Wednesday, January 22, 2014




မိုးကုတ်မြို့၊ ပတ္တမြားဈေးရှိ မီလီယံရွှေဆိုင်နှင့် နဂါးရွှေဆိုင်တို့အား ယနေ့မွန်းလွဲ (၁၃း၄၅)နာရီတွင် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပါသည်။

ခန့်မှန်းဓါးပြဦးရေ (၆)ဦးမှ (၁၀)ဦးခန့်ရှိသည်ဟု သိရပါသည်။ ယင်းတို့ပါသော လက်နက်ဖြင့် ပစ်ခတ်မှုကြောင့် လူ(၂)ဦးထိမှန်ပြီး (၁)ဦးသေဆုံးကာ ကျန်တစ်ဦးအား ပြည်သူ့ဆေးရုံတွင် တင်ထားရပါသည်။ မစိုးရိမ်ရသော အခြေအနေဖြစ်ပါသည်။

ပါရှိသွားသော ပစ္စည်းတန်ဖိုးများကို တွက်ချက်ဆဲဖြစ်ပြီး ဆက်လက်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ကနဦးသတင်း တင်ပြအပ်ပါသည်။

ထပ်မံရရှိသော သတင်းများကို ဆက်လက်ဖော်ပြပေးမည် ဖြစ်ပါသည်။

--------------------------------------------------------------------------------------

မိုးကုတ်မြို့ ပတ္တမြားဈေးတွင် လုယက်မှုဖြစ်ပွားသည့် နောက်ဆက်တွဲသတင်း
===============
မိုးကုတ် ဇန်န၀ါရီ ၂၁

ယနေ့နေ့လည် (၁၃း၄၅) အချိန်ခန့်တွင် မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် တို့အားလုယက်မှု တစ်ချိန် တည်းဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာဓါးပြ (၇) ခန့်က သေနတ် (၂)လက်ဖြင့် လည်းကောင်းရွှေဆိုင် (၂) ဆိုင် အားတစ်ပြိုင်နက် တည်း ၀င်ရောက်လုယက်ခဲ့သည်။

ထိုသို့ဖြစ်ပွာစဉ် သေနတ်ဖြင့် ပစ်ခတ်ရာဦးဒမ်းဗဟာဒူုး (၅၃) နှစ် နှင့် မောင်ပြည့်ကျော် (၂၆) နှစ်တို့ မှာဒဏ်ရာများရရှိခဲ့ပြီးဦးဒမ်းဗဟာဒူး သည် ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် သေဆုံးသွားခဲ့သည်။ နဂါးရွှေဆိုင်မှ ရွှေပိဿာချိန် (၄)ပိဿာနှင့် အပေါင် ခံပစ္စည်းသိန်း (၅၀၀)ဖိုး၊ မီလျံရွှေဆိုင်မှ ရွှေ (၂)ပိဿာတို့ကိုလုယက်ပြီး CZI ဆိုင်ကယ် (၃) စီးဖြင့် သေနတ်ပြစ် ဖောက်ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar



မကြာသေးခင်က ကမ္ဘာ့အကောင်းဆုံးသမားဆုအဖြစ် ရွေးချယ်ခံရတဲ့ စီရော်နယ်ဒိုကို သူမိခင်နိုင်ငံ ပေါ်တူရဲ့ အဆင့်အမြင့်ဆုံးဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်လိုက်ပါတယ်။

ပေါ်တူဂီဘောလုံးကြယ်ပွင့် စီရော်နယ်ဒိုကိုဟာ ပေါ်တူဂီနိုင်ငံရဲ့ အဆင့်မြင့် ဂုဏ်ထူးဆောင်ဆု တံဆိပ်တခုဖြစ်တဲ့ Grand Officer ဆုကို မနေ့က ချီးမြှင့်ခံခဲ့ရပါတယ်။

