၊ ဒါကြောင့် ဒီဖွဲ့စည်းပုံကိုမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲကို မဝင်ဖို့ဆုံးဖြတ်ထားကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

“အရင်တုန်းကလိုပဲ လုံးဝမပြင်ဘူးဆိုရင်တော့ ကျနော်တို့ အရင်တုန်းက ခံယူတဲ့အတိုင်းပဲ မဝင်ပဲနေဖို့တော့ အစီအစဉ်တွေများတယ်၊ လုံးဝမပြင်ဘူးဆိုရင်တော့ လုံးဝမဝင်ဘူးဆိုတဲ့ သဘောမျိုးသက်ရောက်လိမ့်မယ်၊ လောလောဆယ် ပြောင်းလဲလာတယ်၊ အများပြည်သူကလည်း တောင်းဆိုတယ်ဆိုတော့ ဝင်ဖို့ဆိုတာကတော့ ကျနော်တို့က စဉ်းစားရတော့မယ့် အခြေအနေမျိုးမှာရှိပါတယ်၊ ဒီဖွဲ့စည်းပုံ မပြင်ဘူးဆိုရင်တော့ ကျနော်တို့ဒါရင်းခဲ့တာတွေ၊ ဘဝတွေ ပေးဆပ်ခဲ့တာတွေကလည်း အလကားဖြစ်ကုန်မှာပေါ့၊ ကျနော်တို့ရဲ့ ယုံကြည်ချက်က ဒီဖွဲ့စည်းပုံက ပြည်သူအတွက် ဘာမှအကျိုးမရှိဘူး၊ တိုင်းရင်းသားတွေအတွက်လည်း ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့် မဝင်ပဲနေခဲ့တယ်၊ အသိအမှတ်လည်း မပြုခဲ့ဘူးလေ၊ ညီလာခံကနေ ထွက်ခဲ့တာပဲ”

SNLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးအနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား အင်အားကြီးပါတီတစ်ခု ဖြစ်ပါတယ်။ ပါတီအနေနဲ့ စစ်အစိုးရရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ခုနှစ်တုန်းကကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်ခဲ့ပါဘူး။ လက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်မှာကော်မတီဖွဲ့ပြီး လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် SNLD ပါတီအနေနဲ့ ဒီဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ သေချာနေပြီဆိုမှသာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

Sunday, December 22, 2013



၄၄ နှစ်ကြာ တကျော့ပြန်

၄၄ နှစ်ကြာမှ တကျော့ပြန် ကျင်းပပြုလုပ်ခွင့်ရတဲ့ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကတော့ ကိုရွှေမြန်မာတွေကို ဖမ်းစားလိုက်နိုင်ခဲ့ပါတယ်။ ဆိုးသည်၊ ကောင်းသည် စကားနှစ်လီတွေကလည်း စိတ်ဝင်စားဖို့ တွေးဖို့ ဖြစ်ရပါတယ်။

ဆီးဂိမ်းဖွင့်ပွဲ အကြောင်းပြောရင် တရားအားထုတ် တရုတ် အားထား ဆွေမျိုးပေါက်ဖော်တွေ တွဲလျက်ပါလာတာလည်း ထူးနေပြန်ပါတယ်။ ဘောလုံးပွဲတွေမှာ ဦးအောင်ဇေယျကို ပွဲထုတ်လာသူတွေ တွေ့မြင်ရတော့ ဘယ်လို ပြောရမယ် မသိအောင် ဖြစ်ရပြန်ပါတယ်။ ကတ်ပြားတပ်ခြင်း၊ မတပ်ခြင်းကို သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်က သူ့ဖေ့စ်ဘွတ်မှာ ဓာတ်ပုံတွေ ယှဉ်တင်လာတာ တွေ့ရပြန်တော့လည်း “ညီမလေးရယ် စိုးရိမ်မိတယ်” ဆိုတဲ့ ၀တ္ထုခေါင်းစဉ် ပြေးမြင် မိပြန်ပါတယ်။

ဆီးဂိမ်းဖွင့်ပွဲနဲ့ ပတ်သက်ပြီး မြင်စရာ၊ တွေးစရာနဲ့ ကောင်းတာတွေ ဖေ့စ်ဘွတ်မှာ ရေးတင်ထား ကြတာ မျှဝေ ပေးချင်ပါတယ်။

ဖွင့်ပွဲမှာ လူအင်အား ၁ သောင်းကျော် သုံးပြီး သရုပ်ပြ တင်ဆက်ခဲ့တာ၊ အများစုက ယဉ်ကျေးမှုသင်တန်း ကျောင်းသားတွေနဲ့ တပ်မတော်သားတွေလည်း ပါတယ်လို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။ သရုပ်ပြ တင်ဆက်ခဲ့တဲ့ ကလေးတွေအကြောင်း ရေးတင်ထားတာ အရင် ဖတ်ကြည့်ကြပါ။

“ဆီးဂိမ်းဖွင့်ပွဲကို မလိုတမာ ရှုတ်ချကဲ့ရဲ့ ပြောနေကြတဲ့ သူတွေကို တခုပဲ ကျနော် ပြောချင်ပါတယ်၊ ကျန်တာတွေ ဘာမှ မချီးမွမ်းချင်နေကြပါ၊ လပေါင်းများစွာ ကတည်းက နေ့စဉ်နဲ့အမျှ ချွေးဒီးဒီးကျအောင် သရုပ်ဖော်ကွက်တွေ၊ အဆိုနဲ့ အကတွေကို လေ့ကျင့်ခဲ့ကြရတဲ့ ခင်ဗျားတို့ရဲ့ သားသမီးအရွယ်၊ တူ၊ တူမအရွယ်၊ ညီနဲ့ ညီမငယ်အရွယ်လေးတွေရဲ့ ကြိုးပမ်း အားထုတ်ခဲ့ရမှုတွေကို နည်းနည်းလောက်တော့ အသိအမှတ် ပြုသင့်ပါတယ်၊ စင်ပေါ်မှာ နာရီဝက်လောက်သာ ကြာမယ့် တင်ဆက်မှု ၁ ခုကို အနည်းဆုံး အကြိမ် ၁၀၀ ထက်မနည်း သူတို့လေးတွေ လေ့ကျင့်ခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက သူတို့တတွေ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတာပါ။ ညနေ တန်းဖြုတ်ချိန် ရောက်ပြီး ရေချိုး ထမင်းစားပြီးလို့ ညဘက်အချိန်ထိအောင် လေ့ကျင့်နေတဲ့ ကလေးတွေကို သက်ဆိုင်သူတယောက်က မေးကြည့်တယ်တဲ့။ “သမီးတို့က ကိုယ်ပိုင်အချိန်မှာ မနားဘဲ ဘာလို့ ညကြီးမှာ ထပ် လေ့ကျင့်ကြတာလဲ” သူတို့လေးတွေရဲ့ အဖြေက “သမီးတို့ မညီရင် သမီးတို့ နိုင်ငံကို အထင်သေးသွားကြမှာပေါ့” တဲ့။ တကယ်ကို စိတ်ဓာတ် မြင့်မားတဲ့ ကလေးတွေနော်။ သူတို့တွေရဲ့ ကြိုးစားမှုကို ကျနော်တော့ မျက်ရည်ကျမတတ် ၀မ်းမြောက်မိပါတယ်။ ဒါကို တရုတ်က မီးထွန်းပေးလို့သာ ဒီ အခမ်းအနားကြီး ဖြစ်တာပါကွာလို့ ပြောလိုက်တာနဲ့ ဒီကလေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မြောင်းထဲကို ကန်ချလိုက်သလို ပါပဲဆိုတာ စဉ်းစားမိကြရဲ့လား ခင်ဗျာ။ ၀မ်းသာဂုဏ်ယူ နေကြသူတွေဘက်က ကြည့်ရင်လည်း ဒီလို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဂုဏ်ယူဝင့်ကြွားမှု မလုပ်နိုင်ခဲ့တာ “ရာစုနှစ် တ၀က် နီးပါးလောက်” ကြာခဲ့ပါပြီ။ အခုလို ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ ၀မ်းမြောက်ဂုဏ်ယူ နေကြတာလေးကို နည်းနည်းလောက်တော့ မုဒိတာ ပွားပေးကြပါလားဗျာ။”

ကလေးတွေ မိုးထဲလေထဲ အကာအရံမဲ့ ကွင်းပြင် ကွက်လပ်တွေထဲ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း လေ့ကျင့်နေကြပုံ ဓာတ်ပုံနဲ့ တွဲတင်ထားတာပါ။ ဆီးဂိမ်းဖွင့်ပွဲ တီဗွီမှာ ကြည့်လိုက်ရကတည်းက သရုပ်ပြ တင်ဆက်ခဲ့ကြတဲ့ ကလေးတွေ ဘယ်လောက် လေ့ကျင့်ထားတယ်ဆိုတာ ခန့်မှန်း ကြည့်မိထားပြီး ချီးကျူးနေမိတာပါ။ စင်ကာပူ တီဗီချန်နယ်ဖိုက်က ပရီစင်တာဆို တချိန်လုံး ချီးကျူး ဂုဏ်ပြုစကား ပြောနေတာ တွေ့ရပါတယ်။ ၂၀၁၅ သူတို့ အိမ်ရှင် အလှည့်ကျ ဒီလိုမျိုး ခမ်းခမ်းနားနားဖြစ်အောင် လုပ်ရမယ်လို့လည်း ပြောသွားတာ ကြားလိုက်ရပါတယ်။ (မြန်မာ့ရုပ်မြင်သံကြား ပရီစင်န်တာကတော့ နားထောင်ရ အတော်ဆိုးပါတယ်၊ အခမ်းအနား အစီအစဉ် ကြေညာသူတွေ အသံအတိုင်း လွှင့်ပေးရင်တောင် တော်တော် အဆင်ပြေမှာပါ။ ပြောတတ် ဆိုတတ် သူတွေလည်း မျိုးဆက်ပြတ်ကုန်ပြီထင်ပါ့)။

မတူကွဲပြားတဲ့ အမြင်တွေ

ဒါလေးကတော့ စင်ကာပူမှာ အလုပ် လုပ်နေတဲ့ မြန်မာတဦး ရေးတင်ထားတာပါ။

စင်ကာပူနေ ညီငယ်တယောက်ရဲ့ အလုပ်ထဲက စင်ကာပူရီယန်မိတ်ဆွေက ပြောပါတယ်။ ဆီးဂိမ်းပွဲကြီး ညက ကြည့်ပြီး မနက်မှာ ပြောတာပါ။

“မင်းတို့ အစိုးရက ဒီပွဲကြီးအတွက် ပိုက်ဆံတွေ သုံးလှချည်လား၊ တကယ်ဆို ဆေးရုံတွေ များများ ဆောက်ပါတော့လား၊ ငါ့ရဲ့ မြန်မာ သူငယ်ချင်းတွေ တခါလာ သူတို့ ဆွေမျိုးတွေ ဆေးကုတော့မယ်ဆို စင်ကာပူလာ ဘန်ကောက် သွားနဲ့” လို့ ပြောပါတယ်။ ဒီစကားရဲ့ နောက်ကွယ်မှာတော့။

မြန်မာပြည် အနေအထားကို စေတနာနဲ့ အားမလို အားမရ ဖြစ်တာလည်းပါမယ်။ စင်ကာပူ နိုင်ငံသားအနေနဲ့ အထက်စီးက ပါးပါးလေး ကျောတာလည်းပါမယ်ပေါ့လေ။ (မြန်မာနိုင်ငံက ပိုက်ဆံရှိသူတွေ ကျန်းမာရေးကိစ္စ ထစ်ခနဲရှိ အကဲပိုကြတာလည်း ပါသပေါ့) ဘာပဲဖြစ်ဖြစ် တွေးစရာ တခုတော့ ရတာပါပဲ။

ချမ်းသာတဲ့ စင်ကာပူမှာတောင် နှစ်တိုင်း အမျိုးသားနေ့ပွဲကို တခမ်းတနား လုပ်တဲ့အခါ နီနီရဲအောင် ၀တ်လို့ သွားအားပေးကြတဲ့သူတွေ ရှိသလို မလိုအပ်ဘဲ ပိုက်ဆံတွေ ဖြုန်းတယ်လို့ ယူဆပြီး အစိုးရကို တဲ့တိုး ဝေဖန်သူတွေလည်း အများကြီးပေါ့။ ဒါပေမယ့် နိုင်ငံသားတွေကတော့ ပြောင်ပြောင် ယောင်ယောင်နဲ့ အခြေခံ လိုအပ်ချက်တွေတော့ ပြည်စုံကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းမှာ အင်ဒိုအစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော် သုံးခဲ့ရပါတယ်။ မြန်မာအစိုးရရဲ့ တာဝန်ရှိသူတဦး အဆိုအရလည်း အဲဒီ ပမာဏထက်မနည်း သုံးမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသာ မကူရင် မီးရှူးမီးပန်းဖောက်ဖို့တောင် အတော် စဉ်းစားရမှာပါ။ တရုတ်က သူတို့ဆီ လုပ်သွားတဲ့ ၂၀၀၈ အိုလံပစ်ပွဲ၊ ၂၀၁၀ အာရှ အားကစားပွဲတွေမှာ ဖွင့်ပွဲနဲ့ ပိတ်ပွဲ သရုပ်ပြ တာဝန်ယူခဲ့တဲ့ အားကစား ကော်ပိုရေးရှင်းတခုကို လွှတ်ပြီး နည်းပညာရော လူအင်အား ၇၀၀ ပါ အကူအညီ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ် ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောခွင့်ရ ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ဖေ့စ်ဘွတ်မှာ အခုလို ရေးတင်ထားပါတယ်။

“၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ အသံ၊ မီးနဲ့ မီးရှူး မီးပန်းများနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှ နည်းပညာကို အသုံးပြုတဲ့အပေါ် ဝေဖန်နေတာ တွေ့ရပါတယ်။

“မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ အစိုးရက လုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက အိမ်ရှင်အဖြစ် ကျင်းပတာ ဖြစ်ပါတယ်။ အစိုးရက ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပေးတာပါ။ ဒါကြောင့် ဒီပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူများရဲ့ အောင်ပွဲ ဖြစ်ပါတယ်။

“ဒါကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ ခမ်းနားစွာ ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာ မှန်သမျှ အသုံးပြုမှာပဲ ဖြစ်ပါတယ်။ အသံ၊ မီးနဲ့ မီးရှူးမီးပန်းများနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံက နည်းပညာကို အသုံးပြုခဲ့သလို ရုပ်သံရိုက်ကူး ထုတ်လွှင့်ရေးနဲ့ ပတ်သက်ရင် အမေရိကန် နိုင်ငံက Grass Valley ကုမ္ပဏီက ပစ္စည်းများနဲ့ နည်းပညာကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ရိုက်ကူးရေး ၀န်ထမ်းများကို လေ့ကျင့်ပေးဖို့အတွက် ပြင်သစ် CFI အဖွဲ့အစည်းနဲ့ ဗြိတိန်နိုင်ငံက BBC Media Action တို့က အကူအညီ ပေးခဲ့ပါတယ်။

“ဘာတွေ လုပ်နိုင်ခဲ့တယ် ဆိုတာကို အသိအမှတ် မပြုနိုင်ဘဲ ဘယ်သူလုပ်တာ ဆိုတာကိုပဲ ကြည့်ပြီး ပြောနေသူများ၊ လန်ဒန်အိုလံပစ်မှာလည်း တရုတ်နည်းပညာများ သုံးခဲ့ကြောင်း အောက်ပါ လင့်ခ်များမှာ လေ့လာကြည့် စေလိုပါတယ်။ မသိတဲ့လူတွေပြောတာ နားလည်ပေးနိုင်ပေမယ့် စာဖတ်ပြီး သိအောင်လုပ်ရမယ့် နိုင်ငံရေးလောကက ပုဂ်္ဂိုလ်များက ပြောတာကိုတော့ သူတို့ဝမ်းစာ မပြည့်မှုအတွက် စိတ်မကောင်း ဖြစ်ရပါတယ်။”

အစိုးရပိုင်းက အခုလို သဘောထားမှတ်ချက်ပေးသလို ဆီးဂိမ်းကို လက်မခံနိုင်တဲ့ မတူကွဲပြားတဲ့ သဘောထားတွေလည်း ဖေ့စ်ဘွတ်ပေါ်မှာ ရှိပါတယ်။ ဖတ်ကြည့်ပါဦး။

“အခု ကျင်းပနေတဲ့ ဆီးဂိမ်းနဲ့ပတ်သတ်ပြီး ကျမဝေါ (wall) မှာ လက်ခံသူရော လက်မခံသူပါ တွေ့ရပါတယ်၊ မနေ့က ဖွင့်ပွဲ အပြီးမှာတော့ နှစ်ဖက်စလုံးက အသံတွေ ပိုမို ကျယ်လောင်လာကြရင်းက အချင်းချင်း ထိုးနှက် တိုက်ခိုက်ကြတဲ့ အရေးအသားတွေပါ တွေ့လာရပါတယ်။ ကျမတဦးတည်းရဲ့ သဘောထားအရတော့ ဒီဆီးဂိမ်းကို လက်မခံပါဘူး။ ဒါပေမယ့် လက်ခံပြီး ပျော်ရွှင်စွာ ဂုဏ်ယူကြောင်း ဆိုနေသူတွေကိုလည်း မဆန့်ကျင် မတိုက်ခိုက်လိုပါဘူး။ ကျမအနေနဲ့ ဘာလို့ ဒီဆီးဂိမ်းကို လက်မခံကြောင်း ပြောပါမယ်။

ဆီးဂိမ်းမှာသုံးဖို့ မီးလုံးတွေအတွက် အသုံးပြုတဲ့ ငွေကြေးတန်ဖိုး သိန်း ၇ ထောင်ကျော်လို့ ကြားတဲ့အခါ လျှပ်စစ်မီးတောင် မရှိတဲ့ မြန်မာပြည်အနှံ့က ကျေးရွာပေါင်း ၄ သောင်းကျော် အကြောင်း တွေးမိပြီး အားနာလို့ ကျမ ဂုဏ်မယူနိုင်ပါဘူး။

 “မြန်မာ မြန်မာ မြန်မာတဲ့ဟေ့” ဆိုတဲ့ ဆီးဂိမ်း ဂုဏ်ပြုသီချင်းသံကြားတိုင်း အိမ်ပေါင် လယ်ရောင်းပြီး ရေခြားမြေခြားမှာ မျက်နှာငယ်စွာ အလုပ်ကြမ်း သွားလုပ်နေရတဲ့ ကိုယ့်ပြည်သားတွေ မျက်နှာ ပြေးပြေးမြင်မိလို့ ကျမ ဂုဏ်မယူနိုင်ပါဘူး။

ဆီးဂိမ်းမှာ လွှင့်ဖောက်လိုက်တဲ့ မီးရှူးမီးပန်း ရောင်စုံကို မြင်ရတဲ့အခါ ဗုံးသံကျည်သံတွေကြား အိုးပစ် အိမ်ပစ် စစ်ပြေးနေရတဲ့ ကိုယ့်တိုင်းရင်းသား သွေးချင်းတွေကို မြင်ယောင်ပြီး ကျမ ဂုဏ်မယူနိုင်ပါဘူး။

မပြေလည်သေးတဲ့ ကြေးနီမိုင်း ပြဿနာနဲ့ သမ္မတဦးသိန်းစိန် သက်တမ်းအပြီးမှာ ဘယ်လို ရှေ့ဆက်ရမယ် မသိသေးတဲ့ မြစ်ဆုံဆည်နဲ့ ဧရာဝတီရဲ့ အရေးက အဖြေမထွက်သေးခင်၊ တရုတ်ရဲ့ ကျေးဇူးရှိတယ်လို့ လူသိရှင်ကြား တရားဝင် ထုတ်ဖော်ပြောထားတဲ့ အစိုးရဟာ ဒီဆီးဂိမ်းအတွက် ကျေးဇူးရှင် တရုတ်ဆီမှာ အမေရိကန် ဒေါ်လာ ၃၆ သန်းဖိုး ကျေးဇူးကြွေး ထပ်တင်ခံလိုက်တဲ့အခါ အလန့်တကြားနဲ့ ကျမ ဘယ်လိုမှ ဂုဏ်မယူနိုင်ပါဘူး။

ဒါဆို ဒါတွေကို ဂုဏ်မယူဘူးဆိုတော့ ကျမက ဘာကိုမှ ဂုဏ်မယူတတ်ဘူးလား၊ ဘာကိုမှ ဂုဏ်မယူချင် ဘူးလား မေးလာခဲ့ရင် ကျမက ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးအတွက် သိပ်ကို ဂုဏ်ယူချင်နေသူပါလို့ပဲ ဖြေပါရစေ။

တိုင်းပြည်ရဲ့ တဦးချင်း အနည်းဆုံး လုပ်ခလစာဟာ ဒေသတွင်းနိုင်ငံတွေကို ဥပမာ –  ထိုင်းလောက်၊ ဗီယက်နမ် လောက်ကို မီလာတဲ့အခါ ဂုဏ်ယူလိုက်မှာပါ။

တိုင်းပြည် အလုံးစုံ ငြိမ်းချမ်းလို့ ကျမတို့ အမြဲဆိုနေတဲ့ ကမ္ဘာမကျေ သီချင်းထဲက “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ” ဆိုတဲ့ စာသားလေးကို ဘယ်သူ့မှ အားမနာဘဲ ဆိုခွင့်ရပြီဆိုတဲ့အခါ ကျမဂုဏ်ယူလိုက်ပါမယ်။

