Thursday, February 27, 2014



GQ မဂ္ဂဇင်း ရဲ့ ၂၀၁၄ ဖေဖေါ်ဝါရီလထုတ်အတွက် မျက်နှာဖုံးအကြောင်းမှာ Katy Perry က သူမဟာ ကြီးမားတဲ့ရင်သားတွေပိုင်ဆိုင်ဖို့ ဆုတောင်းခဲ့ရကြောင်းပြောပါတယ်။

ညတစ်ညမှာ ကျွန်မ ပက်လက်လှန်ပြီးကျွန်မရဲ့ခြေထောက်တွေကိုကြည့်လိုက်တယ်။
 ပြီးတော့ ဘုရားသခင်ထံဆုတောင်းတယ်။ ‘အရှင်ဘုရား။ ကျွန်မလှဲနေတုန်း ကျွန်မခြေထောက်တွေကို လှမ်းကြည့်လို့မမြင်နိုင်လောက်အောင် ကြီးမားတဲ့ရင်သားတွေပိုင်ဆိုင်ခွင့်ပေးပါလို့ဆုတောင်းခဲ့ပါတယ်’ လို့ပြောပါတယ်။

အခုသင်မြင်နေရသမျှအရာ (သူမရဲ့ရင်သားတွေ)ဟာ သဘာဝအတိုင်းဖြစ်တယ်လို့ဆိုပါတယ်။

“ကျွန်မ ပလတ်စတစ်ဆာဂျရီမလုပ်ဖူးပါဘူး။ နှာခေါင်း၊ မေးစေ့၊ ပါး၊ 
ရင်သား နည်းနည်းလေးတောင်မလုပ်ပါဘူး” လို့ပြောပါတယ်။

Katy ဟာသူမရဲ့ အတွင်းရေးတစ်ခုကိုလဲဖွင့်ဟသွားပါတယ်။ သူမဟာ Nashville, Tennessee မှာ ၁၆ နှစ်သမီးတုန်းက အပျိုရည်ပျက်ခဲ့တာဖြစ်ပြီး နေရာကတော့ Volve seden ကားရှေ့ခန်းမှာဖြစ်ပါတယ်။
 ပြီးတော့အဲ့ဒီ့အချိန်မှာ Jeff Buckley ရဲ့ Grace album ကိုဖွင့်ထားတာဖြစ်ပါတယ်။

‘ကျွန်မအဲဒီ့အခွေကို အရမ်းချစ်တယ်’ လို့ Katy ကနောက်ကြောင်းပြန်ပါတယ်။



ဖိလစ်ပိုင်လူမျိုး ညီအစ်ကိုသုံးယောက်ဟာ သူတို့ ရဲ့ မိခင်ကို ခုတ်ထစ်သတ်ဖြတ်ပြီး အတွင်းအင်္ဂါတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့ ဖိလစ်ပိုင်ရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုဟာ ရိုးရာဓလေ့ထုံးတမ်း တစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ အမ်ပါတူယန်မြို့ အပိုင် ကျေးရွာတစ်ခုရဲ့  အိမ်မှာ အသက် ၅၆ နှစ်အရွယ်၊ မူဆာလာအမီးလ် ရဲ့ ရုပ်အလောင်းကို ရှာမတွေ့ မီ ရက်အနည်းငယ်က အဲဒီ့မိသားစုအိမ်ကနေ ထူးဆန်းတဲ့ဆူညံသံတစ်ချို့  ကြားခဲ့ရကြောင်း အိမ်နီးချင်းတွေက သတင်းပို့ ခဲ့ပါတယ်။
ရဲတွေ ရှာဖွေတွေ့ ရှိတဲ့အချိန်မှာ အလောင်းဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပျောက်ဆုံးနေတဲ့အပြင် သွေးထုတ်ယူခံထားရတယ်လို့ လည်း သိရပါတယ်။
ဒန်တီ ၃၅ နှစ်၊ ပါရွိုင်း ၂၁ နှစ်နဲ့ အီဘရာဟင် ၁၈ နှစ်တို့ ဟာ သူတို့ အမေရဲ့ ကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်စားခဲ့ကြတယ်လို့  စုံစမ်းရေးအရာရှိတွေက စွဲချက်တင်ခဲ့တာပါ။ ဒါပေမယ့်လည်း ညီအစ်ကိုသုံးယောက်လုံးကတော့ သူတို့ အမေကို မသတ်ခဲ့ဘူးလို့ ငြင်းဆန်နေကြပါတယ်။
သူတို့ ပြောကြားချက်အရ သူတို့ အမေဟာ မကောင်းတဲ့ဝိညာဉ်ကြောင့် ဖျားနာနေတယ်လို့ ယုံကြည်ပြီး နှင်ထုတ်ဖို့ ကြိုးပမ်းခဲ့ယုံတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရဲတွေဟာ ဒီမိသားစု မှာ စိတ်ဖောက်ပြန်မှုနောက်ကြောင်းရာဇ၀င် ရှိခဲ့သလားဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ဒါပေမယ့် ဒီသတ်ဖြတ်မှုမှာ မူးယစ်ဆေးအလွဲသုံးမှုအပိုင်းကို ထည့်သွင်းစဉ်းစားရမယ်လို့ ဆိုပါတယ်။
အကြီးတန်းစုံစမ်းစစ်ဆေးရေးအရာရှိ ရော်နယ်ဒီလီယွန် က သံသယရှိသူသုံးယောက်စလုံးဟာ မူးယစ်ဆေးဝါးစစ်ဆေးမှုတွေကို ခံယူရမယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီညီအစ်ကိုသုံးယောက်ဟာ မိုရို တိုင်းရင်းသားမူဆလင်လူမျိုးစုနွယ်တွေ ဖြစ်တယ်လို့ သိရှိရပါတယ်။
သံသယရှိသူသုံးယောက်လုံးဟာ အမ်ပါတူယန်မြို့ နယ်အတွင်း ပူရော့ခ် နာဘဒ်တော့ဂ်ျ ရွာက မိသားစုလယ်မြေ မှာ သူတို့ အမေနဲ့ အတူ အခြေချနေထိုင်နေကြတာပါ။
ဒေသခံလူထုခေါင်းဆောင်တွေကတော့ ဒီလူသုံးယောက်ဟာ သူတို့ အမေကို သတ်ခဲ့ကြပြီး သားရိုင်းတိရိစ္ဆာန်တွေလို သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အစိမ်းလိုက်ပွဲတော်တည်ခဲ့ကြတယ် လို့  ပြောကြားခဲ့ကြပါတယ်။
ဒီရွာဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ရွာတစ်ရွာဖြစ်ပြီး ၂၀၀၉ ခုနှစ်က လူ ၅၈ ယောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့တဲ့နေရာဖြစ်ပါတယ်။
ညီအစ်ကိုသုံးယောက်ဟာ ဒီအိမ်အတွင်းမှာ သူတို့ အမေကို ဓားကောက်တစ်မျိုးနဲ့ ခုတ်ထစ်သတ်ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို အစိမ်းလိုက်စားသုံးခဲ့ကြတယ်လို့ ယူဆထားပါတယ်။


အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကနေ တဆင့် ဥပဒေကြမ်းကို တင်ပြဆောင်ရွက်သွားပါလို့ ပြည်ထောင်စု လွှတ်တော်နာယက က သမ္မတထံကို ဒီကနေ့မှာ သ၀ဏ်လွှာ ပြန်ပို့ခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။ မျိုးစောင့် ဥပဒေ လေး ခု နဲ့ ပတ်သက်ပြီးတော့ ဆန်းစစ်နိုင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကထံ  ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ တာကို ဒီကနေ့ အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