ဆုတံဆိပ်ချီးမြှင့်ပွဲကို သမ္မတနန်းတော်မှာ ကျင်းပခဲ့ပြီး သမ္မတ ကိုဗားကို စီဗာက ရိုနယ်ဒိုရဲ့ နိုင်ငံအပေါ် စွမ်းဆောင်ခဲ့မှုတွေနဲ့ ပေါ်တူဂီနိုင်ငံကို ယူဆောင်ပေးခဲ့တဲ့ ဂုဏ်သိက္ခာတွေအတွက် ချီးကျူးခဲ့ပါတယ်။

ဒီဆုတံဆိပ်ချီးမြှင့်ပွဲဟာ ပြီးခဲ့တဲ့အပတ်က ၂၀၁၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးသမားဆုကို စီရော်နယ်ဒို ရရှိခဲ့ပြီး ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီနိုင်ငံသားတွေအတွက် ပျော်ရွင်မှု ယူဆောင်ပေးခဲ့တဲ့အတွက် သမ္မတက ကျေးဇူးတင်စကား ပြောဆိုခဲ့ပြီး သူ့ရဲ့ အငြင်းပွားဖွယ်ရာမရှိတဲ့ စွမ်းဆောင်ရည်၊ သူ့ရဲ့ အနိုင်ရလို စိတ်ပြင်းပြမှု၊ ကြိုးစားအားထုတ်မှု၊ စိတ်ဆန္ဒနဲ့ စည်းကမ်းတွေဟာ ဒီဆုတံဆိပ်နဲ့ ထိုက်တန်တယ်လို့ ပြောဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုကလည်း ဆုတံဆိပ်ရရှိခဲ့တာအတွက် အလွန်ဂုဏ်ယူကြောင်းနဲ့ ပေါ်တူဂီနိုင်ငံကို နောက်ထပ် အဆင့်အမြင့်ဆုံး ကိုယ်စားပြုနိုင်ဖို့ ထပ်မံကြိုးစားအားထုတ်လိုစိတ်တွေ ဖြစ်လာစေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၂၈ နှစ်ရှိ ရီးယယ်မဒရစ်ရှေ့တန်းကစားသမား စီရော်နယ်ဒိုက ပေါ်တူဂီသမ္မတကို သူ ဒုတိယအကြိမ်မြောက် ရရှိခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ပြသခဲ့ပါတယ်။ အဲ့ဒီဆုကို ပြီးခဲ့တဲ့လကမှ သူ့ရဲ့မွေးရပ်မြေ မာဒီဒါကျွန်းမှာ ဖွင့်လှစ်ခဲ့တဲ့ သူ့ရဲ့ကိုယ်ပိုင်ပြတိုက်မှာ ပြသထားမှာဖြစ်ပါတယ်။

ပေါ်တူဂီသမ္မတဟာ ၂၀၁၃ ခုနှစ်အတွင်း ရီးယယ်မဒရစ်အသင်းအတွက် ၅၉ ဂိုးနဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၀ ဂိုး စုစုပေါင်း ၆၉ ဂိုးသွင်းယူပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဆွီဒင်နိုင်ငံအသင်းကို အနိုင်ယူပြီး ၂၀၁၄ ကမ္ဘာ့ဖလားပွဲခြေစစ်ပွဲ ပေါ်တူဂီအသင်းအောင်နိုင်ရေးမှာ အဓိကစွမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

By ဒီဗွီဘီ



အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ပြီးခဲ့တဲ့နှစ်မေလက မြန်မာသံရုံးကို ဖောက်ခွဲတိုက်ခိုက်ဖို့ အဓိက ဦးဆောင် ကြံစည်ခဲ့တဲ့ Sigit Indrajit ဆာဂျစ် အင်ဒရာဂျီဒ် ကို ဂျာကာတာတောင်ပိုင်းတရားရုံးက ဒီကနေ့ ထောင်ဒဏ် ၇နှစ်ခွဲ ချမှတ်လိုက်ပါတယ်။