ကျမတို့ တက္ကသိုလ်တွေက ပေးတဲ့ ဘွဲ့လက်မှတ်တွေကို အခု ဆီးဂိမ်းမှာ ၀င်ဆင်နွှဲနေကြတဲ့ နိုင်ငံတွေရဲ့ တက္ကသိုလ်တွေက လေးလေးစားစား အသိအမှတ်ပြုကြပြီ ဆိုတဲ့အခါ ကျမ ရှေ့ဆုံးက ဂုဏ်ယူလိုက်ပါမယ်။

ကားလမ်းမပေါ်တက်ပြီး ဘောလုံးကန်၊ စွန်လွှတ် လုပ်နေကြရတဲ့ ကျမတို့ ကလေးတွေအတွက် ရပ်ကွက်ကစားကွင်းတွေ၊ ကျောင်းကစားကွင်းတွေ သူများနိုင်ငံတွေမှာလို အပြည့်အစုံ ရှိလာတဲ့တနေ့၊ ကျမ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်မြန်မာ့ အားကစားလောကအတွက် ရှေ့ဆုံးကကို ခေါင်းမော့ ဂုဏ်ယူပြပါမယ်။

အခုတော့ ကျမ ဘယ်လိုမှ ဂုဏ်မယူနိုင်ပါဘူး။ အကောင်းမမြင်တတ်ဘူးလို့ ပြောလာခဲ့ရင်လည်း ငယ်ငယ်တုန်းက ကလေးတွေ စကားနိုင်လုရင်း ပြောသလို၊ အကောင်းလား ပြည်ကြီးမှာလို့ပဲ ပြောရပါလိမ့်မယ်”

မေတ္တ္တာရပ်ပြီ

ဒီလို အမြင်သဘောထားတွေ တွေ့မြင် ဖတ်ရှုရတာလည်း တွေးဆဖို့ ဖြစ်ရပါတယ်။ အခု ဒီစာရေးနေတဲ့ အချိန်မှာ ဆီးဂိမ်းဖွင့်ပွဲအပြီး ပရိသတ် စိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ မြန်မာနဲ့ ထိုင်း ဘောလုံးပွဲ ကန်ပါတော့မယ်၊ ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွေနဲ့ ဖွားဘက်တော် ဖြစ်လာတာကတော့ လက်မှတ်မှောင်ခိုနဲ့ အရက်မှောင်ခိုပါပဲ။ ဒီသံသရာက လည်ကောင်းတုန်း။

ထိုင်းနိုင်ငံနေ မိတ်ဆွေတဦးက အခုလို မေတ္တာရပ်စာ ရေးတင်ပါတယ်။

အထူးသတိပေးခြင်း – ယနေ့ မြန်မာ – ထိုင်း ဘောလုံးပွဲ အား ဘောလုံးကွင်းအတွင်းမှ သွားရောက် အားပေးကြမည့် ဘောလုံးဝါသနာရှင်များ အနေနှင့် ထိုင်း လူမျိုးများအား နာကြည်းစိတ် ဖြစ်ပေါ်စေမည့် အပြုအမူ အသုံးအနှုန်း များအား မပြုလုပ်ကြပါရန် အထူး သတိပေးအပ်ပါသည်။ ထိုင်းနိုင်ငံတွင် ကျနော်တို့ နိုင်ငံသားများ အမြောက်အမြား အလုပ်လုပ်နေကြသည်ကို သတိပြုစေလိုပါသည်။ ပဋိပက္ခ များကြောင့် မလေးရှားရောက် မြန်မာများ ဒုက္ခရောက် ကြရသည်ကို မမေ့အပ်ပါ။

မေတ္တာဖြင့် …။

သူစိုးရိမ်လည်း စိုးရိမ်စရာပါ။ ဘောပွဲသွားအားပေးတာ ဦးအောင်ဇေယျ ဓာတ်ပုံပါ ဗီနိုင်းကြီး ကိုင်လို့။ ဆီးဂိမ်းဖွင့်ပွဲအတွက် ဂုဏ်ယူနေကြတုန်း စိတ်ဓာတ်တွေ အောက်တန်း ကျတာ တပြိုင်တည်း ပြနေသလိုပါပဲ။ ဒါ ဆင်ခြင်ဉာဏ် နည်းတဲ့ လူနည်းစု လုပ်ရပ်ပါ။ ဒါမျိုးကို တာဝန်ရှိတဲ့ လုံခြုံရေးတွေ လက်ပိုက်ကြည့်မနေဘဲ ပြတ်ပြတ်သားသား ထိထိ ရောက်ရောက် အရေးယူဖို့ လိုပါတယ်။ အရေးယူရ ကောင်းမှန်း သိဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဆီးဂိမ်း ခြင်းခတ်ပြိုင်ပွဲ သွားအားပေးရင်း ပြောသွားတဲ့ စကား တခွန်းနဲ့ ဒီစာစုကို အဆုံးသတ်ပါမယ်။

“ရှုံးလို့ရှိရင်လည်း မယိုင်နဲ့၊ နိုင်လို့ရှိရင်လည်း မကျောနဲ့၊ နိုင်တယ် ဆိုတာတောင်မှ သိက္ခာရှိရှိနိုင်မှ ဂုဏ်ရှိတာ”

ပြည်သူ့ခေတ်ဂျာနယ် အတွဲ – ၄၊ အမှတ် – ၁၇၆ မှ ရွှေအာင်၏ ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။

By ရွှေအောင် (ဒီဗွီဘီ)


နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံဟာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထည်ထည်ဝါဝါ ဖွင့်လှစ် နိုင်ခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ ချီးကျူး ထောမနာပြုခြင်းကို ခံခဲ့ရပါတယ်။

အားကစားပြိုင်ပွဲမှာ ဆုတံဆိပ် ရရှိမှုဟာလည်း ထိပ်ဆုံး လေးနိုင်ငံအတွင်း ရပ်တည် နိုင်ခဲ့တဲ့အတွက် နှစ်ထောင်းအားရ ဖြစ်နေတဲ့ နိုင်ငံသားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အမျိုးသား ဘောလုံးပြိုင်ပွဲနဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေဟာ တစ်မျိုးသားလုံး အားပေးခဲ့ကြပေမယ့် အောင်မြင်မှုတွေနဲ့ ဝေးကွာ ခဲ့ရပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းတွေကို ဘယ်လိုပဲ ထုတ်ပြထုတ်ပြ လက်ရှိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဟာ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ အချိန်တန်ပြီဆိုတာ အချက်ပေးလိုက်တာ ဖြစ်ပါတယ်။ လူဦးရေ သန်းပေါင်း ၆၀ အားပေးတဲ့ ကစားနည်းတစ်ခုကို နိုင်ငံတော်က ငွေကြေး ပံ့ပိုးမှုတွေ ကြီးကြီးမားမား မပြုလုပ်ဘဲ ပြင်ပက သူဌေးကြီးတွေကို တာဝန်တွေ ပုံပေးပြီး အားကိုးနေတာဟာ သဘာဝ မကျပါဘူး။ ဘောလုံးအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံက အားကစား အဖွဲ့ချုပ်တွေရဲ့ ဥက္ကဋ္ဌများဟာ ငွေကြေးချမ်းသာတဲ့ ခရိုနီ သူဌေးကြီးတွေကို တာဝန်တွေ ပုံပေးပြီး အားကိုးနေတာဟာ သဘာဝ မကျပါဘူး။

ဘောလုံးအဖွဲ့ချုပ် အပါအဝင် မြန်မာနိုင်ငံက အားကစား အဖွဲ့ချုပ်တွေရဲ့ ဥက္ကဋ္ဌများဟာ ငွေကြေး ချမ်းသာတဲ့ သူဌေးကြီးတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ အားကစားအကြောင်း ခြေခြေမြစ်မြစ် နားမလည်ပေမယ့် ငွေကြေး အဓိက စိုက်ထုတ်သူတွေ ဖြစ်တဲ့အတွက် သက်ဆိုင်ရာအဖွဲ့မှာ သြဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်လာပါတယ်။ အားကစားကို နှစ်ပေါင်းများစွာ ဘဝကို မြှုပ်နှံပြီး ဆောင်ရွက်ခဲ့တဲ့ အားကစားသမားတွေဟာ သူကျွမ်းကျင်ရာ အဖွဲ့မှာ ဥက္ကဋ္ဌ ဖြစ်သူရဲ့ အရိပ်အကဲကို ကြည့်နေရသူ ဖြစ် ပြီး ပြုပြင်ပြောင်းလဲရမယ့် ကိစ္စတွေ ထိပ်တိုက်ပြောဆိုဖို့ ဖြစ်လာတိုင်း လူမုန်း မခံဘဲ ရှောင်ဖယ်သွားလေ့ ရှိပါတယ်။ သူတို့ဆီမှာ နိုင်ငံတကာ အဆင့်မီတဲ့ စီမံခန့်ခွဲရေး သမားတွေ၊ CEO တွေကို ခန့်မထားခဲ့ပါဘူး။ ဒါကြောင့် စီမံခန့်ခွဲမှု အလွဲအမှားတွေကို ဒီ SEA Games မှာ ကြုံတွေ့ခဲ့ကြပါတယ်။

တကယ်တော့ ဒီ SEA Games ကို မြန်မာက လက်ခံကျင်းပဖို့ သဘောတူပြီးနောက် ၂၀၀၈ ခုနှစ်စပြီး ကြိုတင် ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ အားကစားကွင်းတွေ၊ အားကစားရုံတွေနဲ့ တခြားအထောက်အကူ ပြုပစ္စည်းတွေ အားလုံး ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံတော်က ဘတ်ဂျက် ၁၀၁ ဘီလီယံ ခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံ အစိုးရက ၃၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၃ သန်း) ကူညီခဲ့ပါတယ်။ ပြိုင်ပွဲ စပွန်ဆာက ရငွေ ခုနစ် ဘီလီယံဆိုတော့ စုစုပေါင်း ကုန်ကျငွေဟာ ၁၄၁ ဘီလီယံ ရှိပါတယ်။ ဒီအတွက် မြန်မာနိုင်ငံက ဆုတံဆိပ် တစ်ခုရတိုင်း ငွေဘယ်လောက် ကုန်သွားသလဲဆိုတာ တွက်ကြည့်လို့ ရပါတယ်။ သက်ဆိုင်ရာ အားကစားဝန်ကြီး ကိုယ်တိုင် ရွှေ ၁၀၀ ရရှိရေး ရည်မှန်း ခဲ့ပေမယ့် မပြည့်မီခဲ့ပါဘူး။ တချို့သော သေချာပေါက် မျှော်မှန်းထားတဲ့ ရွှေတံဆိပ်တွေ လက်လွတ်ခဲ့ရသလို တချို့ပွဲတွေဟာ ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကြောင့် နစ်နာခဲ့ရတာတွေ ရှိပါတယ်။ Content Games တွေလို ကစားပွဲတွေမှာ မြန်မာဟာ ရသင့်တဲ့ အိမ်ရှင် အခွင့်အရေးတွေကို မရခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဆီးဂိမ်းရဲ့ Control Panel မှာ ဆုတံဆိပ်ခွဲတမ်း ဆိုတာ ရှိပါတယ်။ အထူးသဖြင့် ဒိုင် အဆုံးအဖြတ်ပေါ်မှာ လုံးဝမှီခိုနေတဲ့ ဝူရှူးတို့၊ အလေးမတို့၊ ကာယဗလမောင် ပြိုင်ပွဲတို့၊ လက်ဝှေ့တို့လို အားကစား ပြိုင်ပွဲတွေမှာ အိမ်ရှင် မြန်မာဟာ ဒိုင်တွေရဲ့ ပြစ်ဒဏ်ခတ်ခြင်းကို ခံခဲ့ရပါတယ်။

အရှုံးကြီး ရှုံးခဲ့ရတဲ့ အမျိုးသား ဘောလုံးပွဲမှာရော၊ အမျိုးသမီး ဘောလုံးပွဲမှာရော ဒိုင်တွေရဲ့ ဆုံးဖြတ်မှုတွေဟာ မြန်မာ တစ်မျိုးသားလုံးကို အကြီးအကျယ် အနာတရ ဖြစ်စေခဲ့ပါတယ်။ မန္တလေးမှာ ကျင်းပတဲ့ အမျိုးသမီး အကြိုဗိုလ်လုပွဲ ထိုင်း- မြန်မာပွဲစဉ်မှာ ထိုင်း ဘုရင့်မြေးတော် ကိုယ်တိုင် ထိုင်းအမျိုးသမီး ဘောလုံးအသင်းကို အားပေးခဲ့တဲ့အတွက် ထိုင်းကစားသမားတွေ အထူးတက်ကြွ နေတာကိုလည်း တွေ့မြင်ရပါတယ်။ အမျိုးသမီး အကြိုဗိုလ်လုပွဲမှာ ထိုင်းအသင်း ရသွားတဲ့ အဖွင့်ဂိုးဟာ လူကျွံနေတယ်ဆိုတာ သိသာရှင်းလင်း နေပေမယ့် ဂိုးအဖြစ် ခွင့်ပြုခဲ့ရသလို မြန်မာအသင်း ရရှိတဲ့ အဖွင့်ဂိုးကတော့ လူကျွံတယ် ဆိုပြီး မပေးခဲ့ပါဘူး။ ဗီယက်နမ်နဲ့ အုပ်စုပွဲမှာလည်း မြန်မာရတဲ့ ဂိုးကို လူကျွံဘော အဖြစ်ပဲ သတ်မှတ် ခဲ့ပြန်ပါတယ်။

SEA Games ရဲ့ သဘော သဘာဝအရ အိမ်ရှင်နိုင်ငံတွေက အားကစား ပြိုင်ပွဲတိုင်းမှာ အခွင့်အရေးတွေ ရပါလျက်နဲ့ မြန်မာအလှည့် ရောက်မှ ဘာလို့ ဒီအခွင့်အရေးတွေ မရသလဲဆိုတာ လေ့လာသုံးသပ်ဖို့ လိုလာပါတယ်။ မြန်မာနိုင်ငံက SEA Games ပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုး ကျင်းပခဲ့ပြီး နိုင်ငံတကာက ဒိုင်လူကြီး ရာပေါင်း များစွာနဲ့ ပြည်တွင်း ဒိုင်လူကြီး များစွာကို တာဝန် ပေးအပ်ထားပါတယ်။ ပြိုင်ပွဲ ကာလအတွင်း နိုင်ငံတကာ ဒိုင်လူကြီးတွေကို နေ့စဉ် Daily Allowence ဒေါ်လာ ၁၅၀ ပေးထားပြီး မြန်မာဒိုင်တွေကို တစ်နေ့ ၄၀၀၀ ပေးထားပါတယ်။ ဒီမှာတင် မမျှတမှုကို စတင်တွေ့ ရှိရပါတော့တယ်။ ယခင်က ကျင်းပခဲ့တဲ့ SEA Games ပြိုင်ပွဲတွေမှာ ပြည်တွင်းဒိုင်၊ နိုင်ငံတကာဒိုင် မခွဲခြားဘဲ နေ့စဉ် အသုံးစရိတ်ကို ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်တွင်း ဒိုင်တွေကို Air Com မပါတဲ့ စည်ပင်ရိပ်သာက အခန်းတွေမှာ ပေးတာ။ ကုန်ဈေးနှုန်း ကြီးမားလွန်းတဲ့ နေပြည်တော်မှာ အသုံးစရိတ် ၄၀၀၀ ပဲ ပေးထားတာတွေဟာ ပြည်တွင်း ဒိုင်တွေရဲ့ နိုင်ငံချစ်စိတ်ကို ထိုးနှက်ခဲ့ပါတယ်။ ဒီလိုပါပဲ ပြည်ပကလာတဲ့ ဒိုင်လူကြီးတွေကလည်း မြန်မာတွေရဲ့ ဧည့်ဝတ်ကျေပွန်မှု အပေါ် စိတ်တိုင်း မကျခဲ့ပါဘူး။

သူတို့ စိတ်အပျက်ရဆုံးက သယ်ယူ ပို့ဆောင်ရေးကိစ္စ ဖြစ်ပါတယ်။ သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်တွေက နိုင်ငံတကာ ဒိုင်တွေကို ကားတွေ လုံလောက်အောင် စီစဉ် မပေးနိုင်ခဲ့ပါဘူး။ မွေလက်ဝှေ့က တာဝန်ရှိသူ တစ်ဦးကဆိုရင် မြန်မာလက်ဝှေ့သမားတွေ လက်ရည် သာရဲ့သားနဲ့ ရှုံးနိမ့်ခဲ့ရတာဟာ ဒိုင်တွေကို ကားငှားမပေးနိုင်ခဲ့လို့ ဆိုပြီး ညည်းထွားခဲ့ပါတယ်။ ပြီးတော့ အိမ်ရှင်နိုင်ငံက ပေးတဲ့ ယူနီဖောင်းတွေက မတော်လို့ ဝတ်ရတာမှာ အဆင်မပြေ ဖြစ်ကုန်ကြပါတယ်။ ယူနီဖောင်းတွေ လာပေးတာကလည်း ပြိုင်ပွဲတွေ စတင်ပြီး ရက်အတန်ကြာမှ လာပေးနိုင်တာမျိုးတွေ လည်း ရှိနေပါတယ်။ အထူးသဖြင့် အားကစား အဖွဲ့တိုင်းမှာ ပြဿနာ အနည်းအများ ဆိုသလို ရှိပြီး သက်ဆိုင်ရာ အားကစား ဝန်ကြီးဌာနရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ သူတို့တွေဟာ ပြဿနာ တစ်ခုခုနဲ့ ကြုံဆုံရတိုင်း တာဝန်ခွဲ ဖြေရှင်းပေးလိုစိတ် မရှိဘဲ တစ်ယောက်ယောက်ဆီကို အလျင်အမြန် လွှဲချလေ့ ရှိတယ်လို့ နေပြည်တော်ကို ရောက်နေတဲ့ မလေးရှား ဒိုင်လူကြီးတစ်ဦးက ရင်ဖွင့်ပါတယ်။

SEA Games မကျင်းပခင် တစ်ရက်ကလည်း ဒိုင်လူကြီး ၂၀၀ လောက်ကို ခန်းမ တစ်ခုထဲမှာ စုဝေးစေပြီး ဝတ်စုံချုပ်ဖို့ ယိုးဒယားက ဆရာနဲ့ တစ်ယောက်ချင်း ကိုယ်တိုင်း ယူပါသတဲ့။ တစ်ယောက်ချင်းကို သုံးလေးခါ ပြန်တိုင်းနေရလို့ နာရီ ပေါင်းများစွာ အချိန်ကုန်ခဲ့ပြီး စောင့်ဆိုင်းရတဲ့ ဒိုင်လူကြီးတွေထဲမှာ နိုင်ငံတကာက လေးစားအသိအမှတ် ပြုရတဲ့ လူကြီးတွေလည်း ပါဝင်နေခဲ့ပါတယ်။ ဒါဟာ On Paper နဲ့ မလုပ်တတ်ကြောင်း ပေါ်လွင်သွားခဲ့သလို ပွဲစဉ်ဇယားတွေ ပြောင်းလဲမှုတွေအတွက် ပြင်ဆင် ဆောင်ရွက်ရာမှာ မိတ္တူကူးစက် စောင့်ရ၊ စက္ကူစောင့်ရ၊ ချုပ်စက်စောင့်ရနဲ့ အချိန် နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပြဿနာတွေအတွက် တာဝန်ရှိသူတွေ သိသွားတိုင်း ‘Sorry’ တစ်လုံးနဲ့ ပြီးသွား တာပါပဲ။

SEA Games ပြိုင်ပွဲကြီးကတော့ ခမ်းနားထည်ဝါ ခဲ့ပါတယ်။ ပိတ်ပွဲကလည်း လှပဦးမှာပါပဲ။ ဒါပေမဲ့ ပြိုင်ပွဲကာလအတွင်း 4G အင်တာနက် စနစ်တွေ မကောင်းတာ၊ IBC ထဲက စားသောက်ဆိုင်တွေ ဈေးနှုန်း အမျိုးမျိုး ပြောင်းလဲတာ၊ LO လို့ခေါ်တဲ့ Listing Officer တွေ အရည်အသွေး မပြည့်ဝ သေးတာ၊ နေပြည်တော်မှာ ကုန်ဈေးနှုန်း ကြီးမြင့်တာ၊ စီမံခန့်ခွဲမှုတွေဟာ နိုင်ငံတကာ အဆင့်အတန်း မမီတာ၊ တချို့ဆီးဂိမ်းကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွား ရှာဖွေ သွားတာတွေဟာ သမိုင်းတစ်ကွေ့မှာတော့ မှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့ပါပြီ။ မြစ်တစ်မြစ်မှာ နှစ်ခါရေမိုး မချိုးနိုင်သလို ဒါတွေ အားလုံးဟာလည်း ပြန်လည် ပြင်ဆင်လို့ မရနိုင်တော့ပါဘူး။ (၂၇) ကြိမ်မြောက် SEA Games ကို မြန်မာက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ် ဆိုတဲ့အချက်ကိုသာ အားကိုး ဆုပ်ကိုင်ရတော့မှာ ဖြစ်ပါတယ်။