အမျိုးဘာသာကို စောင့်ရှောက်ဖို့ဖြစ်တဲ့ ဥပဒေတွေ ပြဌာန်းနိုင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံ အတွင်းမှာ ပြဌာန်းဖို့ လိုမလို ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်နိုင်ဖို့ အသိပေးအကြောင်းကြားခဲ့တာကို  ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီကနေ့မှာ ပြန်လည်အကြောင်းပြန်ခဲ့တာပါ။
ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ ပေးပို့လာတဲ့ ပြဌာန်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဆီ သ၀ဏ်လွှာ ပြန်လည် ပေးပို့ခဲ့တာဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာဆိုင်ရာ ဥပဒေလေးရပ် ဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနတွေက တစ်ဆင့် ဥပဒေကြမ်းအဖြစ်နဲ့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြဖို့ သမ္မတဆီ အကြောင်းပြန်ခဲ့တာလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

"ဒီဥပဒေလေးခုကို လွှတ်တော်က ရေးဆွဲပါ ဆိုပြီးတော့ သာသနာ ဆရာတော်တွေနဲ့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံသားတွေ  ဆယ့်သုံးသိန်း နဲ့ သုံးသောင်း ငါးထောင် ခြောက်ရာ က လက်မှတ်ရေးထိုးပြီးတော့ တင်ပြချက် အပေါ်မှာ ပြည်ထောင်စုလွှတ်တော်ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ရန် တိုက်တွန်းပြီးတော့ အဲဒီ ဥပဒေ လေးခုကို ပို့တာပေါ့။

ဒီမှာလည်း ပြည်ထောင်စုလွှတ်တော် နာယက က သမ္မတကြီးဆီကို ပြန်ပြီးတော့ သ၀ဏ်လွှာထုတ်ပြီးတော့ ပြန်ပေးပါတယ်။ အဲဒါကတော့ ဒီဥပဒေ လေးခုဟာ ဥပမာ ကိုးကွယ်မှုဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ဆိုရင် သာသနာရေး ဝန်ကြီးဌာနနဲ့ ဆိုင်တယ်။  လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ဆိုရင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံး ထို့အတူပဲ တစ်လင် တစ်မယား စနစ်ဟာလည်းပဲ ဒီ  ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးနဲ့ ဆိုင်တယ်။ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကျတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဆိုင်တယ်။

ဒီဝန်ကြီးဌာနတွေအပြင် လူ့အခွင့်အရေးနဲ့ ပါတ်သက်တဲ့ လူ့အခွင့်အရေးကော်မရှင်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပြည်ထဲရေးဝန်ကြီး
ဌာနတို့က ဒါကို ယှက်နွှယ်ပေါင်းစပ်ပြီးတော့ အစိုးရအဖွဲ့ရဲ့ စီစစ်ချက်နဲ့ တင်ပြပေးပါ။ ဥပဒေကို ဌာနဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ဒီဥပဒေလေးခုကို ပြန်ရေးဆွဲပြီးတော့ ပြည်ထောင်စု
လွှတ်တော် ကို ပြန်တင်ပေးပါ ဆိုပြီးတော့ ဒီနေ့ သ၀ဏ်လွှာပို့ပြီးတော့ သမ္မတကြီးဆီက သ၀ဏ်လွှာပို့ပြီးတော့ နာယကကြီးဆီက ပြန်ပြီး အကြောင်းပြန်ပါတယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်တွေကို အကုန်လုံး ဝေငှပေးပါတယ်ခင်ဗျ"

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြ၀ါဒစရိယ ဘဒ္ဒ န္တ တိလောကာဘိဝံသက ပြည်သူ့လက်မှတ် တစ်သန်းကျော်နဲ့  လက်မှတ်ထိုး ပေးပို့ထားတဲ့ ဥပဒေ လေးရပ်ကို ဥပဒေ ပြဌာန်းပေးဖို့  နိုင်ငံတော် သမ္မတထံကို ၂၀၁၃ ဇူလိုင်လ တုန်းက တင်ပြထားတာပါ။ အဲ့ဒီလို တင်ပြလာတာကို သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယက ဆီကို သ၀ဏ်လွှာပို့ပြီး ဥပဒေအဖြစ် ပြဌာန်းဖို့လိုမလို သ၀ဏ်လွှာ ပေးပို့ ပြီး ဆန်းစစ် ခိုင်းခဲ့သလို ဒီကနေ့မှာတော့  ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီကိစ္စဟာ ၀န်ကြီးဌာနတွေ က ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်တယ်လို့ သမ္မတဆီ    ပြန်ပို့တာဟာ လွှတ်တော် နဲ့ အစိုးရ အကြား တစ်ဖက်နဲ့ တစ်ဖက် လွှဲချနေတဲ့ သဘောများ ရှိနေသလား ဆိုတဲ့ ဗွီအိုအေ ရဲ့ အမေးကို ဦးဖေသန်း က အခု လို ဖြေပါတယ်။

"ဟုတ်ပါတယ် ဒါပေမဲ့ တစ်ဖက်က ကြည့်ပြန်တော့လည်း ကျနော်တို့ ဒါက ပြည်ထောင်စု လွှတ်တော်က ရေးဆွဲဖို့ သမ္မတက တိုက်တွန်းတယ်ဆိုပေမဲ့ ဒါဟာ တကယ့်ဘာသာရေးအရရော လူမှုရေးအရရော အတိမ်းအစောင်း မခံနိုင်တဲ့ သိမ်မွေ့တဲ့ ဥပဒေတွေ ဖြစ်နေတော့ အဲဒီကိစ္စအပေါ်မှာ ကျနော်တို့ လွှတ်တော်က ရေးဆွဲမယ်ဆိုရင် အကြောင်းအရာတွေ ကွဲလွဲမှုတွေဖြစ် လာနိုင်တယ်။"

မူလက မျိုးစောင့် ဥပဒေ တင်သွင်းဖို့တာဝန်ယူထားတဲ့ NDF ပါတီ ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကတော့ မျိုးစောင့် ဥပဒေတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက တင်လာဖို့ ကြိုးစားတာကြောင့် သူမ အနေနဲ့ အခု လွှတ်တော် အစည်းအဝေးအတွင်းမှာ တင်ပြမယ့် သဘော မရှိတော့ဘူးလို့ ဗွီအိုအေ အခုလို စဖြေပါတယ်။

"အဲ့ဒါကတော့ ဒီလိုလာတယ် အန်တီပြောပြမယ်။ တကယ်လို့ သက်ဆိုင်ရာ ကနေပြီးတော့ လာတဲ့ အခါကျတော့ ဒီဥပဒေကို အမျိုးသားလွှတ်တော် ကနေပြီးတော့ စပြီး ဆွေးနွေးမလား။ ဒါမှမဟုတ်လို့ရှိရင် ပြည်သူ့လွှတ်တော်က စ ဆွေးနွေးမလား။ ကြိုက်တဲ့ သူတို့ပို့လိုက်တဲ့ဖက်ကနေ စဆွေးနွေးရမယ်လေ။ စ-ဆွေးနွေးတဲ့အခါကျတော့ ဒီဟာနဲ့ပါတ်သက်ပြီး အန်တီက အခု တင်မယ်ပြောထားတယ်။ သို့သော်လည်းပဲ ဝန်ကြီးဌာနတွေ အကုန်လုံးကို ခွဲပြီးတော့ ဒါကတော့ စနစ်တကျ ရှိတာပေါ့နော်။ စနစ်တကျ အကုန်ခွဲပေးလိုက်ပြီ ဆိုတဲ့အခါကျတော့ တစ်ခါထပ်ပြီး အန်တီတို့ ဘယ်ဟာကို အာရုံ ကျသလဲ ဥပမာ လက်ထပ်ထိမ်းမြားခြင်းကိုလား။ တလင်တမယား စနစ်ကိုလား။ ဒါမှမဟုတ် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းကိုလား။ လူဦးရေတိုးပွားနှုန်းကိုလား။ သူက တစ်ဌာန နဲ့ တစ်ဌာန မတူဘူးလေ။ ထွက်လာမှာက။ ထွက်လာမှာ မတူတဲ့အတွက် ကိုယ်နှစ်သက်ရာကို တကယ်ရွေးပြီးတဲ့အခါကျတော့ ကန့်ကွက်မယ်ဆိုရင်လည်း Reasonable  ကျကျ ထောက်ခံမယ်ဆိုရင်လည်း အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ သူက အဲလိုဆိုတော့ အန်တီတို့က ပိုပြီးတော့ လုပ်လို့ကိုင်လို့ကောင်းတယ်ဆိုပြီးတော့ ဆိုတဲ့သဘောရှိတာပေါ့နော်"