အသက် ၂၃ နှစ် ရှိပြီးဖြစ်တဲ့ ဆာဂျစ် အင်ဒရာဂျီဒ်နဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု ကျူးလွန်ဖို့ ကြံစည်အားထုတ်ခဲ့တဲ့ သက်သေအထောက်အထား အထင်ကရ ရရှိခဲ့တာကြောင့် အခုလို အပြစ်ပေးခဲ့တာဖြစ်တယ်လို့ ဂျာကာတာတရားရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီလ ၁၃ ရက်နေ့ကလည်း ဒီအမှုနဲ့ ဆက်နွယ်နေတဲ့ အစ္စလာမ္မာစ် အစွန်းရောက် ၇ ဦးထဲက “ရိုခါဒီ” အမည်ရှိ အစွန်းရောက်တစ်ဦးကို အင်ဒိုနီးရှားတရားရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။

တရားရုံးရဲ့အဆိုအရ ရိုခါဒီဟာ မြန်မာသံရုံးကို တိုက်ခိုက်ဖို့အတွက် ဗုံးတွေကို သူ့အိမ်မှာသိမ်းဆည်းထားပြီးနောက်၊ ဒီအမှုနဲ့ပဲ ထောင်ဒဏ် ၇ နှစ်ခွဲ ချမှတ်ခံခဲ့ရတဲ့ Taufig ဆိုသူကို အဲဒီဖောက်ခွဲပစ္စည်းတွေကို လက်လွှဲပေးခဲ့တာလို့ ဆိုပါတယ်။

သူတို့အားလုံးဟာ တခြားအဖွဲ့ဝင်တွေနဲ့အတူ ဗုံးတပ်ဆင်နည်းသင်တန်း တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာသံရုံးကို ဗုံးဖောက်ခွဲမယ့် အစီအစဉ်မတိုင်ခင် တစ်ရက်အလိုမှာ သူတို့အားလုံးကို အင်ဒိုနီးရှားရဲက တားဆီးဖော်ထုတ်နိုင်ခဲ့တာပါ။

RFA Burmese



ကမ္ဘာပေါ်မှာ Spirulina စိမ်းပြာရေညှိကို သဘာဝအတိုင်း ရနိုင်တဲ့ နေရာ လေးနေရာ ထဲက တစ်ခု အပါအဝင် ဖြစ်တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး ဘုတလင်မြို့နယ် တွင်းတောင်အင်းမှာ စိမ်းပြာ ရေညှိ အထွက်နှုန်းဟာ သိသိသာသာ ကျဆင်း လာနေပါတယ်။

spirulina စိမ်းပြာ ရေညှိ တစ်ခုတည်းပဲ ထူးထူးခြားခြား ထွက်တဲ့ တွင်းတောင်မှာ ပြီးခဲ့တဲ့ (၂)နှစ်လောက် ကစလို့ စိမ်းပြာရေညှိ အထွက်နှုန်းဟာ သိသိသာသာ ထိုးကျလာနေပြီး ဒါဟာ တွင်းတောင်အင်း အနီးတဝိုက်မှာ ရှိတဲ့ အစိုးရရဲ့ မြစ်ရေတင် စီမံကိန်းကနေ ရေချိုတွေ စိမ့်ဝင်လာတာကြောင့် ဖြစ်တယ်လို့ စိမ်းပြာရေညှိတွေကို တွင်းတောင်အရပ်မှာ စတင် တွေ့ခဲ့တဲ့ ရေညှိပညာရှင် ဒေါက်တာမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

တွင်းတောင်က ထွက်ရှိနေတဲ့ စိမ်းပြာရေညှိဟာ ကမ္ဘာမှာ ရှိတဲ့ တခြား စိမ်းပြာရေညှိတွေထက် အရည်အသွေး သာလွန်ပီး ဗိုင်းရပ်စ်ပိုး အမျိုးမျိုးကိုလည်း ဟန့်တားနိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။

လတ်တလောမှာ တွင်းတောင်အင်း ထိန်းသိမ်းရေးကို အစိုးရ ဝန်ကြီးဌာနတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ပူးပေါင်း ဆောင်ရွက်နေပါတယ်။