Written by  နဒီရဲရင့်

Tuesday, December 17, 2013


နေပြည်တော်၊ ဒီဇင်ဘာ ၁၇

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ၊ မိုင်တိုင်အမှတ်(၉၅/၆)နှင့် (၉၇/၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ကျိုက်ထိုရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မော်လမြိုင်မှ ရန်ကုန်သို့ သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်နေ သက်နိုင်ဝင်း(၂၉)နှစ် မောင်းနှင်လာသော ၆က/xxxxxx ဖောအမျိုးအစား ကုန်းလမ်းပို့ဆောင်ရေးပိုင် အပြာရောင်ယာဉ်သည် ရှေ့မှမောင်းနှင် နေသောယာဉ်အားကျော်တက်စဉ် မျက်နှာချင်းဆိုင်တစ်ဖက်ယာဉ်ကြောရှိ ရန်ကုန်မှ မော်လမြိုင်သို့ ကော့သောင်းမြို့နယ်၊ အေးမြကန်သာရပ်ကွက်၊ အင်းယားမြိုင်လမ်းနေ ဦးတင်မြင့်(၅၀)နှစ် မောင်းနှင် လာသော ယာဉ်အမှတ် ၈စ/xxxxx ဖူဆိုအမျိုးအစား ““ရွှေထားဝယ်”” ခရီးသည်တင် မှန်လုံယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြကြောင်း တွေ့ရှိရသည်။

 ယာဉ်တိုက်မှုကြောင့် သက်နိုင်ဝင်းသည်အခင်းဖြစ် နေရာတွင်သေဆုံးခဲ့ပြီး ဖောယာဉ်ပေါ်တွင်လိုက်ပါလာသူ သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်နေ အေးအေးအောင်(၂၈)နှစ်ပါ ၃ ဦးတွင် ယာလက်ခုံ/ယာနားထင်ပြတ်ရှ၊ ယာဒူးခေါင်းဖူးရောင် ဒဏ်ရာများအသီးသီးရရှိသည့်အပြင် ဖူဆိုယာဉ်ပေါ်တွင်လိုက်ပါလာသည့် ကော့သောင်းမြို့နယ်၊ အေးမြကန်သာရပ်ကွက်၊ အင်းယားမြိုင်လမ်းနေ စိုးရန်ကျော် (၂၀)နှစ်ပါ(၂)ဦးတွင် ယာဘက်ခြေဖမိုး ဖူးရောင်၊ ၀ဲနားထင်၊ ၀ဲ/ယာခြေသလုံးပြတ်ရှဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် သက်နိုင်ဝင်းအား အပိုင်နယ်မြေဖြစ်သည့် သိမ်ဇရပ်နယ်မြေရဲစခန်း ယာဉ်(ပ)၂၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Monday, December 16, 2013


ဓါတ်ပုံ - MOI Webportal Myanmar
အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ဒီဇင်ဘာလ ၁၆ရက် ညနေက ယှဉ်ပြိုင်ကစားရာ အင်ဒိုအသင်းက မြန်မာအသင်းကို ၁ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။ ပွဲစဉ် မိနစ် ၉၀အပြီး ၅မိနစ် အချိန်ပိုပေးခဲ့သော်လည်း မြန်မာအသင်းက ဂိုးမရရှိခဲ့ပေ။

မြန်မာအသင်းရှုံးနိမ့်မှုကြောင့် ပရိတ်သတ်များက ထိုင်ခုံများဖြုတ်ကာ ပစ်ပေါက်ခြင်းကြောင့် ကွင်းတောင်၊မြောက် ပွဲကြည့်စင်ရှေ့တွင် ခုံများနှင့်ပြည့်နေပြီး ပွဲချိန် မိနစ် ၉၀အကျော်တွင် ပရိတ်သတ်နှစ်ဦး ကွင်းထဲဝင်လာသဖြင့် လုံထိန်းများက အခြေအနေကို ထိန်းသိမ်းလိုက်ရသည်။

ယခုကဲ့သို့ မြန်မာအသင်းက ရမှတ် ၇မှတ်ဖြင့် ရှုံးနိမ့်မှုကြောင့် ကစားပွဲက ထွက်ရမည်ဖြစ်သည်။

အင်ဒို-မြန်မာပွဲသို့ ထိုင်း-မြန်မာပွဲ ကဲ့သို့ပင် ပရိတ်သတ်ပေါင်း ၃၀,၀၀၀ လာရောက်ကြည့်ရှုခဲ့သည်။

(မဇ္ဈိမသတင်းဌာန)

Sunday, December 15, 2013


ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်မှာ ရေဆိုးမြောင်းထဲမှာ မနေ့ညက လက်လုပ်မိုင်းလို့ယူဆရတဲ့ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး အဲဒီမိုင်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မိုင်းလို့ယူဆရတဲ့နေရာကို သွားရောက်ရှာဖွေရာမှာ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကျော်နိုင်က RFA ကို ပြောပါတယ်။

" မြို့နယ်စခန်းမှူးအဖွဲ့ သွားကြည့်တဲ့အခါမှာ တွေ့တယ်ပေါ့၊ တွေ့တာနဲ့ပဲ သူသတင်းပို့တယ်၊ နောက်စစ်မြေပြင် အင်ဂျီနီယာတပ်ကို အကြောင်းကြားတဲ့အတွက်ကြောင့်မို့ လာရောက်ပြီးတော့ သယ်ယူပြီးတော့မှ ရေဆိုးမြောင်းရဲ့အနားမှာရှိတဲ့ ပတ်ဝန်းကျင်ကိုရှာတဲ့အခါမှာ အလားတူပုံစံမျိုး နောက်ထပ် နှစ်လုံး စုစုပေါင်း သုံးလုံးတွေ့ရှိတယ်၊ အဲ့ဒါကို စိန်ပန်းရပ်ကွက်ထဲမှာရှိတဲ့ အ.ထ.က ၁ ဘောလုံးကွင်းထဲမှာ အဲ့ထဲမှာထည့်ထားတယ်၊ ခုမနက်မှာတော့ အဲ့ဗုံး ၃ လုံးကို ၈ နာရီ ၅၀ မှာ သက်ဆိုင်ရာ စစ်မြေပြင် အင်ဂျီနီယာတပ်ကနေပြီတော့ ဖောက်ခွဲရှင်းလင်းလိုက်တယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်ကလည်း တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ မွတ်စလမ်ဘာသာဝင် တစ်ဦးနေအိမ်မှာ ငါးဖမ်းရာမှာအသုံးပြုတဲ့ လက်လုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် အိမ်ရှင်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

RFA Burmeseတောင်ကြီးတွင် တွေ့ရှိခဲ့သည့် မိုင်းများအား ဖျက်သိမ်းနေပုံ / ဓါတ်ပုံ - Shan News









မန္တလေး၊ ဒီဇင်ဘာ ၁၄

မန္တလေးမြို့တော်တွင် ကျင်းပလျက် ရှိသော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲ စတုတ္ထ ပွဲစဉ်ဖြစ်သည့် မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းနှင့် ဗီယက်နမ် အမျိုးသမီး လက်ရွေးစင် အသင်းပွဲအတွက် လက်မှတ်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဗထူး အားကစားကွင်းတွင် ရောင်းချပေးနေစဉ် လူအများအပြား အလုအယက် တွန်းတိုက် ဝယ်ယူမှုကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း အဆိုပါနေရာတွင် တာဝန်ကျသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လက်မှတ် ဝယ်ယူနိုင်ရန် စောင့်ဆိုင်းနေသည့် ဘောလုံးပရိသတ် လွန်စွာ များပြားလှသဖြင့် အဆိုပါ အမျိုးသမီးနှစ်ဦးမှာ လက်မှတ်ရရှိရန် တွန်းရင်းလုရင်း လဲကျကာ ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် အဆိုပါလမ်း ၂၉ လမ်းx၃၀ လမ်းကြား၊ ၇၁ လမ်းရှိ ဗထူး အားကစားကွင်းတွင် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး ချပေးခဲ့ရကြောင်း ၎င်းထံမှ သိရသည်။

ယင်းပွဲစဉ်၏ ပြင်ပလက်မှတ် ဈေးနှုန်းမှာလည်း ခြောက်ဆခန့်အထိ မြင့်တက်သွားကြောင်း၊ ထိုသို့ ဈေးမြင့်တက် သွားသည့်အတွက် လက်မှတ်ဝယ်ယူများ အခက်ကြုံတွေ့ နေရကြောင်း၊ မြန်မာ-ဗီယက်နမ်ပွဲစဉ် လက်မှတ်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စတင်ရောင်းချပေးရာ ပရိသတ် ဝယ်လိုအား များသည့်အတွက် နေ့လယ်ခင်းအချိန် မရောက်မီ လက်မှတ်များ ကုန်သွားခဲ့ကြောင်း၊ ယင်းကြောင့် နံနက်ပိုင်းတွင် ဝယ်ယူထားသူများက ပြိုင်ပွဲ လက်မှတ်များကို တစ်ဆင့်ပြန်လည် ရောင်းချလျက် ရှိရာ ရောင်းဈေးထက် ခြောက်ဆခန့်မြှင့်ကာ လက်မှတ်တစ်စောင်လျှင် ၁၀,၀၀၀ ကျပ်၊ ၁၃,၀၀၀ကျပ်အထိ ဈေးပေါက်လျက် ရှိကြောင်း လက်မှတ် လာဝယ်ယူသူများထံမှ သိရသည်။
“ကျွန်တော့်ဆီကို လာဝယ်ချင်တယ် ဆိုရင် ၁၃,၀၀၀ ကျပ်နဲ့ ရောင်းတယ်။ ကျွန်တော်ကလည်း ပြန်ဝယ်တယ်။ ၁၀,၀၀၀ကျပ်နဲ့ ဝယ်တယ်။ ကျွန်တော် ၃,၀၀၀ ကျပ်စားမယ်” ဟု လက်မှတ်တစ်ဆင့် ဝယ်ယူရောင်းချသူ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လက်မှတ် အရောင်းဌာနများသို့ လက်မှတ် ရောင်းချရာတွင် မှတ်ပုံတင်နှင့်အတူ လက်မှတ် ရောင်းချပေးရန် ချမှတ်ထားသော်လည်း လက်မှတ် အရောင်းဌာနများသည် မှတ်ပုံတင် ကြည့်ရှု၍ ရောင်းချခြင်းမရှိဘဲ လက်မှတ် လိုသလောက် ရောင်းချပေးနေကြောင်း ဘောလုံး ပွဲစဉ်အလိုက် လက်မှတ်ဝယ်ယူသူ တစ်ဦးက ပြောကြားသည်။
“မှတ်ပုံတင်နံပါတ် မှတ်ယူခြင်းလည်း မရှိဘူး။ လက်မှတ်ကို လိုသလောက် ရောင်းပေးတယ်။ ဒီနေ့က တစ်ယောက်ကို တစ်စောင်လောက်ပဲ ရောင်းပေးတယ်။ မြန်မာပွဲဆိုတော့” ဟု ဘောလုံးပွဲလက်မှတ် ဝယ်ယူနေသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မြန်မာ လက်ရွေးစင်အသင်းနှင့် ဗီယက်နမ် လက်ရွေးစင် အသင်းပွဲစဉ်အတွက် လက်မှတ် အစောင်ရေ စုစုပေါင်း ၁၁,၀၀၀ ချမှတ်ပေးထားပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ ဗထူးကွင်းတွင် လက်မှတ်အစောင်ရေ ၂၀၀၀၊ အားကာ/သိပ္ပံရှေ့တွင် ၃၀၀၀ ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ အဆိုပါနေရာ နှစ်နေရာအတွက် လက်မှတ် အစောင်ရေ ၆၀၀၀ ရောင်းချပေးသွားမည် ဖြစ်ကြောင်း SEA Games အမျိုးသမီး မြန်မာ့လက်ရွေးစင် မီဒီယာတာဝန်ခံ ဦးဇင်မင်းထိုက်က ပြောကြားသည်။

လက်မှတ် ရောင်းချသည့် ဌာနများတွင် လက်မှတ် ရောင်းချသူများသည် အချိန်ကြာမြင့်စွာ တန်းစီနေသည့် သူများကို လက်မှတ် တစ်စောင်နှုန်းသာ ရောင်းချပေးပြီး ဌာနဆိုင်ရာများ၊ မိမိတို့နှင့် ခင်မင် ရင်းနှီးသူများကို လက်မှတ်စောင်ရေ များစွာ ရောင်းချပေးနေကြောင်း လက်မှတ် ဝယ်ယူရန် တန်းစီခဲ့သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အမျိုးသမီး ဘောလုံးပွဲစဉ် လက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ အထူးတန်း ၃၀၀၀ ကျပ် ဖြစ်ပြီး မန္တလေးမြို့တွင် ရောင်းချမည့် လက်မှတ် အရောင်းဌာနများမှာ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း (လမ်း ၃၀x၂၉ လမ်းထောင့်) နှင့် ချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ တို့တွင် ရောင်းချပေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly


ပဲ​ခူး​တိုင်း ​သာ​ယာဝ​တီ​ခ​ရိုင်​မှာ ​ပြု​လုပ်​တဲ့ ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​ဆ​န္ဒ​ရ​ယူ​ပွဲ​မှာ ​တက်​ရောက်​လာ​သူ ​ပြည်​သူ ၉၅ ​ရာ​ခိုင်​နှုန်း​က ၂၀၀၈ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ပြင်​ဖို့ ​ဆ​န္ဒ​ပြု​ခဲ့​ကြ​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ ဖွဲ့​ချုပ်​က ​ပြု​လုပ်​တဲ့ ​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​တဲ့​ပွဲ​မှာ ​အ​ခု​လို ​ဆ​န္ဒ​ပြု​ခဲ့​ကြ​တာ ​ဖြစ်​တယ်​လို့ ​သာ​ယာဝ​တီ​မြို့​နယ် ​အ​ဖွဲ့​ချုပ်​ရဲ့ ​အ​တွင်း​ရေး​မှူး ​ဦး​ကျော်​နိုင်​ဦး​က ​ပြော​ပါ​တယ်။

“ ​ဆ​န္ဒ​ခံ​ယူ​ရင်​တော့ ၃ ​သောင်း​ခွဲ​နဲ့ ၄ ​သောင်း​ကြား​ရှိ​တဲ့ ​တက်​တဲ့ ​လူ​ထု​ရဲ့ ၉၅ ​ရာ​ခိုင်​နှုန်း​က ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ပြင်​ဆင်​မယ်​လို့ ​ဆ​န္ဒ​သ​ဘော​ထား​ပေး​တယ်​ခင်​ဗျ။ ၅ ​ရာ​ခိုင်​နှုန်း​က ​အ​သစ် ​ရေး​ဆွဲ​မယ်​လို့ ​ဆ​န္ဒ​သ​ဘော​ထား ​ပေး​ပါ​တယ်။”

ဆ​န္ဒ​ရ​ယူ ​ပွဲ​မှာ ​အ​ဖွဲ့​ချုပ်​ရဲ့ ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင် ​ဦး​၀င်း​မြင့်​နဲ့ ​အ​ဖွဲ့​ချုပ် ​ဖွဲ့​စည်း​ပုံ ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​ဗ​ဟို​အ​ဖွဲ့​၀င် ​ဦး​ဌေး​ဦး​တို့​က ​ဖွဲ့​စည်း​ပုံ​ပါ ​ပြင်​ဆင်​ရ​မယ့်​အ​ချက်​အ​လက်​တွေ​ကို ​ပြည်​သူ​တွေ​ထံ ​ရှင်း​ပြ​ခဲ့​ပါ​တယ်။

အဲ​ဒီ​နောက် ​အ​ဖွဲ့​ချုပ်​ရဲ့ ​နာ​ယ​က ​သူ​ရ​ဦး​တင်​ဦး​နဲ့ ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​တို့​က ​မိန့်​ခွန်း​အ​သီး​သီး ​ပြော​ကြား​ခဲ့​ကြ​ပါ​တယ်။

အ​ပြန်​လမ်း​ခ​ ရီး​တ​လျှောက်​မှာ ​သုံး​ဆယ်​နဲ့ ​ဥ​က္ကံ​မြို​တို့​မှာ ​ရှိ​တဲ့ ​ဒေ​သ​ခံ​ပြည်​သူ​တွေ​ကို ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို  ​ဘာ​ကြောင့် ​ပြင်​ဆင်​ဖို့ ​လုပ်​ရ​သ​လဲ ​ဆို​တာ​တွေ ​ရှင်း​လင်း ​ပြော​ကြား​ခဲ့​တယ်​လို့ ​အ​ဖွဲ့​ချုပ်​ရဲ့ ​ဗ​ဟို​ပြန်​ကြား​ရေး​အ​ဖွဲ့​၀င် ​ဦး​ထင်​လင်​ဦး​က ​ပြော​ပါ​တယ်။

ဒီ​ဇင်​ဘာ ၁၄ ​ရက်​က​လဲ ​အ​လား​တူ​အ​ခမ်း​အ​နား​တ​ခု ​ရန်​ကုန်​တိုင်း ​ကော့​မှူး​မြို့​နယ်​မှာ ​ပြု​လုပ်​ခဲ့​ပြီး ​ဒေ​သ​ခံ ​ပြည်​သူ ၉၉ ​ရာ​ခိုင်​နှုန်း​က ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ပြင်​ဖို့ ​ဆ​န္ဒ​ပြု ​ခဲ့​ကြ​ပါ​တယ်။

Byေ​ရွှ​အောင် (ဒီဗွီဘီ)

Saturday, December 14, 2013



ဒီဇင်ဘာ(၁၃)ရက် နေ့လည်(၂)နာရီတွင် မကွေးမြို့ မြသလွန်ကုန်းတော်ပေါ်ရှိ ခေမာသီရိ သီလရှင် စာသင်ကျောက်တိုက်၌ သီလရှင်များ ညီညွတ်ရေး သြ၀ါဒခံယူပွဲအဖြစ် သီလရှင်အပါး တစ်ရာကျော်ခန့်တက်ရောက် ကျင်းပကြောင်း သတင်းရရှိသည်။

အဆိုပါ သီလရှင်များ ညီညွတ်ရေး သြ၀ါဒခံယူပွဲတွင် မကွေးတိုင်း ဒေသကြီး သီလရှင် ဥက္ကဋ္ဌ ဒေါ်ကာရုဏိ ကာ၊ မြို့နယ်ဥက္ကဋ္ဌ သီရိစန္ဒာရုံတိုက်အုပ် ဒေါ်စန္ဒာသီရိ၊ သာသနာ့ဂုဏ်ရည်တိုက်အုပ် ဒေါ်သုစိန္တီ၊ သီတာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် တိုက်အုပ်ဒေါ်ကလျာဏီ နှင့် လက်ထောက်တိုက်အုပ်များ စုစုပေါင်းသီလရှင်အပါး တစ်ရာကျော်ခန့်တက်ရောက်ကြောင်းသိရသည်။

သီလရှင်များညီညွတ်ရေးသြ၀ါဒခံယူပွဲတွင် ခေမာသီရိသိလရှင်စာသင်ကျောင်းတိုက် လက်ထောက်တိုက် အုပ် ဒေါ်နန္ဒမာလာ မှ ဒီဇင်ဘာ(၉)ရက်နေ့ညနေ မကွေးမြို့ မြို့ရှောင်လမ်းတွင်ဖြစ်ပွားခဲ့သည့် အမျိုးသား နှစ်ယောက်က သီလရှင်တစ်ပါးအား ဓါးထောက်ခြိမ်းချောက်ပြီး အဓမ္မပြုကျင့်ခံခဲ့ရသောအမှုကို တရားခံများ အမြန်ဖော်ထုတ်ပြီး အမှုမှန်ပေါ်ပေါက်ရေး၊ ထိရောက်စွာတရားဥပဖြေင့်အရေးယူပေးရန် နှင့် အရေးယူ ဆောင်ရွက်မှုအား သတင်းမီဒီယာများမှတဆင့် ပြန်လည်ရှင်းလင်းပေးပါရန် လျှောက်ထားကြောင်း၊ ထို့နောက် သာသနာဂုဏ်ရည်တိုက်အုပ်မှ အခင်းဖြစ်ပွားသော မြို့ရှောင်လမ်းသို့ သီလရှင်များ တစ်ပါးတည်းမသွားကြရန်၊ အချိန်မတော်သွားလာခြင်းမပြုကြရန်၊ အများပြည်သူများ အကြည်ညိုပျက်အောင် မလုပ်မိစေရန်လျှောက် ထားခြင်း။ သီရိစန္ဒာရုံလက်ထောက်တိုက်အုပ် ဒေါ်သိင်္ဂ၀တီ မှ သီလရှင်များ တစ်ဇွန်းဆန်သာ အလှူခံကြရန်၊ တစ်ပါးလျှင်(၂)ပါးစာအတွက် အလှူမခံရန်၊ ဆိုင်ကယ် ကယ်ရီများအား မိမိနှင့်မသိရှိဘဲ စီးနင်းလိုက်ပါခြင်း မပြုကြရန်လျှောက်ထားကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံခဲ့ရသော သီလရှင်တစ်ပါး၏ကျောင်း သီတာရုံဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက် တိုက်အုပ်ဒေါ်ကလျာဏီ မှ တရားလို သီလရှင်အား တရားရုံးတရားခွင်တွင် သီလရှင်ဝတ်ဖြင့် တရားရင်ဆိုင်နိုင် ရေးကို တောင်းဆိုလျှောက်ထားကြောင်း သတင်းရရှိသည်။