မေး အန်တီ မူလက တင်ဖို့လုပ်ထားတဲ့ မျိုးစောင့် ဥပဒေနဲ့ အခု မျိုးစောင့်ဥပဒေကေ ကွာခြားမှု ရှိလားခင်ဗျ။

"ဟိုမှာလည်း ပါတာတော့ပါတယ်။ နဂိုပေးထားပြီးသားလည်း ပါတာတော့ ပါတယ်။ သို့သော်လည်း အဲဒါတွေကို သူက ပြန်ပြီးတော့ အချောကိုင်မှာပေါ့နော်။ အဲ့သဘောမျိုးပေါ့"

မေး - မူလ က ဒီမျိုးစောင့် ဥပဒေတွေကို တင်ဖို့လုပ်တုန်းက ဝေဖန် မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။ အခု အခြေအနေမှာ ၀န်ကြီးဌာနတွေက တစ်ဆင့် သာ တင်ဖို့ နာယက ကလည်း ဆုံးဖြတ်လိုက်ပြီဆိုတော့ အန်တီ ဘာပြောချင်လဲ။

"အန်တီ တစ်ယောက်တည်းအနေနဲ့ အဲ့တာ လုပ်မယ်ဆိုတော့ အန်တီ့ကို နိုင်ငံရေးလုပ်စားတယ် စွတ်စွဲတယ်။ နောက်တစ်ခါ ပါတီတစ်ခုရဲ့ ကြိုးဆွဲရာ က- တယ် စွတ်စွဲတယ်။ စသဖြင့်ပေါ့ စွပ်စွဲချက်တွေက အများကြီးပဲ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေလေ။ အခုလိုဆိုတော့ အရမ်းကို ကောင်းသွားတယ်။ အန်တီအတွက်လည်း အင်မတန်ကို ကောင်းသွားတယ်။ အန်တီကတော့ ကျရာပဲလေ။ အဆိုပဲတင်ရတင်ရ ထောက်ခံပဲထောက်ခံရ ဝေဖန်သုံးသပ်ရ သုံးသပ်ရ ဒါကတော့ အန်တီတို့က ကျလာတဲ့ တာဝန်ကို မလွဲမသွေ တာဝန်ကို ကိုယ်တတ်နိုင်တဲ့ဘက်ကလုပ်မှာလေ"

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကနေ ပဲ ၂၀၁၃ ခုနှစ်တုန်းက အမျိုးဘာသာ ကို စောင့်ရှောက်တဲ့ ဥပဒေတွေ ပြဌာန်းနိုင်ဖို့ ဆိုပြီးတော့ ပြည်သူထောက်ခံမှု ရှိတယ်ဆိုတာ ပြသနိုင်မယ့် ထောက်ခံ လက်မှတ်တွေကို ကောက်ခံမှုတွေ မြန်မာနိုင်ငံဒေသအနှံ့ အတော်များများ မှာ ကောက်ယူခဲ့ကြတာပါ။

အောင်ရဲ မောင်မောင် (ဗွီအိုအေ)




ရှမ်းပြည် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၅)၊ နယ် မြေ (၁၃)၊ တရုတ် နတ်စင်အ၀င် လမ်းဆုံတွင်ဒါဏ်ရာများဖြင့် သေ ဆုံးနေသော အလောင်း တစ်လောင်း တွေ့ရှိကြောင်းဖေဖော်ဝါရီ(၆)ရက် နံနက် ၇ နာရီအချိန် ဆယ်အိမ်စု မှူးတစ်ဦး၏ ဖုန်းဆက်သတင်း ပေးမှုအရ သိရသည်။
ဖြစ်စဉ်မှာ ရပ်ကွက်(၅)၊ နယ် မြေ (၁၃)၊ တရုတ်နတ်စင်အ၀င် လမ်းဆုံတွင် ယင်းနေ့နံနက် (၂) နာရီခန့်က ကားသံနှင့်ဆိုင်ကယ် သံ၊ ခွေးဟောင်သံ များကြားခဲ့ရ ကြောင်း၊နံနက်(၆း၃၀)ချိန်ခန့်တွင် လမ်းသွားသူအချို့မှ သတင်းပေး ပို့မှုကြောင့် ဆယ်အိမ်စုမှူး ဦးရန် နိုင်က သွားရောက်ကြည့်ရှုရာ ပက်လက်အနေထား၊ နှာခေါင်း နှင့် ဦးခေါင်းနောက်ဖက်မှ သွေး ကွက် ဒါဏ်ရာ များဖြင့် သေဆုံးနေ သော တရုတ်လူငယ်တစ်ဦးကို တွေ့ရှိရ သဖြင့် နယ်မြေရဲကင်းသို့ သတင်းပို့ခဲ့သည်ဟု ဆယ်အိမ်စု မှူးက ပြောကြား ခဲ့သည်။
သေဆုံးသူ၏ ဇနီးဖြစ်သူ မအားစောက် ရက(၅)၊ နမ(၂၀)၊ အိမ်အမှတ်(၁၂၂)နေသူက ပြော ကြားရာတွင် ““ကျွန်မယောက်ျား မနေ့ည (၇) နာရီခန့်က လက်ဗို (၁၁၀) အနက်ရောင်ဆိုင်ကယ်နဲ့ အပြင်ကို ထွက်သွားတယ်။ ည
(၁၀)နာရီလောက်ဖုန်းဆက်ကြည့် တော့ စတားလိုက် ကာရာအိုကေ ဆိုင်မှာရှိနေတယ်လို့ ဖုန်းအဆက် သွယ်ရရှိခဲ့ပြီး ဒီနေ့နံနက်(၁) နာရီ လောက် ထပ်ဖုန်းဆက်တော့ (နောက်မှပြန်ဆက်ပါ)လို့ စာတို ပြန်ပို့ခဲ့တယ်။ ဒီနေ့ နံနက် (၇) နာရီကျော်မှ တခြားလူတွေ ပြော စကားအရ လာကြည့်တာ ကျွန်မ ယောက်ျား ကိုဝင်းနိုင်(ခ)ကျုံးရင် ဟိုက်(၂၄)နှစ်၊ (ဘ) ဦးတက်စိန်း သေဆုံးနေတာကို တွေ့ရတာ””ဟု ပြောပြခဲ့သည်။
အနီးဝန်းကျင်မှ လူတစ်ဦးက ““ဘယ်ရင်အုံတွင် တွေ့ရသော အင်္ကျီ(၃)ထပ်ပေါ်မှ အပေါက်ငယ်၊ ရင်အုံပေါ်ကသွေး ထွက်နေတဲ့ အပေါက်ငယ်နှင့် နောက်ကျောမှ အပေါက်ငယ်၊ နောက်ကျောအင်္ကျီတို့မှအပေါက် ငယ်တို့တွေဟာသေနတ်သေးသေး ရဲ့ ဒါဏ်ရာလို့ ယူဆရတာပဲ။ ဦးခေါင်းနောက်စေ့မှလည်း သွေး နည်းနည်းထွက်ပြီး ဦးခွံကြေနေ တာကိုကြည့်ရင် အရိုက်ခံရတဲ့ပုံစံ ပဲလေ””ဟု ၎င်းက သုံးသပ်ပြော သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက် ၍ လားရှိုးမြို့မရဲစခန်းတွင် (ပ) ၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။
ထက်အောင်ကျော်(ရှမ်း/မြောက်)
Hot News Journal