တွင်းတောင်ရဲ့ ဂေဟစနစ်ကို အချိန်မှီ မထိန်းသိမ်းနိုင်ဘူးဆိုရင်တော့ စိမ်းပြာရေညှိ ထွက်ရှိမှုဟာ လုံးဝ ပျက်သုန်းတော့မယ့် အနေအထားမှာ ရှိနေတာကြောင့် အစိုးရအနေနဲ့ မြစ်ရေတင်စီမံကိန်း နဲ့ တွင်းတောင် ထိန်းသိမ်းရေး တခုခုကို ရွေးချယ်သင့်တယ်လို့ ဦးမင်းသိန်းက ပြောပါတယ်။

လက်ရှိမှာ တွင်းတောင်အင်း စိမ်းပြာရေညှိ စီမံကိန်းကို အစိုးရ စက်မှုဝန်ကြီးဌာန က ၈၀% ၊ ပုဂ္ဂလိက ကုမ္ပဏီဘက်က ၂၀% ပိုင်ဆိုင်ထားပြီး အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေပါတယ်။

တွင်းတောင်အင်းက ထွက်ရှိတဲ့ စိမ်းပြာရေညှိတွေကို အာဟာရ ဖြည့်စွက်စာ၊ ဇီဝ မြေသြဇာ အပြင် ဆေးဝါးထုတ်လုပ်ရေးတွေမှာပါ အသုံးပြုနေတာ ဖြစ်ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

စိမ်းပြာ ရေညှိကို သဘာဝအတိုင်း ရနိုင်တဲ့ နေရာ လေးနေရာ ထဲမှာ မြန်မာနိုင်ငံပါဝင်




မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ် များနှင့် ယဉ်ကျေးမှု ထုံးတမ်းဓလေ့များ မြောက်မြားစွာ တည်ရှိနေသည့် မန္တလေး တိုင်းဒေသကြီးအတွင်း ပျောက်ကွယ်နိုင်ရန် အလားအလာရှိသည့် ရှေးဟောင်း အမွေအနှစ်နှင့် ဓလေ့ထုံးစံများကို ယဉ်ကျေးမှု ဝန်ကြီးဌာနက မှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အစီအစဉ်ရှိသည်ဟု ရှေးဟောင်း သုတေသန အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာနထံမှ စုံစမ်းသိရှိ ရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် ပျောက်ကွယ်နိုင်ရန် အလားအလာရှိသည့် ရှေးဟောင်းအမွေအနှစ် ဓလေ့ထုံးစံများကို ကုန်ထုတ်လုပ်ငန်း အသုံးအဆောင်များ၊ ပျောက်ကွယ် သွားတော့မည့် မြန်မာ့ရိုးရာ အစားအစာများ၊ မြန်မာ့ရိုးရာပွဲတော်များ ဟူ၍ သုံးပိုင်းခွဲကာ ထိန်းသိမ်းမည်ဖြစ်ပြီး ထိန်းသိမ်းမည့် အမျိုးအစားကို ၅၁ မျိုးခွဲခြား ထားကြောင်း၊ ထိန်းသိမ်းမည့်ဒေသနှင့် ပတ်ဝန်းကျင်များမှာ မန္တလေးတိုင်းအတွင်း ရှိ မြို့ပေါ် ခြောက်မြို့နယ်နှင့် ပုသိမ်ကြီး၊ နွားထိုးကြီးနှင့် ရမည်းသင်းမြို့နယ် တို့ရှိ ရှေးဟောင်း အမွေအနှစ် ဓလေ့ထုံးစံများကို ထိန်းသိမ်းမည့် အမျိုးအစားအလိုက် ဝန်ထမ်းများက ခေါင်းစဉ် ခွဲ၍ သုတေသနပြုလုပ် မှတ်တမ်းတင်မည့် အပြင် တွေ့ရှိ မှတ်တမ်းတင်သည့် ရှေးဟောင်းအမွေ အနှစ် ဓလေ့ထုံးစံများကို ရှေးဟောင်း သုတေသန ရုံးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံ ပေးပို့ တင်ပြမည်ဖြစ်ကြောင်း ရှေး ဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ က ပြောကြားသည်။