ဝိုင်းကြည်အောင်

by Thit Htoo Lwin
ဒီဇင်ဘာ၁၃ရက်တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိမြင်းပြိုင်ပွဲတွင် ဆုရအားကစားသမားများအား ဒေါ်အောင်ဆန်းစုကြည် ဆုချီးမြှင့်နေစဉ်။ ဓာတ်ပုံ - ရဲနောင်(ဖယ်ခုံ)/ ရန်ကုန်တိုင်းမ်

နေပြည်တော် ၊ ဒီဇင်ဘာ ၁၃ ။ ။ (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဝင် မြန်မာအားကစားသမားများကို ရှုံးရင် လည်း မယိုင်နဲ့ နိုင်ရင်လည်း မကျောနဲ့ နိုင်တယ်ဆိုတာတောင် မှ သိက္ခာရှိရှိနိုင်တာမှ တန်ဖိုးရှိ တာဟု အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က အားပေးစကားပြောကြား ခဲ့သည်။

ယနေ့ နေပြည်တော်ဝဏ္ဏ သိဒ္ဓိအားကစား(B)ရုံတွင် ကျင်းပ သော (၂၇)ကြိမ်မြောက်အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသမီးပြိုင် ပွဲ မြန်မာနှင့်ထိုင်းပွဲ ယှဉ်ပြိုင်မှု ကို တက်ရောက်အားပေးပြီး အ ပြန်တွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

''တကယ်တော့ ကိုယ့်ရဲ့အား ကစားသမားတွေကို အကောင်း ဆုံးဖြစ်စေချင် တာပေါ့။ ဒါပေမဲ့ အဓိကတော့ စိတ်ဓာတ်ပဲလေ။ စိတ်ဓာတ်အပေါ် အခြေခံ ရမယ်။ အမေကတော့ ပြိုင်တယ်ဆိုရင် အတတ်နိုင်ဆုံးလုပ်ရမယ်။ စိတ် ဓာတ် ခိုင်ခိုင် မာမာထားရမယ်။ ရှုံးလို့ရှိရင်လဲ မယိုင်နဲ့ နိုင်လို့ရှိရင် လဲ မကျောနဲ့ နိုင် တယ်ဆိုရင် တောင်မှ သိက္ခာရှိရှိနိုင်တာမှ တန် ဖိုးရှိတာ''ဟု ပြောကြားခဲ့သည်။

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်း ယနေ့ပြုလုပ်သောအား ကစားပြိုင်ပွဲများကို လည်းကောင်း၊ မြင်းပြိုင် ကွင်း၌ပြုလုပ်သော မြင်း အလှစီးပြိုင်ပွဲသို့ လည်းကောင်း သွားရောက် ကြည့်ရှုအားပေးခဲ့ သည်။

ယနေ့ကျင်းပသော နေပြည် တော် ဝဏ္ဏသိဒ္ဓိမြင်းပြိုင်ပွဲ တွင် ပြု လုပ်သော မြင်း အလှစီးပြိုင်ပွဲ တွင် သူမ၏မြင်းဖြစ်သော မြန်မာ့ အလှမြင်း အား ကမ္ဘောဒီးယားနိုင်ငံ မှ မြင်းစီးအားကစားသမားက စီး ၍ ယှဉ်ပြိုင်ခြင်းကိုလည်း လာ ရောက်ကြည့်ရှုအားပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ၏ မြန်မာ့အလှမြင်းမှာ ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

မောင်ပိုင် - Yangon Media Group

Friday, December 13, 2013



မြန်မာလက်ရွေးစင် ဘောလုံးအသင်း ( ၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဝင်)။
မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းနဲ့ ကစားဖို့ အဆင်သင့်ဖြစ်နေပြီး၊ အနိုင်ကစား သွားမှာဖြစ်တယ်လို့ မြန်မာဘောလုံးအသင်း တာဝန်ရှိသူ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအသင်းအနေနဲ့ အရင်ပွဲတွေထက် ပိုပြီးတော့ ကြိုးစား ကစားရမယ်လို့ လည်း ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်လိုက်ပါတယ်။ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းမှာ ဒီကနေ့ ကစားမယ့် မြန်မာ နဲ့ ထိုင်းတို့ရဲ့ ဘောလုံးပွဲ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးပွဲတွေမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲလို့ဆိုရမယ့် အိမ်ရှင် မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏလူငယ်လေ့ကျင့်ရေး အားကစားကွင်းမှာ ကစားကြမှာပါ။ အုပ်စု ပထမ ၂ ပွဲမှာ မြန်မာက ကမ္ဘောဒီးယားကို ၃ ဂိုး ဂိုးမရှိ၊ တီမောကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ထားသလို၊ ထိုင်းကလည်း တီမောကို ၃ ဂိုး ၁ ဂိုး ၊ အင်ဒိုနီးရှားကို ၄ ဂိုး ၁ ဂိုး နဲ့ နိုင်ထားတာကြောင့် ၂ သင်းစလုံးဟာ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ် နဲ့ ရမှတ်တူနေပါတယ်။ ဒါကြောင့် မြန်မာ နဲ့ ထိုင်းပွဲဟာ အုပ်စုမှာ အဆုံးအဖြတ်ပေးမယ့် ပွဲတပွဲဖြစ်ပါတယ်။

မြန်မာကစားသမားတွေဟာ အခုချိန်မှာ နိုင်စိတ်အပြည့်ရှိနေတယ်လို့ ဗီအိုအေက ဆက်သွယ်မေးမြန်းတဲ့အခါမှာ မြန်မာဘောလုံးအသင်းအုပ်ချုပ်သူ ဦးစိုးမိုးကျော် က ပြောပါတယ်။

"မြန်မာအသင်းကတော့ ထိုင်းကိုအနိုင်ကစားမှာပေါ့။ အရေးကြီးတဲ့ ပွဲစဉ်လည်းဖြစ်တယ်။ ကိုယ့်အိမ်ကွင်းမှာလည်း ကစားတာဖြစ်တယ်။ အနိုင်ကစားမယ်။"

မေး- ထိုင်းနဲ့ကန်မယ့်ပွဲအတွက် အသင့်ဖြစ်နေတယ်ပေါ့။

" ဟုတ်တယ်။ အသင့်ပဲ။"

မေး- ဒီပွဲမှာ အသင်းမှာ ဒဏ်ရာရတဲ့သူ မပါနိုင်တဲ့သူ အနေအထားကရော ဘယ်လိုရှိပါသလဲ။

" ဒဏ်ရာရတဲ့သူလည်း အဲ့ဒီ့ဒဏ်ရာတွေက သေးသေးမွှားမွှားပဲ အဲ့ဒီ့ဒဏ်ရာတွေကို အကုန်မေ့ပြီး သူတို့အကုန် ကစားကြမှာ။ ဗိုလ်လုပွဲအတွက် နှလုံးသွင်းပြီး ကစားမှာ။"

ထိုင်းအသင်းဟာ ဘောလုံးအပေးအယူ တိကျပြီး၊ ကွင်းလယ်အားကောင်းသလို၊ ရတဲ့ ဂိုးသွင်းခွင့်တွေကိုလည်း မလွတ်တမ်းအသုံးချနိုင်ပြီး ဂိုးသွင်းသေချာတဲ့ အသင်းတသင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဆိုတော့ မြန်မာအသင်းအနေနဲ့ ထိုင်းနဲ့ ကစားတဲ့အခါမှာ ဘာတွေကို အထူးသတိထားဂရုစိုက်ဖို့လိုမလဲ။  ၀ါရင့် အားကစားဆောင်းပါးရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောတာကတော့

"အဲ့ဒီ့ကြားထဲမှာ ကျနော်ပြောသလို သူတို့က တချက်ထိ ညာပေး၊ နှစ်ချက်ထိ ညာပေး၊ လူတွေကြားထဲကနေ နောက်တန်းကြားထဲကနေ ကျော်ကျော်ပြီး ချပေးတာတွေ အဲ့တာတွေ ပေးတာကောင်းတယ်။ အဲ့တာကိုဖျက်နိုင်မှ ကျနော်တို့က နည်းနည်း အခွင့်အရေးသာမယ်ပေါ့နော်။"

အုပ်စု B မှာ ထိုင်းက အင်ဒိုနီးရှားကို အနိုင်ရလိုက်တဲ့အတွက် ၊ မြန်မာအသင်း နဲ့ ထိုင်းနဲ့ ပွဲရလဒ်ဟာ အုပ်စု B မှာ ဘယ်အသင်း အုပ်စု ပထမနေရာ ရမယ်ဆိုတာကို အဆုံးအဖြတ်ပေးမယ့်ပွဲလိုလည်း ဆိုရမှာဖြစ်ပါတယ်။ ထိုင်းအသင်းနဲ့ ကစားမယ့် မြန်မာအသင်းရဲ့ အလားအလာနဲ့ ပတ်သက်ပြီး ဦးခင်မောင်ထွေး သုံးသပ်တာကတော့ -

" မြန်မာအသင်းက ပြီးခဲ့တဲ့ ကစားတဲ့ နှစ်ပွဲဆိုရင်တော့ တော်တော်လေး ကြိုးစားပမ်းစား၊ ကစားရမှာပဲဗျ။ ထိုင်းကလည်း ကျနော်တို့ကို နိုင်လိုက်ရင် အကြိုဗိုလ်လုပွဲ တက်ဖို့ သေချာသွားတဲ့ အနေအထား ရှိတယ်လေ။ နောက်ဆုံးပွဲက သူက ကမ္ဘောဒီးယားနဲ့ကစားရမှာ။ သူတို့က ကျနော်တို့ကို အနိုင်ကစားမှာ၊ ယုံမှားသံသယမရှိဘူး။ ဒါပေမဲ့လည်း ကြည့်တဲ့ပရိတ်သတ်ရော၊ ကိုယ့်မြေပေါ်မှာရော၊  နောက်ပြီး တသင်းနဲ့တသင်းက ပြောပလောက်အောင် ကွာခြားတာ မရှိတော့ မြန်မာအသင်းက အနိုင်ကစားဖို့တော့ လိုတယ်။ မတော်တဆ ခြေချော် လက်ချော် ရှုံးခဲ့ရင် အင်ဒိုနီးရှားကို ကစားဖို့ခက်မယ်။ အင်ဒိုနီးရှားကလည်း ကျနော်တို့ကို နိုင်ခဲ့ရင် ဗိုလ်လုပွဲတက်နိုင်တဲ့ အနေအထားမျိုးရောက်သွားနိုင်တယ်။ အင်ဒိုနီးရှားနဲ့ပွဲကတော့ ကျနော်ပြောရဲပါတယ်။ မြန်မာ အသင်းနိုင်ဖို့များပါတယ်။ ထိုင်းနဲ့ကတော့ ငါးဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်းပဲ၊ အမှားများတဲ့အသင်း ရှုံးမယ်။ အမှားနည်းတဲ့အသင်းနိုင်မယ်။ ပြောလို့မရဘူး။ အင်ဒိုနီးရှား ကို သေချာပေါက်ပြော လို့ရတယ်။ ကမ္ဘောဒီးယားနဲ့ကစားတဲ့ပွဲရော ကျနော်တို့ မြန်မာလက်ရွေးစင်အသင်းကို နိုင်နိုင်တဲ့ အဆင့်မရှိဘူး ကျနော်တော့ သုံးသပ်မိတယ်။"

မေး- ဦးခင်မောင်ထွေးက ထိုင်းနဲ့ပွဲကို ဘယ်လိုထင်လဲ။

"မြန်မာအသင်းက နည်းနည်းလေး တသင်းလုံး ညီညီညွတ်ညွတ်နဲ့ အင်တိုက် အားတိုက် ကစားရင် အနိုင်ရဖို့များပါတယ်။"

လာမယ့် ၁၆ ရက်နေ့မှာတော့ မြန်မာအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်နဲ့ အင်ဒိုနီးရှားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ သောကြာနေ့က ကစားခဲ့တဲ့ အုပ်စု A ပွဲစဉ်မှာတော့ မလေးရှားအသင်းက လာအိုအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပြီး၊ စင်ကာပူအသင်းက ဘရူနိုင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။

ကိုရန်နိုင် (ဗွီအိုအေ) 

လားရှိုး၊ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုကြောင့် ပေါင်ဖြတ်လိုက်ရသည့် ခရီးသည် တစ်ဦးကို ယာဉ်မောင်းအဖြစ် မှားယွင်းကာ ဒီဇင်ဘာလ ၁၂ ရက်နေ့က လားရှိုးမြို့နယ် တရားရုံးတွင် ယာဉ်ထိန်းရဲက တရားစွဲလိုက်ကြောင်း အဆိုပါ တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမှုကို လားရှိုးမြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၂ ရက်နေ့တွင် လက်ခံ စစ်ဆေးခဲ့ပြီးနောက် တရားခံ မှားယွင်း တရားစွဲဆို ခံရကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ခရီးသည် ဦးအိုက်စံကို အမှုမှလွှတ် ကြောင်း အမိန့် ချမှတ်လိုက်သည်ဟု လားရှိုးမြို့နယ် တရားရုံးမှ တရားသူကြီးက ဆိုသည်။

လားရှိုးမြို့ ရပ်ကွက် (၅) တွင် စက်တင်ဘာလ ၃၀ ရက်နေ့က ထင်းများ တင်ဆောင်လာသည့် ထော်လာဂျီ အရှိန်လွန်ကာ လမ်းဘေးတွင် ရပ်ထားသည့် ခြောက်ဘီးယာဉ်ကို တိုက်ခဲ့သည့် ဖြစ်စဉ်တွင် ထင်းထမ်း လုပ်သားအဖြစ် လိုက်ခဲ့သည့် ဦးအိုက်စံကို ယာဉ်မောင်းနှင့် မှားယွင်းကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာခံ မျိုးမင်းသိန်းက ပြောဆိုသည်။

ဦးအိုက်စံမှာ ယာဉ်၏ ရှေ့ခန်းတွင် ခြေထောက်ကို ထိုင်ခုံဖြင့် ညပ်ကာ ဒဏ်ရာများနှင့် တွေ့ရသဖြင့် ယာဉ်မောင်းအဖြစ် အမှုဖွင့် အရေးယူရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“ကားရှေ့ခန်းမှာလည်း တွေ့တယ်။ သူက ပလောင်တိုင်းရင်းသား ဗမာစကားလည်း လုံးဝမတတ်တော့ သူ့ကိုပဲ ယာဉ်မောင်းထင်လို့ မှားပြီး အမှုဖွင့်မိတာပါ” ဟု ရဲအရာခံ မျိုးမင်းသိန်းက ဆိုသည်။

ဦးအိုက်စံကို ယာဉ်မောင်းအဖြစ် မှားယွင်းကာ အမှုဖွင့်မိသည်ဟု မြို့နယ်ဥပဒေရုံးကို သေသေချာချာ တင်ပြခဲ့သော်လည်း တရားရုံးက နှစ်ဦးစလုံးကို တရားစွဲရမည်ဟု အကြံပြုသဖြင့် တရားစွဲဆိုခံရသူ နှစ်ဦး ဖြစ်သွားကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ အမှုစစ်အရာရှိက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ထော်လာဂျီ ယာဉ်မောင်းမှာ ဦးအိုက်စံ မဟုတ်ကြောင်း အဆိုပါ ထော်လာဂျီကို မောင်းခဲ့သည့် ယာဉ်မောင်းလျန်းပန်က ဆိုသည်။

(နေမျိုးနွယ်)
The Voice Weekly


မောင်တော၊ ဒီဇင်ဘာ ၁၂

ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ဆူပူမှုများ အရှိန်မြင့်လာကာ မီးရှို့မှုများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလာသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင် ကျေးရွာများတွင် ဒီဇင်ဘာလ ၁၁ နေ့မှ စတင်ကာ ညကင်းများ ချထားရကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရသည်။

စစ်တကောင်းဒေသ ရာအူဇန်မြို့တွင် ဟိန္ဒူ ဘာသာဝင်များ နေထိုင်သည့် နေအိမ်များနှင့် နတ်ကွန်းပေါင်း ၁၈ လုံး မီးရှို့ခံရသဖြင့် ယင်းအကြမ်းဖက်မှုများသည့် ရခိုင် တိုင်းရင်းသား မျိုးနွယ်စုဝင်များ နေထိုင်သည့် ကျေးရွာများကိုပါ ကူးစက်လာမည် စိုးရိမ်၍ ယင်းသို့ ကင်းများ ချထားခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရိုဘန်ခရိုက် လားမားမြို့မှ ဦးကျော်ခိုင်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး ကာလက ဟိန္ဒူ လူမျိုးများကို သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့သော ဂျာမက် အစ္စလာမ်မီပါတီ၏ အထင်ကရ ပုဂ္ဂိုလ် ပါတီခေါင်းဆောင် ကာဒေမူလာကို ဘင်္ဂလားဒေ့ရှ် ဗဟိုတရားရုံးက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကြိုးမိန့် ချမှတ်လိုက်သဖြင့် ဆူပူမှုများ ဖြစ်ပွားနေကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြသည်။ ဆူပူမူများ ဖြစ်ပွားမှုကြောင့် ကြိုးမိန့် ပြစ်ဒဏ်ကိုလည်း ပြန်လည် ဆိုင်းငံ့ထားကြောင်း ယင်းသတင်းများတွင် ဖော်ပြသည်။

အကြမ်းဖက်မှု များကြောင့် ကားလမ်းများ ပိတ်ထားခြင်း၊ သွားလာသော ကားများ မီးရှို့ခံနေရပြီး လုံခြုံရေး ပုလိပ်များနှင့် ဆန္ဒပြသူများကြား တိုက်ခိုက်မှု များကြောင်း ရဲများ အနာတရ ရှိခဲ့ကြောင်း ဖလောင်းချိတ်မြို့၊ နွားရုပ်တောင် ကျေးရွာမှ ဦးညီညီက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင် မျိုးနွယ်စုဝင် များကို တိုက်ခိုက်ခံရမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် အဆိုပါ မျိုးနွယ်စုဝင်များ နေထိုင်သည့် ကျေးရွာများ အနီးတွင် လုံခြုံရေး တပ်ဖွဲ့များ ချထားခဲ့သော်လည်း ယခု မရှိတော့ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ ကျေးရွာလည်း အချိန်မရွေး တိုက်ခိုက် ခံရနိုင်တယ်” ဟု ဦးညီညီက ဆက်လက် ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင် မျိုးနွယ်စုဝင်များ ၂၀၁၂ ခုနှစ် အတွင်းက တိုက်ခိုက်ခံရမှု များကြောင့် ရခိုင် မျိုးနွယ်စုဝင်ပေါင်း ၁၅၀၀ ကျော် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြောင်းရွှေ့ ခိုလှုံလျက် ရှိသည်။

The Voice Weekly


ယခုနှစ် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့၏ ကမ္ဘာ့လူဦးရေအစီရင်ခံစာ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အသက်(၁၅) နှင့် (၁၉) နှစ်အကြား အမျိုးသမီးငယ် ၁၀၀၀ လျှင် ၁၇ ဦးမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဖြစ်သောကြောင့် အရွယ်မရောက်သေးဘဲ ကိုယ်ဝန်ဆောင်မှုများကို လျှော့ချရန်လိုအပ်နေကြောင်း  UNFPA ဌာနေကိုယ်စားလှယ် မစ္စ ဂျနက်ဂျက်ဆန်ကပြောသည်။

၂၀၁၃ ခုနှစ် ကမ္ဘာ့လူဦးရေ အစီရင်ခံစာဆွေးနွေးခြင်း အခမ်းအနားတွင်  အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၁၉၉၁ မှ ၂၀၁၀ ပြည့်နှစ်အထိ  အသက်(၂၀)အရွယ်မပြည့်မီဘဲ ကိုယ်ဝန်ဆောင်သည့် အမျိုးသမီးများကို အခြေခံကာ တွက်ချက်ထားခြင်းဖြစ်သည်။ အာဆီယံဆယ်နိုင်ငံတွင် အရွယ်မရောက်ဘဲ ကိုယ်ဝန်ဆောင်ဦးရေ များပြားသည့် ခြောက်နိုင်ငံစာရင်းတွင် မပါဝင်သော်လည်း စင်ကာပူနှင့် မလေးရှားတို့နှင့် နှိုင်းယှဉ်ပါက များပြားနေပြီး ဘရူနိုင်းနိုင်ငံတွင် အမျိုးသမီးငယ် ၁၀၀၀ လျှင် ၁၈ ဦးသာရှိ၍ တစ်ဦးလျော့နည်းသည်။
ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ အရွယ်မရောက်ဘဲ ကိုယ်ဝန်ဆောင်သူ ၆၈၀၀၀၀ ခန့် ရှိပြီး ကလေးမီးဖွားနေစဉ်နှင့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အရွယ်မရောက်သူ ခုနစ်သောင်းခန့်မှာ နှစ်စဉ် သေဆုံးလျက်ရှိကြောင်း ခန့်မှန်းထားသည်။
မြန်မာတွင် လက်ရှိ ရှိနေသည့် လူဦးရေ သန်းခြောက်ဆယ်တွင် အသက်(၁၅)နှင့်(၁၉) နှစ်ကြား အမျိုးသမီးဦးရေမှာ ၂ ဒသမ ၉ သန်းရှိသည်။ မြန်မာနိုင်ငံတွင် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ် ထောင်ပြုခြင်းသည် အခြားနိုင်ငံများထက် မများသော်လည်း အရွယ်မရောက်သေးသည့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ခြင်းများ ရှိနေသည်။ အဆိုပါ အမျိုးသမီးများသည် မြန်မာနိုင်ငံအတွင်းရှိ လူမှုယဉ်ကျေးမှုများကြောင့် ကျန်းမာရေး စောင့်ရှောက်ရေးအသိ နည်းပါးခြင်း နှင့် သားဆက်ခြားနည်းကို မသိရှိခြင်း၊ ကိုယ်ဝန်ရရှိလာပါက အရည်အသွေးမပြည့်မီသောသူများနှင့် ကိုယ်ဝန်ဖျက်ချခြင်းများကြောင့် ငယ်ရွယ်သောမိခင်များ အသက်သေဆုံးမှုများ ရှိနေကြောင်း ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ဆယ်ကျော်သက် မျိုးဆက်ပွားကျန်းမာရေး အကြောင်း အစီရင်ခံစာအရ ၃၈ ရာခိုင်နှုန်းကျော် အမျိုးသမီးများသည် တစ်ကြိမ်တစ်ခါတည်း အတူနေရုံဖြင့် ကိုယ်ဝန်ရနိုင်သည့် အကြောင်းကို မသိရှိကြောင်း၊ ထို့အပြင် ငယ်ရွယ်သည့် အမျိုးသမီး ၂၀ ရာခိုင်နှုန်းခန့်သည် သားဆက်ခြားခြင်းအကြောင်း ကြားသိဖူးခြင်း မရှိကြောင်း၊ အရေးပေါ် သန္ဓေတားဆေးအကြောင်း ကြားဖူးသူမှာ ၁၇ ရာခိုင်နှုန်းခန့် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးက ဒီဇင်ဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