ရှေ့သုံးလှမ်းတိုး နောက်နှစ်လှမ်းပြန်ဆုတ်တဲ့ မြန်မာ့မီဒီယာလောက

ထက်အောင်ကျော် (၂၈-၀၂-၂၀၁၄)

၂၀၁၀ ရွေးကောက်ပွဲကနေ စတင်ခဲ့တယ်ပဲဆိုဆို၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးမှာမှ တကယ်ဖြစ် လာတာလို့ပဲပြောပြော၊ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ အမြင် သာဆုံး တိုးတက်မှုကိုပြပါဆိုရင် မီဒီယာလောကကိုပဲ လက်ညှိုးထိုးပြရပါလိမ့်မယ်။

(သတင်းလွတ်လပ်ခွင့်ရှိတယ်ဆိုပေမဲ့ စလောင်းတွေကိုသာ အားကိုးနေရဆဲ)

ဖမ်းဆီးခံ သတင်းသမားအားလုံးကို အကျဉ်းထောင်တွေကနေ လွတ်ပေးလိုက်တာ၊ စာပေဆင်ဆာအဖွဲ့ ကို လုံးဝဖျက်သိမ်းလိုက်တာ၊ ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ပေးလိုက်တာ၊ ပြည်ပကနေ၀င် လာတဲ့ တချိန်ကအတိုက်ခံဖက်ယိမ်းတဲ့ မီဒီယာတွေကို ပြည်တွင်းမှာအခြေချခွင့်ပေးလိုက်တာ၊ နိုင်ငံတ ကာ မီဒီယာသမားတွေကို သတင်းထောက် ဗီဇာပေးပြီး ရန်ကုန်မှာ ရုံးခွဲတွေဖွင့်ခွင့်ပေးလိုက်တာတွေ ဟာ အခုနှစ်ပိုင်းအတွင်း မီဒီယာလောကရဲ့ မဟာခုန်ပြန်ကျော်လွှားမှုတွေပေါ့။

ဒါပေမဲ့ အဲဒါတွေဟာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေစတင်ခါစ လွန်ခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၃ အစောပိုင်း ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့တိုးတက်မှုတွေသာဖြစ်ပြီး အခု ၂၀၁၃ နှောင်းပိုင်းနဲ့ ၂၀၁၄ အစောပိုင်းတွေမှာတော့ အခြေနေဟာ အရင်ကလောက် အရှိန်မကောင်းတော့ဘူးလို့ မီဒီယာလွတ်လပ်ခွင့်စောင့် ကြည့်ရေးအဖွဲ့ တွေက ထုတ်ပြောလာပါတယ်။

''မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့် ၂၀၁၄ အခြေနေဟာ ၂၀၁၃ ထက်တော့ ၆ ဆင့် ပိုတိုးတက်လာပါ တယ်။ ဒါပေမဲ့ ၂၀၁၃ တုန်းကဆိုရင် ၂၀၁၂ အခြေနေထက် ၁၈ ဆင့်တောင် တက်လာတာတွေ့ရ တယ်'' လို့ နယ်ခြားမဲ့ သတင်းသမားကာကွယ်ရေးအဖွဲ့ RSF ကပြောပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ Index ခေါ် တမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကို အဆင့်လိုက်ဖေါ်ပြတဲ့ အစီရင်ခံ စာအတွင်း အခုလို ဖေါ်ပြထားတာဖြစ်ပါတယ်။

စာရင်းအတိအကျကိုပြောရမယ်ဆိုရင် နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံအခြေနေက ၁၄၅ နေရာမှာရှိ ပါတယ်။ မနှစ်က ၁၅၁ နေရာမှာရှိခဲ့တဲ့အတွက် ၆ ဆင့် တက်လာတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကတော့ ၁၆၉ နေရာကနေ ၂၀၁၃ မှာ ၁၅၁ အထိတက်လာတဲ့အတွက် ၁၈ ဆင့်အထိ ခုန်တက်လာတယ်။ ဒါကြောင့် ၂၀၁၃ နဲ့စာရင် ၂၀၁၄ ဟာ သတင်းလွတ်လပ်ခွင့်တိုးတက်မှု နှုန်းထား အရှိန်ပြန်ကျသွားတယ်။ ၁၈ ဆင့်တိုးရာကနေ ၆ ဆင့်သာတိုးတော့တဲ့အတွက် ရှေ့ ၃ လှမ်းတိုးပြီး နောက် နှစ်လှမ်းပြန်ဆုတ်သွားတယ်လို့ ဆိုလိုတာပါ။

၂၀၁၄ စာရင်းတွေအရ မြန်မာထက်နိမ့်တဲ့နိုင်ငံပေါင်း ၃၀ ခန့်ထဲမှာတော့ အိမ်နီးချင်းအာဆီယံနိုင်ငံတွေ ဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ဖိလပိုင်၊ လာအိုနဲ့ ဗီယက်နမ်တို့ပါဝင်နေတာ အံ့သြွဘွယ်ဖြစ်ပါတယ်။ တခါ တောင်အာရှဖက်က အိမ်နီးချင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ သိရိလကာင်္နဲ့ ပါကစ္စတို့ဟာလဲ မြန်မာ ရဲ့အောက်ကိုရောက်နေပါတယ်။ ပြီးတော့ မြန်မာရဲ့အဓိကမဟာမိတ် တရုတ်နိုင်ငံဟာ အောက်ဆုံးက နေ ပြန်ရေတွက်ရင် နံပတ် ၆ နေရာမှာရှိနေပြီး မြောက်ကိုးရီးယားကတော့ အောက်ဆုံးရဲ့ ဒုတိယ နေရာမှာရှိနေတာကို တွေ့ရပါတယ်။ အပေါ်ဆုံး ၃ နေရာကိုတော့ ဥရောပတိုက်က ဖင်လန်၊ နယ်သာ လန်နဲ့ နော်ဝေတို့က ၃ နှစ်ဆက်တိုက် ယူထားတာတွေ့ရပါတယ်။

(ဒီနှစ် သတင်းဆုပေးပွဲမှာ ရေဒီယိုနဲ့ အွန်လိုင်းကိုပါ ထည့်ပေးလာမလား)

အပေါ်ဆုံးကိုရောက်ဖို့ ဒါမှမဟုတ် နော်ဝေးနဲ့ ဥရောပတိုက်ရဲ့ မီဒီယာအဆင့်တန်းကိုမှီဖို့ မြန်မာနိုင်ငံ အနေနဲ့ နောက်ထပ်အဆင့် ၁၄၀ ကျော်လိုသေးတယ်ဆိုပေမဲ့ ပြုပြင်ပြောင်းလဲရေးကာလ ၃ နှစ် လောက်အတွင်း အောက်ဆုံးနီးပါးအဆင့်ကနေ အဆင့်ပေါင်း ၃၀ လောက် ခုန်တက်လာတယ်ဆိုတာ ဟာ နည်းတဲ့နှုန်းထားမဟုတ်ပါ။ ဒါပေမဲ့ ၂၀၁၄ မှာ ဘာကြောင့် တိုးတက်နှုန်းကျသွားသလဲဆိုတာက တော့ စဉ်းစားစရာဖြစ်လာနေပါတယ်။