ယင်းသို့ ဆောင်ရွက်ခြင်းသည် ဌာနဝန်ထမ်းများ သုတေသန အားကောင်းမှု ရှိစေရန်နှင့် ရိုးရာဓလေ့များကို မှတ်တမ်းထား ရှိရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းကဆိုသည်။

မန္တလေးတိုင်းအတွင်း ပျောက်ကွယ် တော့မည့် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများ၊ ဓလေ့များ၊ ရိုးရာလုပ်ငန်းများ အတွက် ပုဂ္ဂလိကများက ပြုပြင် ထိန်းသိမ်းလိုလျှင် လုပ်ငန်းစီမံချက်ဖြင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) သို့ တင်ပြမှု ရှိလာလျှင် UNESCO က ၂ နှစ် စီမံကိန်းဖြင့် အကူအညီပေးမည့် အစီအစဉ် များကိုလည်း နိုဝင်ဘာလအတွင်း နေပြည်တော် ယဉ်ကျေးမှုဌာနတွင် ကျင်းပခဲ့သည့် UNESCO အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည်ဟု ၄င်းအလုပ်ရုံ ဆွေးနွေးပွဲကို သွားရောက်တက်ခဲ့သည့် ရုပ်သေးပညာရှင် ဒေါ်မမနိုင်က ပြောကြားသည်။

"တမ္ပဝတီမှာဆိုရင် ကြေးသွန်း လုပ်ငန်းတွင် ပါဝင်တဲ့ ခတ်ကြေးစည်သွန်း လုပ်ငန်းတွေက ပျောက်သလောက် ရှိနေပြီ။ အခုလည်း ပန်းပုလုပ်ငန်း တစ်စတစ်စ ပျောက်နေတဲ့အတွက် အမြန်ဆုံး ထိန်းသိမ်းသင့်တယ်" ဟု ပြည့်ဝ မြန်မာမှုကြေးသွန်း လုပ်ငန်းပိုင်ရှင် ဦးလှမြင့်က ပြောကြားသည်။

မန္တလေးတွင် ရိုးရာသံဃာတော် ဆောင်းထီးလုပ်ငန်းသည် အိမ်တော်ရာ ဘုရားဝန်းကျင်တွင် ပျောက်ကွယ်မှုရှိပြီး သံဃာတော်ဆောင်း ထီးများကို ပုသိမ်မှ မှာယူနေရကြောင်းနှင့် ရိုးရာဖိနပ်များနေရာ တွင် တရုတ်နိုင်ငံမှ ဝင်လာသည့် ကတ္တီပါ ဖိနပ်များက ဈေးနှုန်းသက်သာစွာ ဝင်ရောက်လာသဖြင့် ရိုးရာဖိနပ် လုပ်ငန်းများ ပျောက်ကွယ်သွားနိုင်သည့် အခြေ အနေတွင်ရှိကြောင်း မြို့ခံများကဆိုသည်။

မြန်မာနိုင်ငံတွင် ပျောက်ကွယ်တော့ မည့် ရိုးရာဓလေ့ ယဉ်ကျေးမှုများကို မှတ်တမ်းတင်ခြင်းနှင့် ပြန်လည်ရှင်သန် စေရန်အတွက် UNESCO က အထောက် အပံ့ပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ များကို နေပြည်တော် ယဉ်ကျေးမှုဝန်ကြီး ဌာနတွင် UNESCO က ကျွမ်းကျင်သည့် ပညာရှင်များ၊ ပြင်ပပညာရှင်များနှင့် ဝန်ကြီးဌာန၏ ကျွမ်းကျင်သူများ ပါဝင်သည့် အလုပ်ဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပ ခဲ့သည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန် ရှိသူများက ပြောကြားသည်။

မန္တလေး ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန အနေနှင့် ပျောက်ကွယ်တော့မည့် ရိုးရာဓလေ့ မှတ်တမ်းတင်ခြင်း လုပ်ငန်းများ ကို ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် မကုန်မီ အပြီး လုပ်ဆောင်သွားမည်ဟု အဆိုပါဌာန ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly




