Sunday, September 29, 2013
Sunday, September 29, 2013 စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်မှုကြောင့် တောင်ငူတွင် ထပ်မံရေကြီး
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်ကို ဒုတိယအကြိမ်မြောက် ကျော်လွန်ခဲ့သဖြင့် မြို့အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ငူမြို့ခံများ ထံမှသိရသည်။
စက်တင်ဘာလ ၂၈ ရက်နေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေမှာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက်သို့ ကျော်လွန်ပြီး ၆၁၆ စင်တီမိတာအထိ ရောက်ရှိ ခဲ့ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
“စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာ အထက်ကို ရောက်ရှိနေပေမယ့် ၆၄၅ စင်တီ မီတာလောက်ကို ရောက်မှ လူနေအိမ်ခြေတွေ ရွှေ့ပြောင်း တတ်တာပါ။ ရွှေကျင်နဲ့ မဒေါက်မှာ စိုးရိမ်ရေမှတ် အထက်မှာ မရှိတဲ့အတွက် တောင်ငူမှာ အရမ်းစိုးရိမ်စရာ အနေအထားမှာ ရှိမနေပါဘူး” ဟု ဦးမျိုးမြင့်အောင်က ရှင်းပြသည်။
တောင်ငူမြို့နယ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော အမှတ် (၉) ရပ်ကွက်ရှိ ကြက်သျှာစွန်းနှင့် ဝိုင်းလေးကွက်သစ်၊ သဖန်းပင် ကျေးရွာအုပ်စု အလယ်ကျွန်း ကျေးရွာနှင့် မိုးကောင်းကျေးရွာအုပ်စု မိုးကောင်းရွာသစ်၊ စစ်တောင်းမြစ် ကမ်းနားလမ်း ရပ်ကွက်များဖြစ်သော ရပ်ကွက် ၂၀ နှင့်ပေါက်ခို ကျေးရွာများမှ အိမ်ထောင်စု ၆၀၀ နီးပါး၏ လူနေအိမ်များတွင် အနိမ့်ပိုင်းနေရာအလိုက် ရေအနက် သုံးပေမှ ငါးပေအထိ မြစ်ရေ ဝင်နေပြီး အိမ်ခြေအချို့မှာ နီးစပ်ရာ အိမ်များတွင် ရွှေ့ပြောင်း နေထိုင်နေရကြောင်း အဆိုပါ ရပ်ကွက်များတွင် နေထိုင်သူအချို့က ပြောကြားသည်။
“အနိမ့်ပိုင်းတွေမှာ ငါးပေလောက် ရှိပါတယ်။ ကြက်သျှာစွန်းနဲ့ ဝိုင်းလေး ကွက်သစ်ဆိုရင် ရေက အကုန်အစင် ပြန်မကျသေးခင် ဗြုန်းဆို ပြန် တက်လာတာပါ။ ကူညီစောင့်ရှောက်မှုတွေ၊ ရွှေ့ပြောင်းရတာတွေ မရှိသေးပါဘူး” ဟု တောင်ငူမြို့နယ် အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသာထိုက်က ပြောကြားသည်။
၂၀၁၁ ခုနှစ် သြဂုတ်လ ပထမပတ်က တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်မှတ် ကျော်လွန် ရောက်ရှိခဲ့မှုကြောင့် တောင်ငူမြို့ ရပ်ကွက်ပေါင်း ၂၀ ကျော်မှ လူဦးရေ နှစ်သောင်း နီးပါးကို ရေဘေးဒုက္ခသည် စခန်း၁၉ ခုဖွင့်လှစ်၍ ရက်ပေါင်း ၂၀ ခန့် နေရာချထားပေးခဲ့ရကြောင်း တောင်ငူ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး မှတ်တမ်းများအရ စုံစမ်းသိရှိရသည်။

No comments:
Post a Comment