Wednesday, January 22, 2014

အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲဖို့ကြံစည်သူ ထောင်ဒဏ်ချမှတ်



အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြီးခဲ့တဲ့နှစ်မေလက မြန်မာသံရုံးကို ဖောက်ခွဲတိုက်ခိုက်ဖို့ အဓိက ဦးဆောင် ကြံစည်ခဲ့တဲ့ Sigit Indrajit ဆာဂျစ် အင်ဒရာဂျီဒ် ကို ဂျာကာတာတောင်ပိုင်းတရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

အသက် ၂၃ နှစ် ရှိပြီးဖြစ်တဲ့ ဆာဂျစ် အင်ဒရာဂျီဒ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု ကျူးလွန်ဖို့ ကြံစည်အားထုတ်ခဲ့တဲ့ သက်သေအထောက်အထား အထင်ကရ ရရှိခဲ့တာကြောင့် အခုလို အပြစ်ပေးခဲ့တာဖြစ်တယ်လို့ ဂျာကာတာတရားရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီလ ၁၃ ရက်နေ့ကလည်း ဒီအမှုနဲ့ ဆက်နွယ်နေတဲ့ အစ္စလာမ္မာစ် အစွန်းရောက် ၇ ဦးထဲက “ရိုခါဒီ” အမည်ရှိ အစွန်းရောက်တစ်ဦးကို အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။

တရားရုံးရဲ့အဆိုအရ ရိုခါဒီဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့အတွက် ဗုံးတွေကို သူ့အိမ်မှာသိမ်းဆည်းထားပြီးနောက်၊ ဒီအမှုနဲ့ပဲ ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံခဲ့ရတဲ့ Taufig ဆိုသူကို အဲဒီဖောက်ခွဲပစ္စည်းတွေကို လက်လွှဲပေးခဲ့တာလို့ ဆိုပါတယ်။

သူတို့အားလုံးဟာ တခြားအဖွဲ့ဝင်တွေနဲ့အတူ ဗုံးတပ်ဆင်နည်းသင်တန်း တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာသံရုံးကို ဗုံးဖောက်ခွဲမယ့် အစီအစဉ်မတိုင်ခင် တစ်ရက်အလိုမှာ သူတို့အားလုံးကို အင်ဒိုနီးရှားရဲက တားဆီးဖော်ထုတ်နိုင်ခဲ့တာပါ။

RFA Burmese

No comments:

Post a Comment