မြောက်ဥက္ကလာပမြို့ နယ် တရားရုံးအတွင်း မိနစ်၂၀ ခန့်ကြာ မီးလောင်ကျွမ်းခဲ့ရာ အမှုတွဲစာရွက်စာတမ်းများ မီးထဲပါသွားခြင်းကြောင့် နောက်ပိုင်းတွင် အငြင်းပွားမှုကိစ္စရပ်များ ဖြစ်ပေါ်လာနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း) က ပြောသည်။

ဇန်န၀ါရီ ၂၀ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်က မြောက်ဥက္ကလာပမြို့နယ်တရားရုံးတွင် အမှုနှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာ စာရွက်စာတမ်းများ၊ ငွေဖြတ်ပိုင်းများ၊ အမှုတွဲဖိုင်များ သိမ်းဆည်းလေ့ရှိသော စာကြည့်တိုက် စီမံခန်းအတွင်းမှ ပန်ကာကို တစ်ညလုံးဖွင့်ထားခဲ့၍ ၀ိုင်ယာကြိုး အပူလွန်ကဲခဲ့ပြီး   မျက်နှာကြက်ပေါ်ရှိ    လျှပ်စစ်ဝိုင်ယာကြိုးများ ရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်ကျွမ်းရာတွင် တရားရုံးမှ  သိမ်းဆည်းထားသော လိုင်စင်မဲ့ဆိုင်ကယ် အစီး ၅၀ အပြင် အဆောက်အအုံအခန်းတစ်ခန်း  မီးလောင်ကျွမ်းခဲ့ရာ ငွေကျပ် ၁၈သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု သက်ဆိုင်ရာမြို့နယ်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့   မီးလောင်ကျွမ်းခဲ့မှုကြောင့် တရားရုံးပိုင်းဆိုင်ရာ လုပ်ငန်းများနှင့် အမှုသည်တို့အတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာနိုင်ပြီး မီးလာင်ကျွမ်းခဲ့ရာတွင် တရားမမှုစာရွက်စာတမ်းများ၊ အမှုတွဲဖိုင်များ ပါဝင်ခဲ့ပါက အမှုပြန်လည်တည်ဆောက်ရာတွင် အငြင်းပွားစရာများ  ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းရရှိသည်။
““အမှုသည်တွေရော ရုံးပိုင်းရော အများကြီး အကျိုးသက်ရောက်သွားတာပေါ့။ ရုံးပိုင်းဆိုရင် အကုန်လုံး လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာပေါ့။ ဘာမှကို မကျန်ခဲ့တဲ့ကိစ္စ။ အစကနေပြန်လုပ်ရင်တောင် တော်တော်မလွယ်ကူတဲ့ကိစ္စပဲ။ အမှုသည်ဘက်ဆိုရင် အချုပ်တရားခံက ရက်ချိန်းယူဖို့သက်သက်ပဲ။ ချိန်းရတယ်။ တရားမအမှုဆိုရင် စာရွက်တွေ မီးလောင်ခဲ့တဲ့အတွက် အမှုပြန်တည်ဆောက်ရင် အငြင်းပွားစရာတွေရှိတယ်။    ပြစ်မှုဆိုရင်တော့ ရဲစခန်းမှာရှိတဲ့ တိုင်ချက်နဲ့ ပြန်တည်ဆောက်လို့ရတယ်။ သို့သော် သက်သေထွက်ဆိုချက်တွေမှာ အခက်အခဲရှိပြီး အငြင်းပွားစရာတွေ ပေါ်လာမှာပေါ့”” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် (မရန်းကုန်း)ကပြောသည်။