အစိုးရနဲ့ လွှတ်တော်ကဆွေးနွေးနေတဲ့ မီဒီယာဥပဒေတွေဟာ နိုင်ငံတကာအဆင့်တန်းနဲ့ ကိုက်ညီမှုမရှိ တဲ့အပြင် တချို့ဥပဒေတွေကို မီဒီယာသမားတွေနဲ့ညှိနှိုင်းမှုမရှိပဲ အစိုးရက တဖက်သတ်ဆောင်ရွက်နေ တာတွေဟာ လက်ခံနိုင်ဘွယ်မရှိဘူးလို့ RSF ကပြောပါတယ်။ ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေမူကြမ်း နဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းပါ အခြေခံလွတ်လပ်ခွင့်တွေကိုပေးလိုက်ရင် ဖြစ်ပေါ်လာမဲ့ အ ကျိုးရလာဒ်အပေါ် အစိုးရဖက်က ဒွိဟဖြစ်နေဆဲဖြစ်ပုံရတယ်လို့ ထောက်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကိုတန်းစီပြောတာဖြစ်တဲ့အတွက် အသေးစိပ်အချက်လက်တွေတော့ အစီ ရင်ခံစာထဲမှာ မတွေ့ရပါ။ ဒါပေမဲ့ အခုတလော ထွက်ပေါ်လာနေတဲ့ မီဒီယာလောက နောက်ပြန်ဆုတ်မှု အချက်လက်တွေကို ဒီနေရာမှာ စုစည်းတင်ပြရမယ်ဆိုရင် Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦး တင့်ဆန်း၊ သတင်းသမားတွေဖြစ်တဲ့ ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦးနဲ့ ရုံးအဖွဲ့မှုး ကို အောင်နိုင်ထွန်းတို့ ၅ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ စွဲချက်တင်ပြီး အစိုးရက ဖမ်းဆီစစ် ဆေးနေပါတယ်။

တခါ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလဲ Eleven ဂျာနယ်မှ သတင်းသမားတဦးကို လာဒ်စားတဲ့သတင်းရေးသားမှု နဲ့ ထောင်ဒဏ် ၃ လ ချံခဲ့ဖူးပါတယ်။ နောက်တခါ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၄ ရက်နေ့ကလဲ မုံရွာဖက်က ကြေးနီမိုင်းဆန္ဒပြပွဲကို သတင်းယူတဲ့ သတင်းထောက်နှစ်ဦးရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက အ တင်းအကျပ်ဖျက်ဆီးခိုင်းခဲ့တာမျိုးလဲရှိခဲ့ပါသေးတယ်။

ဖမ်းဆီးနှောက်ယှက်မှုကနေ ကန့်သန့်ချုပ်ချယ်မှုတွေအကြောင်းကို ဆက်ပြောရမယ်ဆိုရင် ရခိုင်ဖက် မှာဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံခြားသတင်းဌာနကြီးတခုရဲ့ သတင်းဖေါ်ပြချက်ဟာ မှားယွင်း တယ်လို့ပြန်ကြားဝန်ကြီးဌာနဖက်ကယူဆတဲ့အတွက် အဲဒီသတင်းဌာနက သတင်းထောက်တွေ အပါ ၀င် နိုင်ငံခြားသတင်းထောက်တွေကို ဂျာနယ်လစ်ဗီဇာထုတ်ပေးမှု တင်းကျပ်လိုက်တယ်လို့သိရပါတယ် ။

နောက်တချက်ကတော့ အစိုးရပိုင်မီဒီယာနဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေရဲ့အားပြိုင်မှုကြီးထွားလာခြင်းလို့ ပြောရမယ်ထင်ပါတယ်။ ပုဂ္ဂလိကပိုင် သတင်းစာနဲ့ဂျာနယ်တွေက အစိုးရသတင်းစာမှာသွားထည့်တဲ့ ကြော်ငြာတွေကို အစိုးရသတင်းစာက ဆင်ဆာဖြတ်လိုက်ပါတယ်။ ဒုတိယအချက်ကတော့ အစိုးရအဖွဲ့ တွင်းက အရေးကြီးသတင်းတွေကို ပုဂ္ဂလိကပိုင်သတင်းလောကဆီမပေးပဲ အစိုးရပိုင်းမီဒီယာတွေကို သာ ဦးစားပေးထုတ်ပေးနေတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ နိုင်ငံတော်ဘဏ္ဍကိုအသုံးပြုးပြိး ပုဂ္ဂလိ က မီဒီယာလောကအပေါ် အနိုင်ကျင့်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်လာနေပါတယ်။

ဒါက ပုဂ္ဂလိက မီဒီယာသမားတွေအပေါ် အစိုးရဖက်က ဖိနှိပ်လာမှုအပိုင်းပါ။ ဒီကြားထဲ ပုဂ္ဂလိကပိုင် မီဒီယာလောကမှ သတင်းသမားတွေဟာ သတင်းကျင့်ဝတ်ကိုမသိဘူး၊ စံချိန်စံညွှန်း မမီဘူးဆိုတဲ့ စွပ်စွဲ ချက်တွေလဲ ထွက်လာနေပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့ Unity ဂျာနယ်ရဲ့ သတင်းဖေါ်ပြမှုကိုတောင် သ တင်းကျင့်ဝတ်နဲ့မညီဘူး၊ စံချိန်စံညွှန်းကိုမသိဘူးဆိုပြီး ဝေဖန်တဲ့ လူတွေလဲရှိလာနေပါတယ်။

တခါ အခုရက်ပိုင်းအတွင်းထုတ်ဝေတဲ့ နာမည်ကြီးဂျာနယ်တခုမှ နာမည်ကြီး အဆိုတော်လူငယ်တဦး ရဲ့ဆောင်းပါးထဲမှာလဲ သူကို အင်တာဗျုးလာလုပ်တဲ့ သတင်းသမားဟာ မူးရူးနေတဲ့အပြင် အင်တာဗျုး မဲ့အကြောင်းအရာကိုလဲ ဘာမှကြိုတင်လေ့လာမထားဘူး။ အိမ်စာလဲ လုပ်မလာဘူး။ သူ့အမည်ကို တောင် မှန်အောင်မခေါ်တတ်ဖူး။ မီဒီယာသမားတွေဟာ ဖွ ဖို့လောက်၊ စောင်ရေများအောင်လောက်ပဲ စိတ်ဝင်စားနေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားတာတွေ့ရပါတယ်။

ဒီလိုနှစ်ဖက်အမြင်တွေ ငြင်းခုန်လို့ကောင်းတုန်းမှာ မြန်မာနိုင်ငံရဲ့ ပထမ ဆုံး မီဒီယာကျောင်းဖြစ်တဲ့ Myanmar Journalism School ကို ဒီနှစ်ထဲ ဖွှင့်နိုင်ဘွယ်ရှိတယ်လို့ သတင်းတွေထွက်လာ ပါတယ်။ ပွင့်လင်းကာစ မြန်မာ့မီဒီယာလောကမှာ အတွေ့အကြုံရှိသူ၊ နိုင်ငံတကာအဆင့်မှီသူ သတင်း သမားတွေနည်းနေသေးလို့ ဒီလိုကျောင်းတွေဖွင့်တာကို မူအရကြိုဆိုသင့်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်ဖို့ပြင်နေတဲ့အတွက် မီဒီယာသမားတွေက မကျေမလည်ဖြစ်နေ တယ်လို့ ဆိုပါတယ်။

အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ မြန်မာ့မီဒီယာလောက တိုးတက်မှုအခြေနေဟာ နိုင်ငံရေးအသွင်ကူး ပြောင်းမှုလုပ်ငန်းစဉ်တိုးတက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ နိုင်ငံရေးအသွင်ကူးပြောင်းမှုတိုး တက်မှ မီဒီယာလွတ်လပ်ခွင့်လဲ တိုးတက်သလိုဖြစ်နေပါတယ်။ ဆိုလိုတာကတော့ ဥပဒေတွေ၊ မူလ ရပိုင်ခွင့်တွေ၊ Institutions တွေအရ မီဒီယာလွတ်လပ်ခွင့်ကို အသေအချာကာကွယ်ပေးထားတဲ့ အ ဆင့်ဆီမရောက်သေးပါ။

