
ပြီးခဲ့တဲ့ ဧပြီလက အင်ဒိုနီးရှားနိုင်ငံ ဆူမာတြာ ကျွန်း ထိန်းသိမ်းရေးစခန်းမှာ ထားရှိတဲ့ ခိုလုံခွင့်တောင်းခံသူ ရိုဟင်ဂျာတွေနဲ့ ဗုဒ္ဓဘာသာဝင် မြန်မာတွေကြား အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာတွေကနေ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေကို ရိုက်သတ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ရိုက်သတ်ခံခဲ့ရတဲ့ မြန်မာတွေဟာ ငါးဖမ်းသမားတွေဖြစ်ကြပြီး အင်ဒိုနီးရှား ရေပိုင်နက်ကို ကျုးကျော်ဝင်ရောက်မှုနဲ့ ဖမ်းစီး ထိန်းသိမ်း ခံရတာဖြစ်ပါတယ်။
ထောင်ဒဏ်ချမှတ်ခံရတဲ့ ရိုဟင်ဂျာတွေဟာ အသက် ၁၈နှစ်နဲ့ ၃၇ နှစ်ကြားဖြစ်ပါတယ်။ အဲဒီရိုဟင်ဂျာ တွေပြောတာကတော့ မြန်မာငါးဖမ်းသမားတွေက ရိုဟင်ဂျာ အမျိုးသမီး နှစ်ယောက်ကို ကိုယ်ထိလက်ရောက် စော်ကားခဲ့တဲ့အတွက် ထိန်းသိမ်းရေးစခန်းမှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုနဲ့ လူသတ်မှုကျူးလွန်သူကို ထောင်ဒဏ် ၁၂ နှစ် ကျခံရနိုင်ပေမယ့် လူသတ်မှုကျူးလွန်တဲ့ ရိုဟင်ဂျာတွေကို ထောင်ဒဏ်ကိုးလပဲ ချမှတ်ခဲ့တဲ့အတွက် တရားလိုဖက်က မကျေမနပ်ဖြစ်နေပါတယ်။
တဆက်တည်းမှာပဲ အင်ဒိုနီးရှားမှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြိုးစားခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် မွတ်စလင်တဦးကိုလည်း အင်ဒိုနီးရှား တရားရုံးက ရုံးတင်စစ်ဆေးလျက်ရှိပါတယ်။
မွတ်စလင်တွေကို ဖိနှိပ်ဆက်ဆံတဲ့ ဘယ်သူမဆို သူ့အနေနဲ့ ရန်သူလို့ သတ်မှတ်သလို သူ့ရဲ့ လုပ်ရပ်အပေါ်မှာလည်း နောင်တမရဘူးလို့ အဲဒီမွတ်စလင်က တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ မွတ်စလင်တွေ ဖိနှိပ် သတ်ဖြတ်ခံရတာကို ကလဲ့စားချေချင်တဲ့အတွက် မြန်မာ သံရုံးကို ဗုံးခွဲဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ABC Radio Australia
No comments:
Post a Comment