““အမှုတွဲဖိုင်တွေလားဆိုတာတော့ ကျွန်တော့်ရုံးမဟုတ်တဲ့အတွက် ကျွန်တော်မသိနိုင်ဘူး။ စာကြည့်တိုက်စီမံအခန်း မီးလောင်တဲ့အတွက် စာရွက်စာတမ်းတွေ စာအုပ်တွေတော့မြင်တယ်။ အမှုတွဲတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် စစ်လည်းမစစ်ဘူး။ ကျွန်တော့်တပည့်တွေကိုလည်း ဘာမှ မလွှင့်ပစ်ခိုင်းဘူး။ ဒီအတိုင်းပဲ ရှေ့မှာထုတ်ထားခိုင်းတယ်”” ဟု မီးသတ်ဦးစီးအရာရှိ ဦးအေးကျော်က ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် မြို့နယ်တရားရုံးကို ယာယီပိတ်ထားရ၍ အမှုကိစ္စ ရုံးလုပ်ငန်းပိုင်းများ၊ ရုံးချိန်းများကို ခေတ္တရက်ရွှေ့ဆိုင်းထားသည်။ ထို့ကြောင့် အမှုကိစ္စဖြင့် တရားရုံးသို့ ရုံးချိန်းလာရောက်ခဲ့သည့် အမှုသည်များမှာ ရက်ချိန်းရွှေ့ဆိုင်းခံရ၍ အခက်အခဲများဖြစ်ခဲ့သည်။ တရားရုံးသို့ လာရောက်ခဲ့သူများနှင့် ပတ်ဝန်းကျင်ရှိ လူအချို့မှာ မီးလောင်မှုအပေါ် သံသယ၀င် လျက်ရှိကြသည်။

““ပန်ကာရှော့ဖြစ်ပြီး မီးလောင်တယ်လို့ ပြောတယ်။ ပန်ကာတစ်နေကုန်ဖွင့်လို့ မီးလောင်မယ်ဆိုရင် ကြားထဲက ရုံးပိတ်ရက်မှာကတည်းက  သောကြာညမဟုတ်ရင် စနေလောက်ကတည်းက မီးလောင်နေပြီပေါ့။ အခုဟာ ဘာကြောင့်လောင်တယ်ဆိုတာတော့ စဉ်းစားစရာပဲ”” ဟု အမှုရုံးချိန်းလာရောက်သည့် မြောက်ဥက္ကလာပမြို့နယ်အတွင်းနေထိုင်သူ မအေးအေးမြင့်က ပြောသည်။

ထို့အပြင် မီးလောင်ကျွမ်းနေစဉ်က တရားရုံးရှေ့တွင် အများပြည်သူ သံသယဖြစ်ဖွယ်ရှိသည့် ကိစ္စအချို့လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်ရပ်မှာ မီးလောင်ကျွမ်းနေ၍ လူအများရပ်ကြည့်နေစဉ် စာအချို့ ရေးသားထားသော စာရွက်များကို ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းစာရွက်တွင် ““သင့်မှာငွေရှိလျှင် ကျွန်ုပ်ဆီကိုလာခဲ့ပါ။ မည်သည့်အမှုမဆို နိုင်စေရမည်”” ဟုဆိုကာ စာကြောင်းများ၏အောက်တွင် မြောက်ဥက္ကလာပတရားရုံးမှ ရှေ့နေတစ်ဦး၏အမည် ထိုးထားကြောင်း    တွေ့ရသည်။ ထိုဖြစ်ရပ်ဖြစ်ပွားခဲ့၍ အနီးပတ်ဝန်းကျင်ရှိ လူအများက သံသယဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
““၀ိုင်ယာရှော့ဖြစ်တယ်လို့ အဲဒီလို အပေါ်ယံဆုံးဖြတ်လို့မရဘူး။ ဟိုရုံးကို ကာကွယ်တဲ့အနေနဲ့ ၀ိုင်ယာရှော့ဖြစ်တယ်လို့ မဖြစ်သင့်ဘူး။ အရှိကိုအရှိတိုင်း ပြောဖို့လိုတဲ့အတွက် စုံစမ်းစစ်ဆေးဖို့လိုတယ်။ မီးစလောင်တဲ့အချိန်မှာ မီးသတ်တွေရှိတာမှ မဟုတ်တာ။ ရေနဲ့ငြှိမ်းသတ်ပြီးမှ ရောက်လာတာလေ။ ဒါဆို လမ်းပေါ်မှာတွေ့ ခဲ့ရတဲ့ စာရွက်တွေက အလကားတော့ ဝေခဲ့တာမဟုတ်ဘူး။ အခုခေတ်က      အလိုလိုလောင်တာထက် ခုနကစာရွက်တွေ တွေ့ရတဲ့အတွက် ရှုံးတဲ့ဘက်က မကျေနပ်လို့လုပ်ခဲ့တယ်လို့တော့ တွက်လို့ရနိုင်တယ်။ ဒါပေမဲ့ ဟုတ်၊ မဟုတ်တော့ ပြောရခက်တယ်”” ဟု ရှေ့နေဦးခင်ဇော်(မရန်းကုန်း)က  သုံးသပ်ပြောဆိုသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ တရားရုံးတွင် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော စာလုလင် (ညစောင့်) အသက် (၂၈)နှစ်အရွယ် နန္ဒထူးအား ပြစ်မှုဆိုင်ရာ ပုဒ်မ-၂၈၅ အရ မီးလောင်မှုဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Author: ထွန်းခိုင်၊ အေးမြတ်သူ