(လွှတ်တော်များဆွေးနွေးနေတဲ့ မီဒီယာဥပဒေတွေက ဘယ်လောက်အထိ အာမခံချက်ရှိမလဲ)

နိုင်ငံရေးအခြေနေအရ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပေးထားတဲ့သဘော၊ သမ္မတကဖြစ်ဖြစ်၊ လွှတ် တော်ဥက္ကဌကဖြစ်ဖြစ်၊ ပြန်ကြားရေး ၀န်ကြီးကဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးသြဇာအရ ပေးထားတဲ့အဆင့်မှာသာ ရှိနေပြီး ဥပဒေအရ၊ Institutions အရ အာမခံထားတဲ့အဆင့် မတွေ့ရသေးပါ။ ဒါကြောင့် နိုင်ငံရေးအ ခြေနေမကောင်းတာနဲ့ ရထားတဲ့မီဒီယာလွတ်လပ်ခွင့်တွေလဲ ချက်ချင်းပြန်ဆုံးရှုံးသွားနိုင်ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင် ရှေ့သုံးလှမ်းတိုးပြီး နောက်နှစ်လှမ်း ပြန်ဆုတ်သွားတဲ့အခြေနေမျိုး ထပ် မကြုံရလေအောင် စာနယ်ဇင်းကောင်စီ (ယာယီ) အပါဝင် မီဒီယာသမားအားလုံးက စည်းလုံးညီညွတ် စွာနဲ့ ရပ်တည်တိုက်ပွဲဝင်ဖို့လိုပါတယ်။ စာနယ်ဇင်းဆိုတဲ့ ပုံနှိပ်မီဒီယာအပြင် အသံလွှင့်မီဒီယာ ဖြစ်တဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဖက်က သတင်းသမားတွေ၊ အွန်လိုင်းမီဒီယာလို့ခေါ်တဲ့ အင်တာနက် အခြေ ခံမီဒီယာသမားတွေပါ ပါဝင်ခွင့်ရတဲ့ မီဒီယာကောင်စီကိုအခိုင်မာဖွဲ့ပြီး အာဏာပိုင်အဖွဲ့မျိုးစုံးရဲ့ ဖိနှိပ်မှု တွေကို တွန်းလှန်ဖို့၊ မီဒီယာအခွင့်ရေးအပြည့်အ၀ရအောင် လက်တွဲဆောင်ရွက်ဖို့ အရေးတကြီးလိုအပ် နေပါကြောင်း တင်ပြလိုက်ရပါတယ်။    ။




ကတုံးနဲ့လူ သတိထား...။ (တချိန်က နယ်စပ်မှာ ခေတ်စားတဲ့ ဦးအေးဆောင်စကားကို ငှားသုံးထားတာပါ)

Aljazeera သတင်းထောက်လွှတ်ပေးရေး တောင်းဆိုတဲ့ DVB အုပ်စုထဲ ကိုခင်သန်းပုံကို မြင်ရတော့ အတော် အံ့သြသွားပါတယ်။

ကိုခင်သန်းဟာ အရင်က ABSDF သုတေသနဌာနမှုး၊ DVB အတွက် ABSDF သတင်းအယ်ဒီတာအဖြစ်တာဝန်ယူနေစဉ် DVB ရုံးချုပ်ရှိရာ အော်စလိုကနေ မဲဆောက်ကိုအပြန် ၁၉၉၉ အစောပိုင်းက ပျောက်ဆုံးသွားခဲ့တာပါ။

ပျောက်စဉ်က ထောက်လှမ်းကပဲ ဖမ်းပြီး မြ၀တီကိုဆွဲသွားသလိုလို၊ ဒါမှမဟုတ် ဒီလူဟာ နဂိုကတည်းက ထောက်လှမ်းရေးဖြစ်ပြီး ABSDF နဲ့ DVB ဆီ သတင်းနှိုက်ဖို့ အတွင်းထဲအထိလာပြီး သူလျှိုလုပ်သူအဖြစ် အဲဒီကာလက ABSDF တာဝန်ရှိသူတွေကပြောခဲ့ပါတယ်။

အခုတော့ သူက DVB မှာ ၀န်ထမ်းဖြစ်နေပြီလား။ ကဲ...ABSDF တာဝန်ရှိသူတွေ၊ DVB တာဝန်ရှိသူတွေဘယ်လိုရှင်းပြမလဲ...။ တချိန်က အမှတ် ၂၀၁ တပ်ရင်း မင်းသမီးခစန်းမှာ ကိုခင်သန်းကိုတွေ့ဖူးသူတွေ၊ နောက် ABSDF ဗဟိုက ပုဂ္ဂိုလ်တွေ ဘာပြောကြမလဲ...။

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် တခုခုလွဲချော်နေပြီလား...။

ထက်အောင်ကျော် facebook မှ 


အထူးသဖြင့် လူမျိုးစုတိုင်းရင်းသားဒေသတွေအပါအ၀င် အဆင့်တိုင်းမှာ ဥပဒေရေးရာနဲ့ မူဝါဒရေးရာ ပြန်ပြောင်းသုံးသပ် ချက်တွေကို အာဏာပိုင်တွေက အပြည့်အ၀ ဒါမှမဟုတ် အစဉ်တစိုက် အကောင်အထည်ဖော်တာမျိုး မရှိခဲ့ပေမဲ့လည်း ၂၀၁၃ ခုနှစ်အတွင်း မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး မှတ်တမ်းဟာ ဆက်ပြီး တိုးတက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အစိုးရက ကျူးလွန်တဲ့ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သိသိသာသာ ကျဆင်းသွားတာကို လေ့လာသူတွေက ပြောကြတယ်လို့ အစီရင်ခံစာက ဆိုထားသလို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကလည်း မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

 “နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အာဏာရှင်စနစ်ကနေ တဖြည်းဖြည်း ပြောင်းလဲနေရုံသာမက အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာအသိုက်အ၀န်းနဲ့ ပိုပြီး အပြုသဘောဆောင်တဲ့ မိတ်ဘက် ဆက်ဆံရေးဆီ ဦးတည်နေတာကို ကျနော်တို့ ဆက်ပြီး တွေ့နေရပါတယ်။”

မတူကွဲပြားတဲ့လမ်းကြောင်းကို ရွေးချယ်ပြီး အောင်မြင်အောင်ကြိုးစားနေတဲ့ နေရာဒေသတွေရဲ့ ဥပမာတွေ အများကြီးရှိပါတယ်လို့ လည်း ၀န်ကြီး ကယ်ရီက ပြောပါတယ်။

ဒါပေမဲ့လည်း သိသာထင်ရှားတဲ့ လူ့အခွင့်အရေးပြဿနာတွေ မြန်မာနိုင်ငံ တ၀န်းမှာ ဆက်ရှိနေတုန်းပဲလို့ အစီရင်ခံစာက ထောက်ပြပါတယ်။ အဲဒီထဲမှာ လူမျိုးစု တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ မတရားနှိပ်စက် ညှဉ်းပန်းတာတွေ၊ နိုင်ငံရေးပယောဂပါတဲ့ ဖမ်းဆီးမှုတွေ၊ လူမှုအ၀န်း အ၀ိုင်းအတွင်း ခွဲခြားဆက်ဆံမှုတွေနဲ့ မူစလင်လူထုပေါ် အကြမ်းဖက်တာတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ သင့်တင့်လျောက်ပတ်တဲ့ နစ်နာကြေးပေးတာ ဒါမှမဟုတ် စနစ်တကျ လုပ်ဆောင်တာ မဟုတ်တဲ့ မြေယာ သိမ်းဆည်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတဲ့ တရားဥပဒေစိုးမိုးရေး အားနည်းတာ စတဲ့အခြေအနေတွေကို ဖော်ပြထား ပါတယ်။