မည်သူမဆို ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်ပျက်စေရန်ပြုလျှင် ထောင်ဒဏ် သုံးနှစ်ဖြင့်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်ရန် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ကိုယ်ဝန်ဖျက်ချသူများကို အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။

7day Daily
ဓာတ်ပုံ - စိုးဇေယျာထွန်း/ရိုက်တာ
ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားကို ခမ်းနားစွာ ကျင်းပဖွင့်လှစ်ပြီးနောက် ဂုဏ်ယူဝမ်းသာမှုနှင့်များအတူ ဝေဖန်ပြောဆိုမှုများလည်း ကျန်ခဲ့သည်။

ဖွင့်ပွဲအတွင်း ယခင် နိုင်ငံအကြီးအကဲဟောင်း၏ မြေးဖြစ်သူ နေရွှေသွေးအောင်က ၀င်ခွင့်ကတ်ပြား ချိတ်ဆွဲမထားဘဲ အထူးတန်းပွဲကြည့်စင်တွင် ရောက်ရှိနေခြင်း၊ ဖိလစ်ပိုင် အလံကိုင် အားကစားသမား၏ ရိုးရာဝတ်စုံ၊ ဆီးဂိမ်းမီးရှူးတိုင်အား မီးမြားဖြင့်ပစ်ခဲ့သည့် မြားပစ်အားကစားသမား ဝေလင်းထွန်းတို့၏ သတင်းများကို စိတ်ဝင်တစား ပြောဆိုနေကြခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းအပါအ၀င် ဖွင့်ပွဲတက်ရောက်ကြသူအားလုံး ၀င်ခွင့်ကတ်ပြားများ လည်ပင်း၌ ထင်ရှားစွာ ချိတ်ဆွဲထားချိန်တွင် နေရွှေသွေးအောင်မှာကတ်ကို ချိတ်ဆွဲထားခြင်း မရှိပေ။ နေကာမျက်မှန်တပ်လျက် အထူးတန်းပွဲကြည့်စင်တွင် ဒုတိယသမ္မတ စိုင်းမောက်ခမ်း၏ သားနှင့်အတူ ထိုင်နေသည့် ၎င်း၏ဓာတ်ပုံမှာ လူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီး ကတ်ချိတ်ဆွဲထားသည့် နိုင်ငံတော်သမ္မတနှင့် နှိုင်းယှဉ်မေးခွန်းထုတ် ဝေဖန်ပြောကြားမှုများလည်း ရှိနေသည်။

“နေရွှေသွေးအောင်ကို ဘယ်သူဖိတ်တာလဲတော့ မသိပါဘူး။ ၀င်ခွင့်ကတ်ကို လုံခြုံရေးအရဂိတ်အ၀င်မှာ ပြရသလို လူတိုင်း မချိတ်ဆွဲဘဲမနေရ ချိတ်ဆွဲဖို့ စည်းကမ်းလုပ်ထားပါတယ်။ အဲဒီဝင်ခွင့်ကတ်မပြနိုင်ရင် ၀င်ခွင့်မရပါဘူး။ သမ္မတကြီးက မချိတ်ဘဲနေရင်ရပေမယ့် လုံခြုံရေး ဆောင်ရွက်နေတဲ့သူတွေကို အလေးထားတဲ့အနေနဲ့ သတ်မှတ်ထားတဲ့စည်းကမ်းကို အတိအကျ လိုက်နာတဲ့ အနေနဲ့ ချိတ်ဆွဲခဲ့တာပါ”ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကပြောကြားသည်။

ထို့အပြင် နိုင်ငံအလိုက် အားကစားအဖွဲ့များ ကွင်းအတွင်းနေရာယူစဉ် ဖိလစ်ပိုင်နိုင်ငံအလှည့်၌ ဖိလစ်ပိုင် နပန်းကစားသမားဟောင်း၏ တင်ပါးများပေါ်နေသော ရိုးရာဝတ်စုံမှာ ပရိသတ်များ အံ့အားသင့်စေခဲ့သည်။ လူမှုကွန်ရက်တွင် ဖိလစ်ပိုင်နပန်းကစားသမားက သမ္မတကြီးကို အလေးပြုသွားသည်ဟု နောက်ပြောင်ပြောဆိုမှုများရှိခဲ့ပြီး အမျိုးသမီးပရိသတ်အများစုက ကွင်းအတွင်း ၎င်း၏အလံကိုင်ဝတ်စုံနှင့်ဓာတ်ပုံကို နောက်ပြောင်သည့် စတေးတပ်များဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ခဲ့ကြသည်။

“သူက နပန်းသမားဖြစ်တယ်။ ပြီးတော့ သူတို့ ရိုးရာဝတ်စုံပါ။ အင်ဒိုနီးရှားမှာလုပ်တဲ့ပွဲတုန်းကလည်း ဒီလိုပဲပွဲထွက်ခဲ့တာပါ” ဟု ဦးရဲထွဋ်ကဆိုသည်။

ဆီးဂိမ်းတွင် နောက်ထပ် ပြောစမှတ်ဖြစ်သွားပြီး ယခုအထိ အခြေအတင်ငြင်းခုံနေရသည့်ကိစ္စမှာ ဆီးဂိမ်းပင်မမီးရှူးတိုင်ကို မြားပစ်အဖွဲ့ချုပ်မှ အားကစားသမား ဝေလင်းထွန်းက မီးမြားပစ်၍ ထွန်းညှိပြခြင်းဖြစ်သည်။

မီးမြားမှာ မီးရှူးတိုင်ဆီမရောက်မီကပင် လမ်းခုလတ်၌ မီးငြိမ်းသွားပြီး မီးထတောက်ရန် နည်းပညာဖြင့်စီစဉ်ထားကြောင်း ကွင်းအတွင်း ကြည့်သူများရော ရုပ်မြင်သံကြားတွင် ကြည့်ရှုနေကြသူများကပါ ပြောဆိုနေကြပြီး မြားပစ်ခဲ့သူ ကိုဝေလင်းထွန်းကို ဆက်သွယ်မေးမြန်းရာ ဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။

“မြားကတော့ ပစ်မှတ်ဆီထိပါတယ်။ ဒါပေမဲ့ မီးကတော့ ပါမသွားပါဘူး။ မပစ်ခင်မှာဘဲ လောင်စာက ပြတ်ကျသွားပါတယ်။ မီးထတောက်တာကတော့ နည်းပညာနဲ့ စီစဉ်ထားတာပါ”ဟု ၎င်းကပြောသည်။လူမှုကွန်ရက်တွင်ပြောကြားနေသကဲ့သို့ ကိုဝေလင်းထွန်းမှာ ယခုဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲဝင်တစ်ဦးလည်းမဟုတ်ဘဲ ဆန်ခါတင်လူရွေးချယ်ရာတွင် အမှတ်မမီသဖြင့် ပြုတ်ကျကျန်ခဲ့သူဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် ဆီးဂိမ်းဖွင့်ပွဲ၏ အခမ်းအနားအပြင်အဆင်မှာလည်း တရုတ်အစိုးရ၏ ပံ့ပိုးကူညီမှုများဖြစ်ကြောင်း ဝေဖန်မှုများထွက်ပေါ်နေချိန်တွင် ဖွင့်ပွဲကျင်းပရာ ၀ဏ္ဏသိဒ္ဓိကွင်းအတွင်း လမ်းညွှန်ဆိုင်းဘုတ်အချို့မှာ တရုတ်စာများဖြစ်နေခဲ့ခြင်းမှာလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာများပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

“တရုတ်စာတန်းတွေနဲ့ လမ်းညွှန်ဆိုင်းဘုတ်က ၀ဏ္ဏသိဒ္ဓိကွင် ရဲ့ ဒုတိယထပ်တစ်ထပ်တည်းပဲ လုပ်ပေးတာပါ။ ဒါကလည်း ထိန်းချုပ်အခန်းက ဒုတိယထပ်မှာလုပ်ထားတော့ ဒီလိုစီစဉ်တာပါ။ တခြားအထပ်မှာ ဒီဆိုင်းဘုတ်တွေ မသုံးပါဘူး”ဟု ဆီးဂိမ်းဖွင့်ပွဲကျင်းပရေး ဆပ်ကော်မတီဝင်တစ်ဦးက ပြောသည်။

ဆီးဂိမ်းဖွင့်ပွဲတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ ရှစ်ထောင်ခန့်နှင့် စစ်ရေးပြတပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များက ပါဝင်အားဖြည့်ထားကြပြီး ဇော်ဝင်းထွဋ်၏ မဟာသီချင်းနှင့် ပုဂံ နောက်ခံ သရုပ်ပြခန်း၊ နီနီခင်ဇော်သီဆိုသည့် ထာဝရသစ္စာတေးသီချင်းတွင် မြန်မာနိုင်ငံမြေပုံကို အရောင်အသွေးမျိုးစုံဖြင့် ပုံဖော်သွားမှုကို ပြည်သူများစွာ သဘောကျအားပေးခဲ့ကြသည်။ဖွင့်ပွဲအစီအစဉ်တစ်ခုလုံးအတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့် အနုပညာဖန်တီးမှုများကို ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်ပြီး ဖန်တီးမှုများ အကောင်အထည်ဖော်ရန် ဒါရိုက်တာ စင်ရော်မောင်မောင်အား Art Director အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံက ဘေဂျင်းအိုလံပစ် အားကစားပွဲတော်တွင် အတွေ့အကြုံရှိသည့် ပညာရှင်များ၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် အကြိမ်ကြိမ်ဆွေးနွေးခဲ့ရပြီး အနုပညာပိုင်းနှင့် တင်ဆက်မှုကို မြန်မာနိုင်ငံက တာဝန်ယူပြီး နည်းပညာပိုင်းကိုသာ တရုတ်က ပံ့ပိုးခြင်းဖြစ်ကြောင်း ဒါရိုက်တာစင်ရော်မောင်မောင်က ပြောသည်။

“မြန်မာက ခိုင်ခိုင်မာမာရှိနေတဲ့ ယဉ်ကျေးမှုတွေ၊ အကတွေ၊ နံရံဆေးပန်းချီတွေ ဒါတွေအားလုံးကို ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ Frame ကို ကျွန်တော်တို့က ပြန်ပြီး Creative နဲ့ Performance လုပ်တာပါ။ Story Board ထွက်လာတော့ တရုတ်နဲ့ ပြန်ညှိရတာပေါ့။ ဒီပွဲဟာ ပါဝင်သူအားလုံးရဲ့ စည်းလုံးညီညွတ်မှုဟာ အံ့သြဖို့ကောင်းပါတယ်။ ဒီစည်းလုံးမှုကို ပိတ်ပွဲမှာ ပြန်မြင်တွေ့ရဦးမှာပါ”ဟု ၎င်းက ပြောကြားသည်။

အခမ်းအနားတင်ဆက်မှုအတွက် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂ နှစ် အချိန်ယူပြင်ဆင်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင် ဦးဆောင်သည့်အဖွဲ့က ကိုးလ အချိန်ယူခဲ့ရကြောင်း ၎င်းကပြောကြားသည်။

7Day News Journal

Wednesday, December 11, 2013



အသားရောင်ခွဲခြားမှု ဆန့်ကျင်လှုပ်ရှားရာမှာ ထင်ရှားခဲ့တဲ့ ကွယ်လွန်သူ တောင်အာဖရိကခေါင်းဆောင်ဟောင်း Nelson Mandela အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာတ၀ှမ်းက ခေါင်းဆောင်တွေ ဒီကနေ့ပဲ တက်ရောက် စကားပြောကြပါတယ်။

မြန်မာနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးအတွက် အာရုံစိုက်ခဲ့သူ တဦးအဖြစ်နဲ့လည်း မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်အာဖရိက
ခေါင်းဆောင်ဟောင်းအပေါ် အောက်မေ့ သတိရနေကြတာပါ။ Nelson Mandela အောက်မေ့ဖွယ် အခမ်းအနား ကျင်းပနေတဲ့ အခြေအနေတွေကိုတော့ မဆုမွန် က တင်ပြထားပါတယ်။

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ကို နောက်ဆုံးအကြိမ်အဖြစ် ဂုဏ်ပြုဖို့ ချမ်းအေးလွန်းလှတဲ့ ရာသီဥတုအောက်မှာ ထောင်သောင်းချီတဲ့ ပြည်သူတွေဟာ ၂၀၁၀ ပြည့်နှစ်တုန်းက ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပခဲ့တဲ့ Johannesburg မြို့က အားကစားရုံတ၀ိုက်မှာ မနက်လင်းအားကြီး အချိန်လောက်ကတည်းက တန်းစီစောင့်ဆိုင်းခဲ့ကြသလို၊ အခမ်းအနားမှာတော့ အောက်မေ့ဖွယ် တေးသီချင်းတွေသီဆို၊ ဂုဏ်ပြုစကားတွေနဲ့ ကျင်းပနေကြတာပါ။

Johannesburg မြို့က အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာကြတဲ့ နိုင်ငံတကာ ခေါင်းဆောင်ပေါင်း ၈၀ ကျော်ထဲက အမေရိကန်သမ္မတ Barack Obama ကလည်း တောင်အာဖရိက ခေါင်းဆောင်ဟောင်းရဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေကို ချီးကျူးစကား ပြောဆိုသွားပါတယ်။

“ပြန်လည်သင့်မြတ်ရေးဆိုတာဟာ ကြမ်းကြုတ်လှတဲ့ အတိတ်ကို လျစ်လျူရှုဖို့ မဟုတ်ဘဲ အားလုံးပါဝင်နိုင်ဖို့၊ ရက်ရောဖို့နဲ့ အမှန်တရားကို ရင်ဆိုင်ဖို့ ဖြစ်တယ်ဆိုတာ ကျနော်တို့ကို ပြသသင်ကြားပေးခဲ့တဲ့သူပါ။ ဥပဒေတွေကို ပြင်ဆင်ရုံတင်မကဘဲ သူဟာ နှလုံးသားတွေကိုပါ ပြောင်းလဲအောင် လုပ်ခဲ့သူပါ။ သူကွယ်လွန်ခဲ့တာဟာ တောင်အာဖရိက နိုင်ငံသားတွေသာမက ကမ္ဘာတ၀ှမ်းက သူ့ကို လေးစားအားကျခဲ့သူတွေအတွက်ပါ ၀မ်းနည်းရမယ့် အခါသမယ ဖြစ်သလို၊ သူရဲကောင်းဆန်တဲ့ သူ့ဘ၀အတွက် အောင်ပွဲခံရမယ့် အချိန်လည်း ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုက သမ္မတ အိုဘားမား သာမက၊ သမ္မတဟောင်း George W. Bush၊ သမ္မတဟောင်း Bill Clinton နဲ့ Jimmer Carter လည်း အောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်လာခဲ့ကြသလို၊ ဗြိတိန်ဝန်ကြီးချုပ် David Cameron၊ ပြင်သစ်သမ္မတ Francois Hollande၊ ဘရားဇီးသမ္မတ Dilma Roussef၊ ကျူးဘားသမ္မတ Raul Castro တို့လို နိုင်ငံရေး အယူအဆ မတူကွဲပြားသူပေါင်းစုံ တက်ရောက်ပြီး အမှတ်တရမိန့်ခွန်းတွေ ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း တောင်အာဖရိက ခေါင်းဆောင်ဟောင်း ကွယ်လွန်သွားတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

“တောင်အာဖရိကအနေနဲ့ သူရဲကောင်းတစ်ယောက် ဆုံးရှုံးခဲ့သလို၊ ဖခင်တစ်ယောက် ဆုံးရှုံးရတာလည်း ဖြစ်ပါတယ်။ ကမ္ဘာကြီးအတွက်လည်း မိတ်ဆွေကောင်းတစ်ယောက် ဆရာကောင်းတစ်ယောက် ဆုံးရှုံးရတာပါ။ Nelson Mandela ဟာ ကျနော်တို့ခေတ်အတွက် အကြီးမားဆုံးခေါင်းဆောင်တစ်ဦး ဖြစ်ရုံသာမက အကြီးမားဆုံး ဆရာတဆူလည်း ဖြစ်ပါတယ်။”

ကွယ်လွန်သူ တောင်အာဖရိက ခေါင်းဆောင်ဟောင်း Nelson Mandela ဟာ အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်လှုပ်ရှားရင်း ထောင်ဒဏ် ၂၇ နှစ် အကျဉ်းကျခံခဲ့ရသလို၊ နောက်ပိုင်း ထောင်ကလွတ်မြောက်လာချိန်မှာတော့ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတတဦးလည်း ဖြစ်လာခဲ့တာပါ။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အာရုံစိုက် ဆောင်ရွက်ခဲ့သူတဦးအဖြစ်နဲ့လည်း တောင်အာဖရိကရောက် ဒေါက်တာသိန်းဝင်းတို့လို မြန်မာ့အရေး လှုပ်ရှားသူတွေက အမှတ်ရနေကြတာပါ။

“တောင်အာဖရိကမှာလို မန်ဒဲလား နဲ့ ဒီကလပ် တို့ လုပ်ခဲ့သလို ဖြစ်လာဖို့အတွက် အဲ့ဒီအချိန်မှာ သမ္မတ မန်ဒဲလားက Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြောသွားတယ်ပေါ့ မြန်မာပြည်နဲ့ပတ်သက်လို့။ အခုအချိန်မှာတော့ လက်ရှိ မြန်မာအစိုးရဟာ Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်လုပ်ဖို့ အချိန်တန်ပြီဆိုတာကို စိတ်ထဲမှာ ခံစားမိတယ်ပေါ့နော်။”

ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တောင်အာဖရိက သမ္မတဟောင်းရဲ့ ဈာပနအခမ်းအနားကိုတော့ သူငယ်စဉ်ဘ၀က နေထိုင်ခဲ့ရာ Qunu ကျေးရွာမှာ ၁၅ ရက်နေ့ကျရင် မြေမြှုပ်သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာအနုပညာရှင်တွေ SEA Games ဖွင့်ပွဲအခမ်းအနားမှာ ဖျော်ဖြေနေစဉ်။မြန်မာ့ရိုးရာအနုပညာရှင်တွေ SEA Games ဖွင့်ပွဲအခမ်းအနားမှာ ဖျော်ဖြေနေစဉ်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ SEA Games ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်မှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါပြီ။ အဲဒီ SEA Games ဖွင့်ပွဲကို ဗွီအိုအေ၀ိုင်းတော်သား ဦးရော်နီညိမ်းလည်း သတင်းယူဖို့ ရောက်ရှိနေတာမို့ ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။          ။ ဦးရော်နီညိမ်းခင်ဗျာ နှစ်ပေါင်း ဆယ်စုနှစ်နဲ့ကြာပြီးမှ မြန်မာနိုင်ငံမှာ အခုလို SEA Games ပြိုင်ပွဲ ပြန်လည်ကျင်းပနိုင်တာဆိုတော့ မြန်မာပရိတ်သတ်တွေရဲ့ အနေအထား ဘယ်လိုရှိပါသလဲခင်ဗျ။
ဖြေ။           ။ “ကျနော်တို့ ပရိသတ်ကတော့ ကျနော်ကတော့ မနေ့ကပဲ မန္တလေးမှာ ကျနော်တို့ အမျိုးသမီးဘောလုံးပွဲကို ကျနော် သွားကြည့်တယ်။ နောက်တခါ သုဝဏ္ဏအားကစားကွင်းမှာလုပ်တဲ့ အမျိုးသားဘောလုံးပွဲကိုလည်း ကျနော် သွားကြည့်ပါတယ်။ နောက် အခု ဒီဖွင့်ပွဲကိုလည်း ကျနော် ရောက်ရှိတဲ့အခါမှာ နေရာ ၃ နေရာ မြို့ ၃ မြို့မှာ အားလုံး တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်းနဲ့ ဒီပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ဖြစ်စေချင်တာ တွေ့ရပါတယ်။ ဒီအားကစားပြိုင်ပွဲတွေကျတော့လည်း ကိုယ့်နိုင်ငံအသင်း အနိုင်ရရှိလိုတာကို အားလုံးက ဆန္ဒပြင်းပြတာကို တွေ့ရပါတယ်။”

မေး။          ။ ဟုတ်ကဲ့။ ဒီကနေ့က ဖွင့်ပွဲ အခမ်းအနားနေ့ဆိုတော့ ဒေသ တွင်း နိုင်ငံတကာ အကြီးအကဲတွေထဲက ဘယ်သူတွေ တက်ရောက် ချီးမြှင့်တာရှိပါသလဲ။
ဖြေ။           ။ “သြော် ဟုတ်ကဲ့ လာအိုနိုင်ငံက သမ္မတကြီး လာပါတယ်ခင်ဗျာ။ ပြီးတဲ့အခါကျတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေပြီးတော့ ဒုဝန်ကြီးချုပ် Liu Yandong လာပါတယ်ခင်ဗျာ။ ပြီးတော့ ထိုင်းဒုတိယ၀န်ကြီးချုပ် လာပါတယ် ခင်ဗျာ။ မြန်မာနိုင်ငံကတော့ သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် တက်ရောက်ပါတယ်။ သမ္မတကြီးဦးသိန်းစိန်၊ နောက်တခါ ဒုတိယသမ္မတကြီး ဦးဥာဏ်ထွန်း အပါအ၀င် အစိုးရအဖွဲ့၊ Cabinet ၀န်ကြီးအဖွဲ့ဝင်တွေရော၊ တခြား မဏ္ဍိုင်တွေကဖြစ်ကြတဲ့ တရားသူကြီးဥက္ကဌတို့၊ ရှေ့နေချုပ်တို့ နောက် တခါ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့၊ အခြေခံဥပဒေခုံရုံး ဥက္ကဌတို့၊ အစိုးရအဖွဲ့မဟုတ်တဲ့ တခြားမဏ္ဍိုင်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်ကြီးတွေလည်း အကုန်လုံး ကြွရောက်လာတာကို တွေ့ရပါတယ်ခင်ဗျ။”

ဟုတ်ကဲ့ ဦးရော်နီညိမ်း ကျေးဇူးအများကြီးတင်ပါတယ်။
မြန်မာနိုင်ငံ နေပြည်တော်မြို့နဲ့ အခြားမြို့တွေမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ SEA Games ပြိုင်ပွဲတွေမှာဆိုရင် မြန်မာနိုင်ငံအသင်းဟာ ရိုးရာခြင်းလုံးအသင်းမှာ ရွှေတံဆိပ် ၈ ခု သတ်မှတ်ထားတဲ့အထဲမှာ မြန်မာ အသင်းက ရွှေတံဆိပ် ၆ ခု ရရှိထားပါတယ်။

ကွင်းသွင်း ခြင်းလုံးအသင်းမှာတော့ မြန်မာအမျိုးသား၊ အမျိုးသမီးတွေက ရွှေတံဆိပ် ၁ ခုရရှိပြီးတော့ ငွေတံဆိပ် ၁ ခု ရရှိပါတယ်။ တခါ ဒီဇင်ဘာလ ၉ ရက် ဖွင့်ပွဲနေ့မှာ မြန်မာနဘန်းအသင်းက ရွှေတံဆိပ် ၂ ခု ရရှိပြီးတော့ ၀ူရှုးကတော့ ရွှေတံဆိပ် ၂ ခု ရရှိထားပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအသင်းကဆိုရင် ကမ္ဘောဒီးယားကို ၃ ဂိုး သုညနဲ့ အနိုင်ရရှိပြီး၊ အရှေ့တိမောအသင်းကိုတော့ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်ခင်ဗျာ။


မြန်မာနိုင်ငံက ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့အကြောင်း ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကျန်းမာရေး ညီလာခံအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ကျန်းမာရေး စောင့်ရှောက်မှုအတွက် အဓိကကျတဲ့ ကိစ္စတခုအဖြစ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကဏ္ဍမှာ တိုးတက်ဖို့ အထူးသဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူတွေအတွက် စောင့်ရှောက်မှုတွေ ရရှိဖို့ လိုအပ်ချက်တွေ ကြီးကြီးမားမား ရှိနေတဲ့အကြောင်းကိုလည်း ပြောဆိုခဲ့တာပါ။

ဒိုဟာညီလာခံအတွင်း ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးခဲ့တာတွေကိုတော့ မအင်းကြင်းနိုင်က အပြည့်အစုံ တင်ပြထားပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့မှာ အင်္ဂါနေ့က စတင်ကျင်းပနေတဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ပတ်သက်လို့  ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဆိုသွားပါတယ်။ ကျန်းမာရေးမှာ စိတ်ဓာတ်ရေးရာအပိုင်းကို အာရုံစိုက်ဖို့ လိုအပ်တဲ့အကြောင်း သူက အဓိက ပြောသွားတာပါ။

ဒါ့အပြင် ကျန်းမာရေးစောင့်ရှောက်တဲ့စနစ်မှာ စံနှုန်းတန်ဖိုးတွေက ပိုပြီး အရေးကြီးတာကြောင့် မြန်မာနိုင်ငံမှာလည်း ဒီအတိုင်း ပုံဖော် ဆောင်ရွက်ချင်ကြောင်း သူက အခုလို ပြောပါတယ်။

“ကျန်းမာရေးစနစ်အတွက် အလွန်အမင်း ချမ်းသာကြွယ်ဝမှုအပေါ် အခြေမခံဘဲ စံတန်ဘိုးတွေအပေါ်မှာ မူတည်ပြီး ကျမအနေနဲ့ ပုံသွင်းချင်ပါတယ်။ ဒီစံတန်ဘိုးတွေကိုလည်း အမြင့်ဆုံး ဖြစ်စေချင်ပါတယ်။ Lord Darzi ပြောသွားသလိုပါပဲ တီထွင်ဆန်းသစ်မှုတွေ ဆိုတာက ပိုကောင်းတဲ့ စံတန်ဘိုး အသစ်တွေပါ။ ဒီအတိုင်းပဲ ကျမအနေနဲ့လည်း မြင်တွေ့ချင်ပါတယ်။”

ကာတာနိုင်ငံလို ကြွယ်ဝတဲ့ တိုင်းပြည်က ကျန်းမာရေးစနစ်နဲ့ နှိုင်းယှဉ်ပြီး
ဆွေးနွေးရာမှာတော့ မြန်မာနိုင်ငံလို အရင်းအမြစ် ကြွယ်ဝတဲ့နိုင်ငံမှာ ချမ်းသာမှုတွေအပေါ် အခြေခံပြီး ဆောင်ရွက်တာမျိုးထက် လိုအပ်ချက်တွေကို ဦးစားပေး ဆောင်ရွက်တာတွေကို ဦးတည်တာမျိုး ဖြစ်စေချင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ၂ ခုလုံးဟာ အရေးပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုခဲ့တာပါ။

“နောက်ဆုံးမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ လူပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ရှောက်တာပါ။ ဒီနေ့မနက်ပိုင်းမှာ ဆွေးနွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စမှာဆိုရင် စိတ်ပိုင်း၊ ရုပ်ပိုင်း နှစ်ခုလုံးကို တခုချင်းစီ ခွဲပြီးမကြည့်ဘဲ နှစ်ခုစလုံး တပြိုင်တည်း ကြည့်ဖို့အတွက် ဆွေးနွေးခဲ့တာပါ။”

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးဖို့ ဆောင်ရွက်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံခဲ့ရသူတွေအတွက် စောင့်ရှောက်မှုကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကစပြီး ကျမတို့ ကြိုးစားပြီး တတ်နိုင်သလောက် ကူညီစောင့်ရှောက်တာကို ကျမ သတိရမိတယ်။ ဆေးဝါးကုသဖို့ ထောက်ပံ့တာ၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျမတို့ နှစ်မျိုးလုံး အကူအညီတွေ ပေးခဲ့ပါတယ်။ အဲဒီမှာ ကျမတို့ အခက်အခဲ တွေ့တာက ကျန်းမာရေးဆိုင်ရာ အကူအညီပေးတာကို သူတို့ လက်ခံဖို့ဆိုတဲ့ အချက်ပါ။ ဒါကို ဘယ်လို စိတ်ပိုင်းဆိုင်ရာ ပြဿနာမျိုးနဲ့မဆို ချိတ်ဆက်နေတဲ့ လူမှုရေးအမည်းစက်တခုလို သဘောထားတာကြောင့် အဲဒါကို လက်မခံဘဲ ငြင်းဆန်တဲ့ အနေအထားမျိုး သူတို့ကို ရောက်နေစေပါတယ်။”

ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ World Innovation Summit for Health ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံကို နိုင်ငံတကာက အစိုးရခေါင်းဆောင်တွေ၊ မူဝါဒချမှတ်သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်နေကြပါတယ်။ ဒီညီလာခံကို Qatar Foundation ရဲ့ဥက္ကဌ ကာတာ စော်ဘွားကတော် Sheikha Moza bint Nasser က ဦးစီးကျင်းပတာ ဖြစ်ပါတယ်။

ဒီကမ္ဘာ့ကျန်းမာရေး ထိပ်သီးညီလာခံကို ၂၀၁၂ ခုနှစ် သြဂုတ်လမှာ Imperial College နဲ့ Qatar Foundation တို့ကနေ ပူးပေါင်းပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ စတင် ကျင်းပခဲ့တာပါ။ မကူးစက်နိုင်တဲ့ရောဂါနဲ့ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် စတဲ့ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးမြှင့်တင်နိုင်ဖို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို နယ်ပယ်အသီးသီးမှာရှိတဲ့ ခေါင်းဆောင်တွေက တက်ရောက် ဆွေးနွေးခဲ့ကြပါ တယ်။


တောင်အာဖရိ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ကို ဂုဏ်ပြုတဲ့ အောက်မေ့ပွဲမှာ စင်မြင့်ရှိရာသွားတဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကျူးဘားသမ္မတ ရောင်း ကက်စထရို (Raul Castro) ကို လမ်းမှာလက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံကြား ၁၉၆၁ ခုနှစ်ထဲက သံတမန် ဆက်ဆံရေး မရှိခဲ့တဲ့အတွက် အခုလို သမ္မတ ၂ ယောက် လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စက ဂရုစိုက်စရာ ဖြစ်ခဲ့ပါတယ်။ အခုနှစ်ပိုင်းတွေ အတွင်းမှာတော့ ၂ နိုင်ငံ ဆက်ဆံရေးဟာ စတင်ပျော့ပြောင်းလာနေပေမဲ့ ကျူးဘား အပေါ် အမေရိကန်ရဲ့ ကုန်သွယ်ရေးအရ ဒဏ်ခတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

ဒီလို လက်ဆွဲနှုတ်ဆက်တဲ့ ကိစ္စဟာ ကြိုတင်စီစဉ်ထားတဲ့ ကိစ္စမဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ခေါင်းဆောင် ၂ ယောက်ကြား အပြန်အလှန် နှုတ်ဆက်တာသာဖြစ်ပြီး မည်မည်ရရ ပြောဆိုဆွေးနွေးမှု မရှိပါဘူးလို့ ဆိုပါတယ်။ အမေရိကန် အနေနဲ့ ကျူးဘားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအပေါ်မှာ အကြီးအကျယ် စိုးရိမ်ဆဲဖြစ်တယ်လို့ အိမ်ဖြူတော် အကြံပေးတွေက ပြောပါတယ်။

သမ္မတ အိုဘားမားဟာ အာဖဂနစ္စတန်သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) နဲ့လည်း အပြန်အလှန် နှုတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာ မန်ဒဲလားရဲ့ အောက်မေ့ပွဲကို အလုပ်ကိစ္စအတွက် အသုံးချတဲ့ နေရာလို သမ္မတအိုဘားမားက သဘောထားတာ မဟုတ်ဘူးလို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၁၄ မတိုင်ခင် အာဖဂနစ္စတန်ကနေ နိုင်ငံခြားတပ်တွေ ရုပ်သိမ်းသွားပြီးရင် အမေရိကန်တပ်တွေ ဆက်ထားရှိရေးနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အာဖဂန် ခေါင်းဆောင် ၂ ယောက်ကြားမှာ အချေအတင် ဆွေးနွေးထားကြချိန်မှာ အခုလို နှုတ်ဆက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။


ဒီကနေ့ လွတ်မြောက်လာတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုစိုးမိုးထွန်းနဲ့ မသန္တာ။
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်လိုက်တဲ့နေ့မှာပဲ မြန်မာနိုင်ငံအကျဉ်းထောင်တွေမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်ကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ ထပ်မံ လွှတ်ပေးလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကတော့  အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၄၀ ကျော်လောက် ထပ်မံ ကျန်ရှိနေသလို၊ နိုင်ငံရေးပုဒ်မနဲ့ ရင်ဆိုင်နေရတဲ့ အမှုပေါင်း ၂၀၀ ကျော်လောက်လည်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ သူတို့လွတ်မြောက်ရေးကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ-မြန်မာပိုင်းအစီအစဉ် သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ခဲ့ပါတယ်။

ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ အင်းစိန်၊ သာယာဝတီ၊ မန္တလေး၊ ပုသိမ်၊ ပဲခူး၊ သထုံ၊ ကော့သောင်း၊ မြစ်ကြီးနား၊ ဘူးသီးတောင်နဲ့ တောင်ငူ စတဲ့ ထောင်တွေက ဖြစ်ပါတယ်။ ဒီလို လွတ်မြောက်လာသူတွေဟာ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက တင်ပြထားတဲ့သူ ၄၁ ယောက် ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးသက်ဦးက ပြောပါတယ်။

“ကျနော်တို့ စာရင်းအရက ၄၁ ယောက်၊ စုစုပေါင်း ၄၄ ယောက်လွတ်တယ်လို့ သိရပါတယ်။ ကျန်တဲ့ ၃ ယောက်ဟာက ကျနော်တို့ စာရင်းမရသေးဘူး။ ဥပမာ-ဘယ်ထောင်က လွတ်တယ်၊ နာမည်ဘယ်သူလဲ အဲ့ဒီဥစ္စာ စာရင်းမရသေးဘူး။ အများစုကတော့ ပုဒ်မ ၁၈ အဲ့ဒီဥစ္စာ အများစုပဲ။”

ဒီကနေ့ အင်းစိန်ထောင်က လွတ်မြောက်လာသူတွေထဲမှာ လက်ပန်းတောင်းတောင် သပိတ်စခန်းကို အင်အားသုံး ဖြိုခွင်းတာကို ကန့်ကွက်ဆန္ဒပြခဲ့ပြီး၊ ပုဒ်မ ၁၈ နဲ့ ထောင်တစ်လ ချမှတ်ခံရတဲ့ ကိုဒီငြိမ်းလင်းလည်း ပါဝင်ပါတယ်။ သူ့ကို ထောင်က လွှတ်ပေးတဲ့အပေါ်မှာ ကိုဒီငြိမ်းလင်းက အခုလို သုံးသပ်ပါတယ်။
“ကျနော်တို့ကိုဗျာ တရားဥပဒေမဲ့ ဖမ်းဆီးပြီး အမိန့်ချ ထောင်ချလိုက်တယ်။ ပြီးတော့ ပြန်လွှတ်ပေးလိုက်တယ်ဆိုတာကြီးက နိုင်ငံတော်သမ္မတရဲ့ ဒီနှစ်ကုန် နိုင်ငံရေးအကျဉ်းသား အကုန်ပြန်လွတ်ရမယ်ဆိုတဲ့မူကို မဖြစ်မနေ အကောင်အထည်ဖော်တယ်လို့ ကျနော်တို့ ခံစားမိပါတယ်။ ကျနော်တို့ကို ဒီအချိန်မှာ ပြန်လွှတ်ပေးတယ်ဆိုတာက နိုင်ငံရေးသမားတွေကို သူတို့တွေက နိုင်ငံရေးကစားကွက်အနေနဲ့ အပေးအယူတခုအနေနဲ့ ကစားနေတယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။ ကစားကွက်တခုအနေနဲ့ နိုင်ငံတကာမှာ ပြလို့ကောင်းလို့ လုပ်ဆောင်လိုက်တယ်လို့ပဲ ကျနော်တို့ မြင်ပါတယ်။”

ကိုဒီငြိမ်းလင်းနဲ့ အမှုတွဲတူသူ ၆ ဦးကို နိုဝင်ဘာလ ၂၁ ရက်နေ့က ထောင်ဒဏ် ချမှတ်ခဲ့တာကြောင့် နောက်တပတ်ဆိုရင် ပြန်လည်လွတ်မြောက်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီဝင် ဦးဘိုကြည်က လတ်တလော စိစစ်ထားတဲ့ စာရင်းအရဆိုရင် အကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၄၀ ကျော်လောက် ကျန်ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

“လက်ရှိ အကျဉ်းထောင်ထဲမှာ ကျန်နေတာက ၄၄ ဦး ကျန်နေပါသေးတယ်။ ဒါက ထောင်ကျပြီးသားပေါ့။ အမှုရင်ဆိုင်နေရတာတွေလည်း ရှိနေပါသေးတယ်။ ရဲမင်းဦးတို့လိုမျိုး ဥပမာ အင်းစိန်ထောင်ထဲမှာ အမှုရင်ဆိုင်နေရတာတွေရှိတယ်။ ဒေါ်မြင့်မြင့်အေးတို့လို မိတ္ထီလာဘက်မှာ အသင်းအဖွဲ့ပုဒ်မ ၆ နဲ့ အမှုရင်ဆိုင်နေရတာတွေ ရှိပါတယ်။ ပြီးတော့ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင်နေရတာတွေကလည်း ၂၀၀ လောက်ရှိပါတယ်။”

လက်ရှိ စိစစ်ထားတဲ့စာရင်းအပြင် ထပ်မံ ကျန်ရှိနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် စိစစ်သွားမယ့် အစီအစဉ်ကို ဦးဘိုကြည်က အခုလို ပြောပါတယ်။

“တကယ်လို့ မိမိရဲ့ မိသားစုဝင်တယောက်ယောက်က နိုင်ငံရေးအရ ထိန်းသိမ်းခံထားရတယ်၊ ဖမ်းဆီးခံထားရတယ် ဆိုတာမျိုးကို အချက်အလက် အထောက်အထား ခိုင်ခိုင်မာမာနဲ့ သမ္မတရုံးကိုပဲဖြစ်ဖြစ်၊ ၈၈ ရုံးကိုပဲဖြစ်ဖြစ်၊ ကျနော်တို့ ဒီ နိုင်ငံရေးအကျဉ်းသားများအဖွဲ့ ရုံးကိုပဲဖြစ်ဖြစ် ကျနော်တို့ ဒီ ထိုင်းနိုင်ငံမှာဆိုရင်လည်း AAPP ကိုပဲဖြစ်ဖြစ် ဆက်သွယ်ပြီးတော့ အကြောင်းကြားကြဖို့၊ အဲ့ဒီလိုအကြောင်းကြားလာတယ်၊ အချက်အလက် ခိုင်ခိုင်မာမာ ဖြစ်တယ်ဆိုရင် ကျနော်တို့ စိစစ်သွားမှာပါ။ အဲ့လို ကြေညာချက်မျိုးတွေ ထုတ်ဖို့ကိုလည်း အစိုးရဘက်ကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ သတင်းစာတွေထဲမှာ ထည့်ပြီး ကြေညာဖို့ကိုလည်း သဘောတူထားပြီ ဖြစ်ပါတယ်။”


လောလောဆယ် နိုင်ငံရေးပုဒ်မနဲ့ အမှုရင်ဆိုင်နေရတဲ့ အမှုပေါင်း ၂၀၀ အတွက်လည်း ဆောင်ရွက်နေဆဲရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဖို့ဆိုရင် အစိုးရနဲ့ လွှတ်တော်ကပါ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုမယ်လို့ ဦးဘိုကြည်က သုံးသပ်ပါတယ်။

“ကျနော်တို့ကတော့ နိုင်ငံရေးအကျဉ်းသား ၁ ယောက်လောက် ကျန်နေတယ်ဆိုရင်တောင်မှ ဒီ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၁ ယောက် လွတ်မြောက်လာဖို့အတွက်ကို ဆက်ပြီးတော့ လုပ်ဆောင်နေကြရမှာပါ။ အဲ့လိုဒီ တခြား နိုင်ငံရေးအကျဉ်းသားများအဖွဲ့တွေ၊ နောက် ဒီ တခြားနိုင်ငံရေးပါတီအဖွဲ့အစည်း အသီးသီးတွေကလည်း ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်ကို ပူးပေါင်းပါဝင်လုပ်သွားဖို့ လိုပါတယ်။ အဲ့ဒီလိုပဲ လွှတ်တော်ဘက်ကရော၊ အစိုးရဘက်ကရော ပူးပေါင်းပါဝင် ဆောင်ရွက်သွားဖို့ လိုပါတယ်။ အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားပြဿနာက တိုင်းပြည်ရဲ့ပြဿနာဖြစ်ပါတယ်။ အဲ့ဒီအတွက် အကုန်လုံးက ပူးပေါင်းဖြေရှင်းမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသား ကုန်မသွားစရာအကြောင်း ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူးဆိုရင် တချို့ဌာနဆိုင်ရာတွေက ပူးပေါင်းဆောင်ရွက်မှု အပြည့် မရှိဘူးဆိုရင်တော့ ဒီပြဿနာက ပြီးဆုံးသွားမှာ မဟုတ်ဘဲနဲ့ ၂၀၁၄ ထဲကို ကူးသွားမှာပါ။”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကတော့ နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို အကျဉ်းထောင် ၁၈ ခုကနေ လွှတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့စာရင်းအရဆိုရင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၁၄ ကြိမ် လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၁၄၁ လွတ်မြောက်ခဲ့ပြီး ဖြစ်ပါတယ်။ 
BBC NEWS