ဒီလိုပြဿနာတွေ ရှိနေဆဲဖြစ်တယ်ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကလည်း အသိအမှတ်ပြုပေမဲ့ ရှေ့ဆက်တိုးတက်ဖို့ အားပေးသွားရမယ်လို့ ပြောခဲ့ပါတယ်။

 “အခုအစီရင်ခံစာမှာ ပြောထားသလိုပဲ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲရေးကနေ ခွဲခြားဆက်ဆံမှုကို အဆုံးသတ်ရေး၊ ဘာသာရေးနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးဆိုတဲ့ စိန်ခေါ်မှုတွေကို မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲပါ။ ဒါပေမဲ့လည်း ရှိနေတဲ့ပြဿနာတွေကို ရိုးသားမျှတစွာ ပြောနေတာနဲ့တချိန်ထဲမှာ ပဲ တိုးတက်မှုရှိအောင်လည်း ဆက်ပြီး အားပေးသွားရပါမယ်။”

အရင်နှစ်တွေနဲ့မတူတာကတော့ နှိပ်စက်ညှဉ်းပန်းမှုအတွက် တာဝန်ရှိတဲ့အရပ်သားတွေကို အစိုးရက အရေးယူတာ ဒါမှမဟုတ် အပြစ်ပေးတာတွေ လုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးတာဝန်ရှိသူတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှု အများအပြားကတော့ အပြစ်ပေး အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတုန်းပဲ ဆိုတာကိုလည်း ထောက်ပြပါတယ်။

၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတကာ လူ့အခွင့်အရေးအခြေအနေအရပ်ရပ်ကို အမေရိကန်နိုင်ငံခြားရေးဌာနက အစီရင်ခံစာ ထုတ်ပြန် တာမှာ မြန်မာနိုင်ငံအခြေအနေကို စာမျက်နှာ ၄၈ မျက်နှာနဲ့ အစီရင်ခံ ဖော်ပြထားတာပါ။

ကဏ္ဍ ခုနစ်ရပ်ခွဲပြီးတော့ အသေးစိတ် အစီရင်ခံထားတဲ့ မြန်မာ့ လူ့အခွင့်အရေးအခြေအနေတွေထဲမှာ လူပုဂ္ဂိုလ် တစ်ဦးချင်းစီရဲ့ဂုဏ်သိက္ခာကို လေးစားလိုက်နာမှု အခြေအနေကနေ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ၊ အလုပ်သမားအခွင့်အရေးဆိုင်ရာ စသည်ဖြင့် ဖော်ပြထားပါ တယ်။

ကျော်ကျော်သိန်း (ဗွီအိုအေ)

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဗျူဟာ (၃) နှင့် အစိုးရ တပ်မ (၇၇) စစ်ကြောင်း တို့သည် ရှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့နယ် ရူဗိန်း (ရေပုံး) ကျေးရွာအကျော် မန်တုံ-မိုးမိတ် ကားလမ်းမ တွင် ယမာန်နေ့ မွန်း လွဲ တ နာရီခန့်တွင် နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု TNLA ပြန်ကြားရေး ဌာနက ဆိုပါသည်။

“ ဖြစ်တာက ကျနော်တို့ တပ်ရင်း (၃၆၇) တပ်ဖွဲ့နဲ့ပါ။ သူတို့ အင်အား (၂၀၀)လောက် ရှိမယ်။ အဲဒီတပ်က ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၂၄) ရက်နေ့ကတည်းက ကျနော် တို့ကို လိုက်တိုက် နေတာပါ။  ဒီတော့ ကျနော်တို့ကလည်း သတိရှိရှိနဲ့ မထင် မှတ် တဲ့နေရာမှာ လျှပ်တပျက် နေရာယူပြီး စောင့်ပစ် လိုက်တယ်။” ဟု ဆိုပါသည်။

တပ်မ(၇၇) စစ်ကြောင်းမှ (၁၀) ဦး ကျော် ကျဆုံးနိုင် ကြောင်း ပေါ်တာ သတင်းအရ သိရသည်ဟု (TNLA) ဖက်က ဆို ပါသည်။ ထိခိုက် ကျဆုံးမှု အခြေအနေ ကို သီးခြား အတည် ပြုခြင်း မရှိသေး သော်လည်း မိုးမိတ်မြို့ခံ တဦးကမူ အရေ အတွက် မသိရသော ဒါဏ်ရာရ စစ်သားများကို ကားလမ်းတွင် တွေ့ရကြောင်း အတည်ပြု ခဲ့ပါသည်။

အစိုးရတပ် များသည် တိုက်ပွဲ ဖြစ်ပါက လက်နက်ကြီး အင်အားကို ပိုမို အသုံးပြု ကြောင်း၊ တိုက်ပွဲ ပြီးဆုံး သော်လည်း မထင်မှတ်သော နေရာများသို့ အဆက် မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ဤ့လုပ်ရပ်ကြောင့် လက်နက်ကြီးများဒါဏ် ထိခိုက်မှု မရှိနိုင်သည့် အနီးကပ် တိုက်ပွဲကို ဆင်နွှဲကြခြင်းဖြစ် ကြောင်း၊ အနီးကပ် တိုက်ပွဲ သည်လည်း  ရန်သူအား အထိနာ စေခဲ့ကြောင်း TNLA ဖက်က ဆိုပါသည်။

ဤတိုက် ပွဲကြောင့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ ရောက်ရှိ နေသော တပ်မ (၇၇) မှ အခြား စစ်ကြောင်း များသည် စစ်ကူ ပေးရန် ရောက်လာ ခဲ့ပါသည်။ ထို့အပြင် တပ်မ (၈၈)မှ စစ်ကြောင်း များသည် လည်း ကျောက်မဲ နှင့် နမ့်ဆန် မြို့နယ် များသို့ ရောက်ရှိ လာဖွယ်ရှိနေသည်ဟု သတင်းများ ထွက်ပေါ် နေကြောင်း TNLA ဖက်မှ ဆိုပါသည်။

အစိုးရတပ်များ စစ်ကူ ရောက်ခဲ့သလို TNLA စစ်ဗျူဟာ (၃) တပ်ဖွဲ့တို့ကလည်း ဤဒေသတွင် လှုပ်ရှားနေ သော ကချင်လွတ် လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ (၄) မှ တပ်ရင်း (၃၄) စစ်ကြောင်း များနှင့်  ပူးပေါင်း လှုပ်ရှား နေကြပါသည်။

အစိုးရတပ် များသည် ရှမ်းပြည် မြောက်ပိုင်းသို့ တဖြည်းဖြည်းဖြင့် အင်အား ထပ်မံ ဖြည့်တင်းလာရာ ပြီးခဲ့သည့် ဖေဖေါ် ၀ါရီ လဆန်း အထိ ထောင်နှင့် ချီသော တပ်မ(၄)ခု မှ စစ်ကြောင်း များ ရောက်ရှိလာကြောင်း (KIA) တပ်မဟာ (၄)မှူး ဗိုလ်မှူးကြီး ဇောင်လီက ဆိုပါသည်။