Sunday, December 8, 2013


‘တားမြစ်နယ်မြေ၊ တာဝန်မှအပ မဝင်ရ၊ သေနတ်ဖြင့် ပစ်ခတ်ခံရမည်’ ဟူသည့် စာသားများပါသော ဆိုင်းဘုတ်ကလေး များကို ခပ်စိပ်စိပ် တွေ့ရသောအခါ ရန်ကုန်မှ လိုက်ပါလာသည့် သတင်းသမားမှာ ကျောချမ်းလျက် ရှိသည်။ လှမ်းလက် စခြေလှမ်းများပင် တုံ့ဆိုင်း သွားသည်ဟု ဆိုသည်။ ယင်းမှာ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ချောက်မြို့ကလေးတွင် အမြင်စိမ်းသော ဧည့်စိမ်းများအတွက် ကျောချမ်းဖွယ်ရာ နွေးထွေးသော ကြိုဆိုမှုတစ်ခုပင် ဖြစ်သည်။

“သေနတ်နဲ့ ပစ်မယ်ဆိုတာ ခြေလှမ်း ဆယ်လှမ်းတိုင်းလောက်မှာ စိုက်ထားတယ်နော်” ဟု ဓာတ်ပုံ သတင်းထောက်တစ်ဦးက တိုးတိုးလျလျ မှတ်ချက်ပြုသည်။ ချောက်မြို့နှင့် မစိမ်းလှသော ကျွန်တော်မှာ ပြုံးစိစိ လုပ်လျက် “ရေနံချောင်းနဲ့ ချောက်က သေနတ်အောက်က မြို့တွေဗျ” ဟု စနောက်လိုက်သည်။ ကျွန်တော်တို့ သတင်းအဖွဲ့မှာ ရေနံလုပ်သား ခေါင်းဆောင်ကြီး သခင်ဖိုးလှကြီး၏ ပုံတူကြေးရုပ်ကို စောင့်ကြို ဓာတ်ပုံရိုက်ရန်နှင့် ၁၃၀၀ ပြည့် ရေနံမြေ အရေးတော်ပုံ စိန်ရတု အခမ်းအနား ကျင်းပနိုင်ရေး အတွက် ပြင်ဆင်မှုများကို မေးမြန်းရန် ချောက်မြို့သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

၁၃၀၀ ပြည့် အရေးတော်ပုံ ဆိုသည်မှာ မြန်မာနိုင်ငံ၏ ပထမဆုံး အရေးတော်ပုံကြီး ဖြစ်သည်။ ၁၉၃၈ ခုနှစ်တွင် မြန်မာနိုင်ငံကို ကျွန်ပြုထားသော အင်္ဂလိပ် အစိုးရကို သပိတ်မှောက် ဆန္ဒပြရန် တောင်သူ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားစသော အဖွဲ့အစည်း အသီးသီးသည် အထွေထွေ သပိတ်ကြီးအသွင် ပေါင်းစီးခဲ့ကြသည်။ ယင်းအဖွဲ့အစည်း များအနက် ချောက်လမ်းရွာ ရေနံမြေမှ ရေနံမြေ လုပ်သားများကို ရေနံမြေ လုပ်သားခေါင်းဆောင် သခင်ဖိုးလှကြီးက ဦးဆောင်ပြီး ချောက်၊ ရေနံချောင်း၊ မကွေးမြို့တို့ကို ဖြတ်ကာ ရန်ကုန်အထိ ချီတက်စေခဲ့သည်။ ထိုစဉ်က ရေနံမြေ လုပ်သားများမှာ ၎င်းတို့၏ အခွင့်အရေးများကို လျစ်လျူရှုထားပြီး ရေနံမြေ တစ်ခုလုံးကို လက်ဝါးကြီး အုပ်ထားသော နိုင်ငံခြားသားပိုင် ဘီအိုစီ ကုမ္ပဏီကို ဒေါကန်လျက် ရှိသည်။

သို့နှင့် သမိုင်းကို စဉ်းစားလိုက်၊ တွေ့သမျှ ဓါတ်ပုံရိုက်လိုက်ဖြင့် လမ်းလျှောက်လာရာ မြန်မာ့ရေနံနှင့် သဘာဓာတ်ငွေ့လုပ်ငန်း (MOGE) ၏ ဌာနခွဲများ ဖြစ်သော ပစ္စည်းစီမံဌာန၊ ပင်မစက်မှုအလုပ်ရုံ၊ ဆောက်လုပ်ရေးဌာန၊ အထွေထွေ စီမံခန့်ခွဲရေးရုံး၊ ရေနံချက် စက်ရုံများနှင့် ဂါလန်ပေါင်း ကိုးသိန်းကျော်ခန့် ဆံ့သော ရေနံ လှောင်ကန်ကြီးများကိုပင် ကျော်လာပြီ ဖြစ်သည်။ ဌာန တစ်ခုတိုင်းတွင်လည်း ‘သေနတ်ဖြင့် ပစ်ခတ်ခံရမည်’ ဆိုသော ဆိုင်းဘုတ်များကို အခိုင်အမာ စိုက်ထူ ထားသည်။ ယင်းဆိုင်းဘုတ်များ အတိုင်းသာ အတိအကျ ပိုင်းခြားပါက လူနေအိမ်ခြေ ဆောက်ထားသော နေရာများမှအပ ကျန်မြေလွတ်များမှာ မြို့၏ တားမြစ်နယ်မြေဟု ဆိုရမည်သာ။

တစ်နေရာ အရောက်တွင် ရေနံမြေ အလုပ်သမားများ အပန်းဖြေရိပ်သာကို တွေ့ရသည်။ ယင်းဆိုင်းဘုတ်ကို တွေ့သည့်အခါ သမိုင်းအတွေးက တစ်ကျော့ ဝင်လာပြန်သည်။ ယင်းရိပ်သာမှာ အင်္ဂလိပ်အစိုးရ လက်ထက်တွင် ‘မျက်နှာဖြူကလွဲပြီး အခြားသူမဝင်ရ’ ဟူသော ဆိုင်းဘုတ်ကလေး စိုက်ထူထားပြီး အရက်သောက်၊ ရေကူး၊ ဘိလိယက် ထိုးရန်အတွက် အင်္ဂလိပ် လူမျိုးများသာ တသီးတသန့် ဆုံဆည်းလေ့ရှိသော ကလပ်တစ်ခု ဖြစ်သည်ဟု သမိုင်းမှတ်တမ်း များတွင် ဖတ်ရသည်။

ယခုအခါတွင်မူ ယူနီဖောင်း အပြာရောင်ဝတ် မြန်မာရေနံ လုပ်သားများ၊ ဘောင်းဘီနှင့် အင်္ကျီ တစ်ဆက်တစ်စပ်တည်း ချုပ်ထားသည့် လိမ္မော်ရောင် ယူနီဖောင်း ဝတ်ဆင်ထားသော မြန်မာရေနံ လုပ်သားများ ဝင်ထွက် သွားလာလျက် ရှိသည်။ အပြာဝတ်များမှာ အစိုးရ ဝန်ထမ်းများ ဖြစ်ပြီး လိမ္မော်ရောင် ဝတ်ဆင်ထား သူများမှာ ပုဂ္ဂလိက ရေနံကုမ္ပဏီ တစ်ခုဖြစ်သည့် Goldpetrol ၏ ဝန်ထမ်းများ ဖြစ်သည်။

အပန်းဖြေ ရိပ်သာကို လွန်သောအခါ လမ်းဘေး ထမင်းဆိုင်ငယ်လေးတွင် ဝိုင်းဖွဲ့ကာ မနက်စာ စားနေသော လိမ္မော်ရောင်ဝတ် ရေနံလုပ်သား လေးငါးယောက်ခန့်ကို တွေ့ရသည်။ ဓာတ်ပုံ သတင်းထောက်တစ်ဦးက ကွမ်းငတ်လာပုံ ရသည်။ ထမင်းဆိုင်ဘေးရှိ ကွမ်းယာဆိုင်သို့ ဝင်သောအခါ ကျွန်တော်လည်း နောက်က ကပ်လိုက်သွားသည်။ အသက် လေးဆယ်ကျော်ခန့် ဒေသခံတစ်ဦးနှင့် စကားရောရင်း ရေနံမြေ လုပ်သားများ၏ လစာကို စပ်စုရသည်။ လုပ်သားများမှာ ဝင်စကာလတွင် တစ်လလျှင် လေးသောင်းခွဲမျှသာ ရသည်ဟု ဆိုသည်။ ထို့နောက်မှ လစာတိုးရင်းတိုးရင်း ခြောက်သောင်းခွဲ၊ တစ်သိန်းမျှ ရလေရာ လစာမှာ လွန်စွာ နိမ့်ပါးလှကြောင်း၊ လစာနည်းသော်လည်း အလုပ်ရှားသဖြင့် ရရာအလုပ်ကိုသာ လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

မြို့ပြင်ဘက် ခပ်လှမ်းလှမ်းအထိ လမ်းလျှောက်ရင်း ဓါတ်ပုံများ အားပါးတရ ရိုက်ယူပြီးသောအခါ သခင်ဖိုးလှကြီး ကြေးရုပ် ထားရှိမည့် အလုပ်သမား မေဒေး ကျောက်တိုင်သို့ ပြန်လာခဲ့သည်။ ကျောက်တိုင်သို့ မရောက်မီ ခပ်လှမ်းလှမ်းကပင် ‘တို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ’ ဆိုသော တို့ဗမာ အစည်းအရုံးဝင် သခင်များ၏ အသည်းစွဲ သီချင်းသံကို ကြားရသည်။ ရှေးတွင်မူ ဆိုင်ကယ်အစီး ၅၀ ခန့်၊ ဆိုင်ကယ်တိုင်းတွင် တူတံစဉ် တံဆိပ်ရိုက်ထားသော အလံနီလေးများ ကိုယ်စီ စိုက်ထူထားသည်။ ဆိုင်ကယ်များ နောက်တွင် မင်္ဂလာစည်တော်၏ စည်းချက်နှင့်အညီ ညင်သာနုရွ သောဟန်ပန်ဖြင့် ဘယ်ခုန်ညာပေါက် လှုပ်ရှားနေသော ပုဏ္ဏားတစ်ဦး။ ယင်းပုဏ္ဏားမှာ မည်းသော မျက်နှာတွင် မိတ်ကပ် လူးထားသဖြင့် ပြာဟောက်ဟောက် ဖြစ်နေရာ နဖူးထုံးသုံးရစ်နှင့် ပါးတစ်ဖက် ထုံးနှစ်ရစ်တို့ကာ အပြာပေါ် အဖြူဆင့်ကာ ပလဲနံပမသင့် ဖြစ်နေရှာသည်။
မင်္ဂလာ စည်တော်ဝိုင်း နောက်တွင်မူ ရေနံမြေ လုပ်သားဟောင်းကြီးများ ဝန်းရံထားသည့် သခင်ဖိုးလှကြီး၏ ပုံတူ ကြေးရုပ်တုကြီးကို တွေ့ရသည်။ လမ်းဘေးတစ်ဖက် တစ်ချက်စီတွင်မူ တုတ်ဖြင့် ထိုးခံရသော ပုရွက်အုံကဲ့သို့ လူအုပ်ကြီးက ရွစိတက်လျက် ရှိသည်။

ယင်း လူရေစီးကြောင်းကြီးသည် မြို့ကို ခဏတာမျှ လှည့်ပတ်ပြီးနောက် ကျောက်တိုင်ဆီသို့ ပြန်လာ ကြသည်။ ကျောက်တိုင်သို့ အားလုံး ရောက်သောအခါ ကြေးရုပ်ထုကို ကျောက်တိုင် ဘေးနားတွင် အသစ်ဆောက်ထားသည့် ကျောက်တိုင်ထိပ်၌ တင်ဖို့ ကြိုးပမ်းရသည်။ ဤတွင် ပိဿာချိန် နှစ်ရာကျော် လေးသော ကြေးရုပ်ကို တင်ရန် အတော်လေး အချိန်ပေးကာ ကြိုးပမ်းလိုက်ရသည်။ ကြေးရုပ်ကို ရွှေ့ရန် လူအားဖြင့် မရသဖြင့် ကရိန်းအားဖြင့် မရသည်။ ထိုစဉ်မှာပင် ကြေးရုပ်ကို စံပယ်ကုံးများ လာစွပ်သူက စွပ်သည်။
အဆုံးတွင် ကရိန်းအားဖြင့်မ သောအခါ သခင်ဖိုးလှကြီးသည် အသာတကြည်ကြွပြီး အရှေ့ဘက်သို့ မျက်နှာမူကာ ကျောက်တိုင်ထိပ်၌ စံမြန်းရှာလေသည်။

သခင်ဖိုးလှကြီးကို နေရာချပြီးသောအခါ သတင်းစာရှင်းလင်းပွဲ စတင်လေသည်။ ကော်မတီ အဖွဲ့ဝင်များက ယင်းပွဲ ဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုလွှတ်တော် နာယကကြီး သူရဦးရွှေမန်းက မည်ကဲ့သို့ ကူညီခဲ့ပုံ၊ ဇေကမ္ဘာ ဦးခင်ရွှေက ဝေဿန္တရာ့ ထုံးနှလုံးမူကာ ရက်ရောစွာ လှူဒါန်းခဲ့ပုံ၊ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်နေ့၌ စည်စည်ကားကား ကျင်းပနိုင်ရန် မည်ပုံ စီစဉ်ထားပုံ ပဏာမ ပျိုးလေသည်။ အတော်လေးကြာမှ မေးလိုသည့် မေးခွန်းမေးကြပါဟု သတင်းသမားများထံ မိုက်ကရိုဖုန်း လှည့်တော့သည်။

ရှေ့ပိုင်း သတင်းသမားတစ်ယောက်၊ နှစ်ယောက်က ကြေးရုပ်က ပိဿာချိန် ဘယ်လောက် လေးပါသလဲ၊ ငွေဘယ်လောက် ကုန်ပါသလဲ စသဖြင့် မေးမြန်းပြီးသောအခါ ကျွန်တော် ထမေးသည်။
လက်ရှိ ကော်မတီက အခမ်းအနား ပြီးမြောက် သွားသောအခါ လက်ရှိ ရေနံလုပ်သားများ အခွင့်အရေး အတွက် နောက်ပိုင်းတွင် မည်သည့် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်ပါမည်နည်း။ အခမ်းအနားမှူး ခဏငြိမ်သွားသည်။ နောက်တော့မှ ဥက္ကဋ္ဌကြီးက ထလာပြီး ကော်မတီမှာ အခမ်းအနား ဖြစ်မြောက်ရေးနှင့် သမိုင်းအမွေကို လက်ဆင့်ကမ်း ပေးရေးအတွက် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ပြီး လက်ရှိ ရေနံလုပ်သား အခွင့်အရေးအတွက်မူ ကော်မတီ၏ လုပ်ငန်းစဉ် ဇယား၌ မပါရှိကြောင်းဖြင့် အဖြေပိတ်လေသည်။ သို့နှင့် မိုက်ကရိုဖုန်းသည် သတင်းသမား တစ်ယောက်ထံ လှည့်သည်။

ကျွန်တော်မှာ မရိုးမရွ ဖြစ်နေသည်။ မေးစရာတစ်ခု ရှိသေးသည်။ သို့သော် သတင်းတိုက် တစ်ခုတည်း က နှစ်ခါထမေးပါက တစ်ကိုယ်ကောင်းဆန်ရာ ကျမည်စိုး၍ ကျွန်တော် မေးလိုသော မေးခွန်းကို မိတ်ဆွေ သတင်းသမား တစ်ဦးထံ အကူအညီ တောင်းခံကာ မေးမြန်းစေသည်။ မိတ်ဆွေ သတင်းထောက်က မိုက်ကရိုဖုန်းကို ကိုင်ပြီး ရေနံချောင်းနှင့် ချောက်မြို့ရှိ ရေနံ တူးဖော်ခွင့် အများစုကို Goldpetrol ကုမ္ပဏီက ရရှိထားသည်ဟု သိရပါကြောင်း၊ ယင်းကုမ္ပဏီက ယခု အခမ်းအနားအတွက် မည်မျှ ကူညီပေးသည်ကို သိလိုပါကြောင်း မေးလေသည်။ ဥက္ကဋ္ဌကြီးပင် ထဖြေပြန်သည်။ Goldpetrol ကုမ္ပဏီက ကော်မတီကို များစွာ ကူညီပါကြောင်း၊ ယခုအခမ်းအနား အတွက် ငွေကျပ်ဆယ်သိန်းအထိ ထည့်ဝင်ထားပါကြောင်း အားပါးတရ ဖြေဆိုသွားသည်။

ဥက္ကဋ္ဌ အဖြေဆုံးသောအခါ ကျွန်တော်လည်း စဉ်းစားခန်း ဝင်နေလိုက်သည်။ ချောက်တွင် ရေနံတွင်း တစ်တွင်းတည်းက တစ်ရက်လျှင် ရေနံစိမ်းစည် ၇၂ စည်ခန့် ထွက်သော တွင်းမျိုး တွေ့ခဲ့ရသည်။ ယင်းကဲ့သို့ တွင်းပေါင်း ချောက်လမ်းရွာ ရေနံမြေနှင့် ရေနံချောင်း ရေနံမြေ ပေါင်းလိုက်လျှင် ထောင်ချီသောင်းချီ ရှိပေမည်။ ယခုခေတ် ကမ္ဘာ့ ရေနံပေါက်ဈေးမှာ ရေနံစိမ်း တစ်စည်လျှင် ကန်ဒေါ်လာ ၁၁၀ ဝန်းကျင်တွင် ပြေးနေသည်။ တိုက်ဆိုင်စွာပင် ယင်း ၁၃၀၀ ပြည့်အခမ်းအနား သတင်းစာ ရှင်းလင်းပွဲနေ့မှာပင် ချောက်ရေနံမြေ တစ်ခုလုံးပေါင်း ရေနံစိမ်းစည်ရေ ၁၃၀၀ ထွက်သည်ဟု ဆိုသည်။ သို့အတိုင်းသာ မှန်ပါက ယင်းရေနံစိမ်းများမှာ ကျပ်သိန်းပေါင်း တစ်ထောင်ကျော် တန်ဖိုးရှိသည်။ ဤပမာဏသည်ပင်လျှင် တစ်နေ့တာ အထွက်နှုန်းပင် ရှိသေးသည်။ Goldpetrol ကုမ္ပဏီမှာမူ ရေနံချောင်းနှင့် ချောက်မြို့၌ ရေနံထုတ်နေသည်မှာ ကျွန်တော့်အသက် ထက်ပင် ကြီးမည်ထင်သည်။ သို့ဖြစ်ရာ နှစ်ကာလ တာရှည်စွာ ရေနံထုတ်နေသော ကုမ္ပဏီကြီး တစ်ခုက ရေနံလုပ်သား သပိတ်နှင့် ရေနံလုပ်သား ခေါင်းဆောင်ကြီး သခင်ဖိုးလှကြီး တို့ကို အမှတ်တရ ကျင်းပသည့် အခမ်းအနားအတွက် ငွေကျပ်ဆယ်သိန်းကြီးကို သဒ္ဓါပေါက်ကာ အလှူရောက်သည်ဟု ဆိုသောအခါ ကျွန်တော်မှာ ကြီးစွာ အံ့အားသင့်မိသည်။

သို့နှင့် မေးချင်တာ မေးမြန်းပြီးသောအခါ အခမ်းအနားမှ ခွာလာခဲ့သည်။ အခမ်းအနား၏ နောက်ဘက် တွင် ရေနံဆေးရုံတစ်ခု ကပ်လျက်ရှိသည်။ ရေနံလုပ်သား များနှင့် မိသားစုဝင် များကို ကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက် ဘီအိုစီ ကုမ္ပဏီ လက်ထက်ကတိုင် တည်ဆောက်ထားသော ဆေးရုံ ဖြစ်သည်။ ဆေးရုံတွင်းသို့ ဝင်သွားသောအခါ သူနာပြု တစ်ယောက်နှစ်ယောက်ကို တွေ့ရသည်။ လူနာခုတင် များတွင်မူ အများစုမှာ လစ်လျက်နေပြီး လူနာ လေးငါးယောက်ခန့်သာ ဟိုတစ်ကွက် ဒီတစ်ကွက် လဲလျောင်းလျက် ရှိလေသည်။ လူနာစောင့် အနားသို့ အသာကပ်ကာ ဆေးရုံ၏ ဝန်ဆောင်မှုကို မေးကြည့်သည်။ ဆေးရုံသို့ လာရောက် ကုသသော လူနာများသည် လိုအပ်သောဆေးကို အပြင်ဆေးဆိုင် များသို့ သွားရောက် ဝယ်ယူရပြီး ဆရာဝန်နှင့် သူနာပြုများက ကုသပေးသည်ဟု ဆိုသည်။ ရေနံမြေ လုပ်သားကော အပြင်လူနာကော ထိုနည်းတူစွာပင် ဆေးရုံက ကုသရုံ ကုသပေးသည့် ဝန်ဆောင်မှုကိုသာ ပေးသည်ဟု ဆိုသည်။ ထိုလူ လိမ်လည် ပြောမည်စိုး၍ ကုတင်ပေါ် လဲလျောင်းနေသည့် လူနာတစ်ယောက် အနားသို့ကပ်ကာ မေးမြန်းကြည့်သေးသည်။ ထိုနည်းတူပင် ဖြေဆိုသည်။