အထူးသဖြင့် ရှမ်းပြည် မြောက်ပိုင်း သို့ရောက် ရှိနေသော ဧည့်တပ် များမှာ ရန်ကုန် တိုင်း ရဲမွန်မြို့ အခြေစိုက် တပ်မ (၁၁) စစ်ကြောင်း များသည် ရှမ်းပြည် မြောက်ပိုင်း ကိုးကန့်ဒေ သသို့ လည်းကောင်း၊ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ အခြေ စိုက် တပ်မ (၃၃) စစ်ကြောင်း များသည် ရှမ်းပြည် မြောက်ပိုင်း နမ့်ဆမ်မြို့ဖက်သို့ လည်းကောင်း၊ ပဲခူးတိုင်း ပခူးမြို့အ ခြေစိုက် တပ်မ (၇၇) စစ်ကြောင်း များသည် ရှမ်းပြည် မြောက် ပိုင်းမိုးမိတ် မြို့သို့လည်းကောင်း၊ မကွေးတိုင်း မကွေး မြို့ အခြေစိုက် တပ်မ (၈၈) စစ်ကြောင်း များသည် လားရှိုးမြို့သို့ လည်း ကောင်း ရောက်ရှိနေ ခဲ့သည်ဟု ဆိုပါသည်။

အလားတူ ရှမ်းပြည် မြောက်ပိုင်း နှင့် နယ်မြေချင်း ဆက်စပ်နေသည့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် အတွင်း သို့လည်း အစိုးရ တပ်ဖွဲ့ များ ထပ်မံအင်အား ဖြည့် တင်းနေ သည်ဟု (KIA) စစ်ဌာနချုပ် မှ သတင်း ထုတ်ပြန် နေပါသည်။

ဤသို့ ကြောင့် ရှမ်းပြည် မြောက်ပိုင်း နယ်မြေ တွင် ရှိနေသော အစိုးရ တပ် အင်အားသည် နဂိုရှိနေသာ အရှေ့မြောက် တိုင်း စစ်ဌာနချုပ်မှ (၁၉)ရင်း၊  ကျောက် မဲမြို့ အခြေစိုက် အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် မှ (၁၀)ရင်း၊ သိန္နီမြို့ အခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် မှ (၁၀)ရင်း၊ ကွတ် ခိုင်ဒေသ ၊ လောက်ကိုင်မြို့ အခြေစိုက် ဒေသစစ် ကွပ်ကဲရေး ဌာနချုပ် (ဒကစ) မှ (၁၀)ရင်း၊ တို့ဖြစ်ပါသည်။

အစိုးရ တပ်များ၏ ဖွဲ့စည်းပုံအရ တပ်ရင်း တရင်းတွင် တပ်ရင်းမှူး ဦးဆောင်သော စစ်ကြောင်းနှင့် ဒုရင်းမှူးဦးဆောင် သော စစ်ကြောင်းဟူ ၍ရှိပါသည်။ တပ်ရင်း တရင်းတွင် ဖွဲ့စည်းပုံအရ တပ်ခွဲ (၅)ခွဲ ရှိပါသည်။ စစ်ကြောင်း တကြောင်း ကို ယေဘူယျ တပ်ခွဲ (၂)ခွဲနှင့် တရုံး ဖြင့် စုဖွဲ့ကြပါသည်။ သို့သော် လက်တွေ့ အနေအထား တွင် တပ်ခွဲ တခွဲကို အများဆုံး အင်အား (၅၀)ခန့်သာ ရှိပါသည်။ ဤသို့ကြောင့် စစ်ကြောင်း တကြောင်းတွင် ယျေဘူအားဖြင့် အင်အား (၈၀)မှ (၁၀၀)ကြား မျှသာ ရှိပါသည်။ တပ်ရင်း တရင်းတွင် အများဆုံး အင်အား (၁၇၀)ကျော်သာ ရှိတော့သည်။

ရှမ်းပြည် မြောက်ပိုင်းတွင် ပလောင်တပ်ဖွဲ့ (TNLA) မှ (၆)ရင်း၊ (KIA) မှ(၈) ရင်း၊ SSPP ခန့်မှန်း (၄)ရင်း၊ RCSS ခန့်မှန်း (၁၅၀၀)ခန့် ရှိသည်ဟု ဒေသခံများ ၏ ခန့် မှန်းချက် အရ အင်အား (၇၀၀၀)ကျော် ရှိနိုင်ကြောင်း ဆိုပါသည် ။

အစိုးရ တပ်ဖွဲ့များ သည် ဤမျှ များပြားသော တော်လှန်ရေး အဖွဲ့များကို မိမိတို့တွင် ရှိသော အင်အားဖြင့် တချိန်တည်း တပြိုင်တည်း စစ်ဆင်ရန် မဖြစ်နိုင်ပေ။ ဤ သို့ကြောင့် သွေးခွဲသည့်  စစ်ဆင်ရေး စနစ်ကို ကျင့်သုံးရပါသည်။ ပလောင် ကို စစ်ဆင်ချိန်တွင် ရှမ်း ဖက်စစ် ဆင်ရေးကို ရပ်ထားရပါသည်။ အလားတူ RCSS ကို စစ်ဆင်ချိန်တွင် SSPP ဖက်ကို ရပ်ထားရ ပါသည်။ ဤနည်းဗျူဟာ ဖြင့် စစ်ဆင် လာနေ သည်မှာ နှစ်ပေါင်း မနည်းတော့ချေ။

လက်ရှိ အခြေအနေ တွင်လည်း အစိုးရ တပ်များသည် ဒေသခံ တပ်နှင့် မလုံလောက် တော့ သဖြင့် အဝေးရှိ ဧည့်တပ် များပါ ဆင့် ခေါ်ပြီး မှ စစ်ဆင် နေရ သည့် အခြေအနေ ဖြစ်လာ ပါသည်။ အကယ်၍ တိုင်းရင်းသား တပ်များ ဖက်မှ တချိန်တည်း (စစ်ဗျူဟာ တခုတည်းဖြင့်) စုပေါင်း စစ်ဆင်ပါက မည်သို့ ဖြစ်လာနိုင်မည် ကို စဉ်းစားစရာ ရှိနေကြောင်း စစ်ရေး အကဲခတ်များက ဆိုနေပါသည်။

Written by  ရွှေဟင်္သာ သတင်းဌာန


Monday, February 17, 2014


Monday, February 17, 2014 06:25(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က)

ကိုရီးယားဖျော်ဖြေပွဲတွင် ပရိသတ်ကို တေးသီချင်းဖြင့် ပထမဆုံးဖျော်ဖြေရမည်ဖြစ်၍ စိတ်လှုပ်ရှားမိကြောင်း သရုပ်ဆောင် အိချောပိုကပြောသည်။

““နယ်တွေမှာလည်း မဆိုဖူးပါဘူး။ နိုင်ငံခြားခရီးစဉ်အနေနဲ့လည်း ဒါက ပထမဆုံးပါ။ စိတ်လည်းလှုပ်ရှားတယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားမှာပါ”” ဟု အိချောပိုက ပြောသည်။

ဟေမာနေ၀င်း၊ မေဆွိ၊ ကော်နီ၊ ရှင်ဖုန်း၊ ဆုန်သင်းပါရ်တို့၏ သီချင်းဟောင်း ရှစ်ပုဒ်ခန့်ကို လေ့ကျင့်နေပြီး ပွဲတွင်သီဆိုရန်အတွက် ပြင်ဆင်နေကြောင်း အိချောပိုကပြောသည်။

ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ တွင် မတ်လလယ်ပိုင်း၌ ပြုလုပ်မည့် 7 Ladies Show  တွင် အမျိုးသမီးအဆိုတော်ခြောက်ဦးနှင့်အတူ အိချောပို ဖျော်ဖြေမည်ဖြစ်သည်။ လတ်တလောတွင် ““ပန်းနုရောင်အနားသတ်မြစ်””ဗီဒီယိုဇာတ်ကား၌ ဆယ်တန်းကျောင်းသူဇာတ်ရုပ်ကို မြင့်မြတ်နှင့် တွဲဖက်သရုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။

Author:  ကြူကြူဟန်
7day Daily