ထိုသို့ မေးမြန်းနေစဉ်မှာပင် သူနာပြုများ အပါအဝင် လူငါးယောက်ခန့် ရောက်ရှိလာပြီး ဆေးရုံ တာဝန်ခံ ဆရာကြီး၏ ခွင့်ပြုချက်ကို ရယူရန် ပြောသည်။ သို့ကြောင့် တာဝန်ခံ ဆရာဝန်ကြီးထံ သွားသည်။ ဆရာကြီးကို အင်တာဗျူးခွင့် တောင်းသည်။ ဆရာကြီးက ဆေးရုံအတွက် လူမှုဖူလုံရေးက ခြောက်လတစ်ကြိမ် ဆေးဝါးများ ထုတ်ပေးကြောင်း၊ လိုအပ်သော ဆေးဝါးကို MOGE စီမံဌာနထံ ငွေကြေး တောင်းခံကာ ဝယ်ယူရကြောင်း၊ MOGE ကလည်း ဆေးရုံအတွက် တစ်လလျှင် တစ်သိန်း ခြောက်သောင်းကျပ် ငွေချပေးကြောင်း၊ ဆေးရုံအတွက် Goldpetrol က ငွေကျပ်သိန်းတစ်ရာ မတည်ကာ ဘဏ်တွင် ငွေအပ်ထားပေးမည့် အစီအစဉ် ရှိကြောင်း ရှင်းပြသည်။ ရေနံမြေလုပ်သား အများစုမှာလည်း မိသားစုနှင့် ခွဲခွာကာ စမ်းသပ်တွင်းများ သွားတူးရသဖြင့် အရက်နှင့် နှီးနွှယ်သော အသည်းနှင့် အစာအိမ် ရောဂါများဖြင့် လာရောက် ကုသတတ်သည်ဟု ဆိုသည်။ ဆေးရုံမှာလည်း ဘီအိုစီ ကုမ္ပဏီ လက်ထက်ကတိုင် ဆောက်လုပ်ထားသော ဆေးရုံ ဖြစ်လေရာ အပျက်အစီးများ ရှိပါက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဆောက်လုပ်ရေးဌာနက လာကြည့်ပြီး ပြင်ဆင်ပေးမည် ဖြစ်ကြောင်း ဆိုလေသည်။

ရေနံမြေ လုပ်သားဟောင်းကြီး တစ်ဦးကမူ ယခင်က ရေနံမြေလုပ်သား Family ကတ်ကလေး လုပ်ထားပေးပြီး ဆေးဝါး ကုသလိုပါက ငွေမလိုအပ်ဟု ငယ်ကြောင်းပြန်သည်။ ထို့ပြင်ဆေးရုံ၌ သာမန်ဆရာဝန် ငါးဦးခန့်၊ သွားဆရာဝန် တစ်ဦးနှင့် သူနာပြုများသာ ရှိလေရာ အရေးပေါ် ခွဲစိတ်ကုသရသော လူနာများအတွက် မည်သို့ ကုသပေးကြောင်း မေးမြန်းသည်။ ဆရာဝန်ကြီးက ယခင်က အထူးကု ဆရာဝန်များ ခန့်အပ်ပေးရန် MOGE မှတစ်ဆင့် ကျန်းမာရေး ဝန်ကြီးဌာနထံ စာတင်ထားသည်ဟုသာ ဖြေဆိုသည်။

ဆရာဝန်ကြီးနှင့် အားပါးတရ ဗျူးပြီးသောအခါ ပြန်လာသည်။ သတင်းစာရှင်းလင်းပွဲ အခမ်းအနားလည်း ပြီးစီးသွားပြီမို့ ရန်ကုန်ပြန်ဖို့ သတင်းသမားများ စုစည်းရသည်။ သတင်းအဖွဲ့ အားလုံးကို မြို့စွန် တောင်ထိပ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ရပ်ထားသော မြသရဖူ ကားပေါ်၌ နေရာယူစေပြီးသောအခါ အညာနေသည် တောင်စွယ် ကျိုးလေပြီ။ နေလုံးနီနုနု ရှေ့တွင် တောင်တန်းပြာ၊ တောင်တန်းပြာရှေ့၌ မြစ်ဧရာ။
ကားသည် တောင်ထိပ်မှ တရွေ့ရွေ့ဆင်းသည်။ တောင်အောက်၌ လမ်းမပေါ် အချိုးအကွေ့ မောင်းသောအခါ လာစဉ်က ကျောချမ်းစရာ နွေးထွေးစွာ ကြိုဆိုနေသော ‘တားမြစ်နယ်မြေ၊ တာဝန်မှအပ မဝင်ရ၊ သေနတ်ဖြင့် ပစ်ခတ်ခံရမည်’ ဆိုသော ဆိုင်းဘုတ်က ခေါင်းညိတ် နှုတ်ဆက်နေသည့်နှယ်။

Written by  ဉာဏ်မျိုးအောင်

The Voice Weekly

Thursday, December 5, 2013



ဓာတ်ပုံ- တင်ထွန်းအောင် ဖေ့စ်ဘွတ်ခ်
မောပန်းနွမ်းနယ်ပုံပေါက်နေသည့် အဖွဲ့သားများက မြေပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်ကြသည်။ သူတို့ချထားခဲ့သည့် ပေါက်တူးကိုကိုင်ကာ ကိုတင်ထွန်းအောင်တစ်ယောက် မြေကျင်းကိုဆက်တူးရန် ပြင်ဆင်လိုက်သည်။

ဆောင်းအကုန်နွေအကူးဖြစ်သော်လည်း တောတောင်ထူထပ်သောနေရာ ဖြစ်သည့်အတွက် ရာသီဥတုက အေးစိမ့်စိမ့်ပင်ရှိနေသည်။ သို့သော်လည်း သူ့အနားက လူများရင်ထဲမှ ပူလောင်မှုကိုတော့ မျက်နှာများက သက်သေပြနေခဲ့သည်။

လပေါင်းများစွာ အတူတကွသွားလာခဲ့ရသည့် လူတစ်ဦး မကြာမီတွင် တောတွင်းတစ်နေရာ၌ ထားခဲ့ရတော့မည်ဖြစ်သည်။

နာမည်ကျော် ကရင်ပြည်နယ် မာနယ်ပလောဒေသသို့ ၂၀၁၁ ခုနှစ် မတ်လအတွင်းက နယ်မြေစိုးမိုးရေးထွက်ခွာခဲ့သည့် တပ်မတော်စစ်ကြောင်း၏ ရှေ့ဆုံးပွိုင့်သွားရသည့် ရဲဘော်တစ်ဦး မိုင်းနင်းမိသောကြောင့် သူတို့မျက်စိရှေ့တွင်ပင် အသက်ပျောက်ခဲ့ခြင်းဖြစ်သည်။

ထိုတပ်မတော်စစ်ကြောင်းအတွက် ပေါ်တာတစ်ယောက်အဖြစ် ၀န်စည်စလယ်များ သယ်ဆောင်ပေးရသည့် ကိုတင်ထွန်းအောင်တို့လူတစ်သိုက် မြေကျင်းတူးအပြီးတွင် မိုးကာဖြင့်ထုပ်ထားသော ကျဆုံးရဲဘော်ကို သူ၏လုပ်ဖော်ကိုင်ဖက်စစ်သားများက နောက်ဆုံးအကြိမ် အလေးပြုနှုတ်ဆက်လိုက်သည်။

သူတို့လို ပေါ်တာများအပေါ် အဆင်ပြေပြေဆက်ဆံတတ်သည့် ရှားတောင့်ရှားခဲ ထိုရဲဘော်အတွက် ကိုတင်ထွန်းအောင်တစ်ယောက်လည်း အခြားပေါ်တာများနည်းတူ စိတ်မကောင်းဖြစ်ရသည်ဟု ဆိုသည်။

“ရဲဘော်ထဲမှာလည်း ကောင်းတဲ့ကောင်တွေလည်းရှိသလို၊ ဆိုးတဲ့ကောင်တွေလည်းရှိတယ်။ ကျွန်တော်သိသလောက် သေသွားတဲ့သူက ၀န်ဆောင်(ပေါ်တာ)တွေနဲ့ အဆင်ပြေတယ်။ သူ့နေရာက ၀င်တွေးကြည့်လိုက်တယ်။ လူမသိသူမသိ၊ မိသားစုကတောင် ဘယ်မှာသေလို့သေမှန်းမသိဘဲ တောထဲတောင်ထဲမှာ ထားခဲ့ရတာ။ သူ့အတွက်ပဲ စိတ်မကောင်းဖြစ်မိတယ်”ဟု ကိုတင်ထွန်းအောင်က ပြောသည်။

သို့သော် နောက် ၁၀ ရက်ခန့်အကြာမှာတော့ သူခံစားသနားခဲ့ရသည့် ရဲဘော်နေရာတွင် သူရောက်သွားခဲ့ရသည်။

“ဂျိမ်း”ခနဲ ပေါက်ကွဲသံနှင့်အတူ ထွက်လာသည့် မီးခိုးလုံးများကြောင့် အနီးတစ်ဝိုက်ကို ရေးရေးသာမြင်ရတော့သည်။ သူကျောပိုးထားခဲ့သည့် ကြိမ်ခြင်းတောင်းထဲမှ ၆၀ မမ ဗုံးဆန်များလည်း အနီးတစ်ဝိုက်ပြန့်ကြဲသွားခဲ့သည်။

“ကျွန်တော်နဲ့အတူ ဘားအံကပါလာတဲ့ သထုံထောင်က ကောင်လေးက လှမ်းခေါ်တာ။ ပစ္စည်းတွေဘာတွေ နားလည်မှုနဲ့ မျှသယ်ကြတာပေါ့။ သူ့ကိုစောင့်မယ်ဆိုပြီး သွားနေတဲ့လမ်းကြောင်းက ဘေးထွက်လိုက်တာ။ နောက်ပြန်နင်းတာ။ ကျွန်တော့်စိတ်ထင် စစ်ကြောင်းထွက်လို့ ရန်သူက လှမ်းပစ်တယ်ထင်တာ။ ချက်ချင်းပဲ ခြေထောက်ကပူလာတာ”ဟု သူမိုင်းနင်းမိစဉ်အတွေ့အကြုံကို ပြောပြသည်။

ထိုစဉ်က အသက်(၂၄)နှစ်ခန့် ရှိနေပြီဖြစ်ပြီး အစိုးရ၀န်ထမ်းနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် တစ်ပြိုင်တည်းလုပ်ကိုင်ခဲ့ရာမှ အကျဉ်းသားတစ်ဦးဖြစ်သည့် သူ့အတွက်တော့ တောတွင်းတစ်နေရာတွင် ဒီလိုဘ၀မျိုးကြုံရမည်ဟု ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ဟုဆိုသည်။

သူသည် စစ်အစိုးရ၏ အုပ်ချုပ်ရေးပိုင်းတွင် ၀န်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး တစ်ပြိုင်တည်းတွင်လည်း ထိုစဉ်က လျှို့ဝှက်နိုင်ငံရေးလှုပ်ရှားနေသည့် Generation Wave အဖွဲ့နှင့်လည်း ဆက်သွယ်မိပြီး နိုင်ငံရေးလှုပ်ရှားမှုအချို့ ဆောင်ရွက်ခဲ့ကြောင်း ကိုတင်ထွန်းအောင်ကပြောသည်။

နိုင်ငံရေးလှုပ်ရှားမှုများပြုနေစဉ် ၂၀၀၈ ခုနှစ်က Generation Wave အဖွဲ့ ဖမ်းဆီးခံခဲ့ရပြီး သူလည်း ထောင်ဒဏ်ငါးနှစ်ချမှတ်ခံခဲ့ရသည်။

“အဲဒီတုန်းက သိပ်ငယ်တယ်။ လူငယ်ဆိုတော့ မခံချင်တာသိပ်များတယ်။ အိမ်ကလည်း ပိုက်ဆံရလို့ Generation Wave နဲ့ ပေါင်းလုပ်တယ်ထင်တယ်။ GenerationWave က အချို့ကလည်း နောက်ဆုံးမှ ကျွန်တော်အဖမ်းခံရတော့ သံသယ၀င်တယ်။ နောက်ဆုံး စစ်ကြောရေးရောက်သွားမှ သူတို့ထင်သလိုမဟုတ်ဘူးဆိုတာ အဖွဲ့ထဲ (Generation Wave)က လူတွေ လက်ခံလာကြတာ”ဟု ထိုစဉ်က သူ၏အတွေ့အကြုံကိုပြောသည်။

ဖမ်းဆီးထိန်းသိမ်းစဉ်က နိုင်ငံရေးအကျဉ်းသားပုဒ်မများ ဖြစ်သော်လည်း စတင်ထိန်းသိမ်းခံရပြီး ၂ နှစ်ခန့်အကြာတွင် ဘားအံအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရ၍ ထိုမှတစ်ဆင့် ရှေ့တန်းစခန်းများဆီ ပေါ်တာအဖြစ် သွားရောက်စေခဲ့ကြောင်း ကိုတင်ထွန်းအောင်ကပြောသည်။

“ထမ်းရတဲ့ ၆၆ မမ ဗုံးသီးတွေက ဆန်အိတ်သုံးပုံနှစ်ပုံစာလောက်ရှိတယ်။ ကျွန်တော်တို့လိုပေါ်တာချည်းပဲ ၄၀ လောက်ပါတယ်။ တောင်တွေကလည်း တစ်တောင်တက် တစ်တောင်ဆင်းနဲ့။ တပ်မညွှန်ကြားချက်နဲ့ တောထဲမှာသွားနေရတာ။ သွားရင်းလာရင်းနဲ့ နှစ်လကြာတော့ တောထဲမှာ နှစ်လ ၁၆ ရက်မြောက်မှာ မိုင်းစထိတာပဲ”ဟု သူကပြောသည်။

“ဖြစ်ဖြစ်ချင်း မိဘကို ဘယ်လိုပြန်ရင်ဆိုင်မလဲလို့ တွေးမိတယ်။ နောက်ဆုံးအိမ်ပြန်ခါနီးကို ဒီလိုဖြစ်သွားတော့ ဒီမျက်နှာနဲ့ အိမ်မပြန်ရဲဘူး။ တစ်နှစ်ပဲလိုတော့တာလွတ်ဖို့။ မိဘကို ဘယ်လိုပြန်ရင်ဆိုင်မလဲလို့တွေးတယ်။ မိုင်းနင်းတော့ အ၀တ်အစားတွေချွတ်ပြီး လေးယောက်လောက်က ၀ိုင်းဖိထားတယ်။ ကျွန်တော် မခံနိုင်တော့ဘူး။ ရေလောင်းပေး၊ မော်ဖိန်းထိုးပေးတယ်။ ထိုးနေတဲ့အချိန်မှာ ပြတ်သွားတဲ့အသားတွေ၊ အရိုးတွေကို ခုတ်ပေးတယ်။ အဲဒီမှာပဲ မေ့သွားတယ်”ဟု သူကဆက်လက်ပြောသည်။

သူသတိရတော့ စခန်းချထားသည့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း၏ အောက်ထပ်တွင် ရောက်နေခဲ့ကြောင်းကို တင်ထွန်းအောင်ကပြောသည်။ ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းအန္တရာယ် အကြီးမားဆုံးနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ မိုင်းထိသူစာရင်းထဲတွင် သူလည်း အဖွဲ့ဝင်တစ်ယောက်ဖြစ်သွားခဲ့ရသည်။

“ဆောင်းတွင်းဆိုတော့ ကိုက်လွန်းလို့ တစ်ချိန်လုံးအော်နေရတယ်။ အော်နေရလည်း ဘယ်သူမှလာပြီး သိပ်မကြည့်ဘူး။ ရေတွေဘာတွေလည်း (ပေါ်တာ)အချင်းချင်းတွေပဲ လာတိုက်တယ်”ဟု သူကပြောသည်။

မုတ်သုံသစ်တောများနှင့် သွားလာရခက်ခဲသော မြန်မာပြည်၏ တောတွင်းတစ်နေရာတွင် မြေမြှုပ်မိုင်းဒဏ်ခံခဲ့ရသည့် ကိုတင်ထွန်းအောင်တစ်ယောက် ရက်ကြာကြာမစောင့်ရဘဲ အဖော်တစ်ယောက်ထပ်ရခဲ့သည်။ သူမိုင်းထိပြီး ရက်ပိုင်းအကြာတွင် နောက်ထပ်ရဲဘော်တစ်ဦးလည်း မိုင်းဒဏ်ရာဖြင့် ရောက်လာခဲ့သည်ဟု သူကပြောသည်။

“အားလုံးရိက္ခာလည်း ပြတ်နေကြတာ။ မဖြစ်ခင် နှစ်ရက်လောက်ကတည်းက စခန်းတစ်ခုလုံး ငှက်ပျောအူပဲစားနေရတယ်။ ဒဏ်ရာအတွက် ဆေးလည်းသိပ်မရှိဘူး”ဟု ကိုတင်ထွန်းအောင်ကပြောသည်။

ဆောင်းတွင်း၏ အအေးဒဏ်နှင့် သူ့ဒဏ်ရာနာကျင်ကိုက်ခဲမှုကို ခြောက်ရက်လောက်ခံစားခဲ့ရပြီးမှ ကြယ်ပြောင်ကုန်းဟု သူသိသည့်နေရာတစ်ခုသို့ အဆင့်ဆင့်ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

“ကြယ်ပြောင်ကုန်းရောက်သွားတော့ စစ်တပ်က ဆေးဗိုလ်ကြီးတွေရှိတယ်။ သူတို့ကတော့ စစ်သားတစ်ပိုင်း၊ ဆရာဝန်တစ်ပိုင်းဆိုတော့ ဆက်ဆံတာ နွေးနွေးထွေးထွေးရှိတယ်။ ဆေးကအစ၊ ဆေးထိုးပေးတာကအစ စေတနာပါတယ်”ဟု သူကပြောသည်။

အကျဉ်းကျခံနေရသူ သူ့အတွက် သဘောကောင်းပြီး လူသားချင်းစာနာစိတ်ရှိသည့် တပ်မတော်မှ ဆရာဝန်များ၏ အကူအညီပေးမှုကြောင့် သူ့မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့သည်။ သူဆေးကုသခံရာ ဆေးရုံဆီသို့ သူ့မိခင်နှင့် ဆွေမျိုးအချို့ ရောက်ရှိလာတော့ သူရင်မဆိုင်ရဲခဲ့ကြောင်းပြောသည်။

“သူတို့အသံကြားလိုက်တော့ ငိုချင်စိတ်ပေါက်လာပြီး ၀မ်းနည်းသွားတယ်။ ဒီလိုဖြစ်တာကို သူတို့မမြင်စေချင်ဘူး။ အားနာသွားတယ်။ အဲဒါနဲ့ အိပ်ချင်ယောင်ဆောင်နေလိုက်တယ်”ဟု သူကပြောသည်။ တပ်မတော်စစ်ဆေးရုံများတွင် လနှင့်ချီပြီး ဆေးဝါးကုသမှုခံယူနေစဉ် သူ့အား ထောင်ဒဏ်မှလွှတ်ပေးကြောင်း အစိုးရအရာရှိများက လာရောက်အကြောင်းကြားခဲ့သည်။ သို့သော်လည်း သူနှင့်ဘ၀တူ မိုင်းဒဏ်ခံအကျဉ်းသားပေါ်တာအချို့ကတော့ ထောင်ထဲပြန်ဝင်ခဲ့ရကြောင်း သူကပြောသည်။

ကျောင်းသား၊ အစိုးရ၀န်ထမ်း၊ မြေအောက်နိုင်ငံရေးလှုပ်ရှားသူ၊ နိုင်ငံရေးအကျဉ်းသား၊ ပေါ်တာလုပ်သား၊ မိုင်းနင်းမိသည့် လူတစ်ယောက် စသည့်ဘ၀အစုံစုံကို ဖြတ်သန်းခဲ့သည့် ကိုတင်ထွန်းအောင်တစ်ယောက် လူ့အဖွဲ့အစည်းအတွင်း ပြန်ဝင်လာတော့ လက်ကမ်းပေးသူများရှိသလို ရှောင်ဖယ်သူများလည်းရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နွေးနွေးထွေးထွေး အားပေးစကားပြောမည့်သူများ သူ့ဆီရောက်လာသလို သားသမီးများကို နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းနေစေလိုသူများအတွက်လည်း သူကနမူနာဖြစ်ခဲ့ရသည်။

ယခုတော့ ကိုတင်ထွန်းအောင်တစ်ယောက် မိုင်းနင်းမိသည့်ခြေတစ်ဖက်ကို အတုဖြင့်အစားထိုးကာ နိုင်ငံရေးလှုပ်ရှားမှုအချို့ကို ပြန်လည်လုပ်ဆောင်နေခဲ့သည်။ ဆုံးရှုံးသွားသည့် သူ၏ခြေတစ်ဖက်အတွက် အစိုးရက တရားဝင်နစ်နာကြေးလည်း ပေးသေးသည်။

“ကျွန်တော် ခြေတစ်ဖက်ဆုံးသွားလို့ဆိုပြီး အိမ်ကို အရာရှိတစ်ယောက်က ငွေလာပေးတယ်။ ပိုက်ဆံ ၆၀၄၀ လာပေးတယ်”

ရေးသားသူ- ထွန်းခိုင်

7Day News Journal