7day Daily
မီးလောင်မှုဖြစ်ပွားခဲ့ရာ မြောက်ဥက္ကလာပမြို့ နယ်တရားရုံး။ ဓာတ်ပုံ-အေးမြတ်သူ / 7day Daily



တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လေးဝါးညီလာခံပြီးရင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ်လို့ယုံကြည်ကြောင်း ညီလာခံပြောခွင့်ရပုဂ္ဂိုလ် ဦးနိုင်ဟံသာက ဒီနေ့ ပြောလိုက်ပါတယ်။

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်နယ်မြေ လော်ခီးလာခေါ် လေးဝါးဒေသမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ ညီလာခံ ဒုတိယမြောက်နေ့မှာ အဲဒီညီလာခံ ပြောခွင့်ရပုဂ္ဂိုလ် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက အခုလိုပြောပါတယ်။

“ကျနော်တို့ဘက်က အတတ်နိုင်ဆုံး၊ အလိုက်လျောနိုင်ဆုံး ညှိနှိုင်းလုပ်ဆောင်ပေးနေပါတယ်။ ဒီအစိုးရဘက်ကပေါ့ဗျာ.. ဒီ.. သမ္မတကြီးရော၊ ဦးအောင်မင်းတို့ရော သူတို့လည်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို တော်တော်လေး လိုလားနေတဲ့ပုံပေါ်တယ်။ ဒါကြောင့် သူတို့ အဝန်းအဝိုင်းက အဲလို ဆန္ဒရှိမယ်ဆိုရင်ပေါ့ဗျာ၊ ဒါကတော့ ဖြစ်နိုင်မယ်လို့တော့ ကျနော်ယုံကြည်တယ်။”

နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးရင် အပစ်ခတ်ရပ်စဲရေး တည်တံ့ဖို့အတွက် အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးကော်မတီတွေကိုလည်း ဖွဲ့စည်းသွားဖို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ မူကြမ်းထဲမှာ ထည့်သွင်းရေးဆွဲထားကြောင်းလည်း သိရပါတယ်။

အဲဒီလိုဖွဲ့မယ်ဆိုရင် အများကယုံကြည်နိုင်မယ့် ဂုဏ်သိက္ခာရှိတဲ့ လူပုဂ္ဂိုလ်တွေ ၊ နိုင်ငံရေးအဖွဲ့ အစည်းတွေက ကိုယ်စားလှယ်တွေအပြင် နိုင်ငံတကာက အတွေ့အကြုံရှိတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း ထည့်သွင်းဖွဲ့စည်းသွားဖို့ လျာထားကြောင်းလည်း ဦးနိုင်ဟံသာက ပြောပါတယ်။

ညီလာခံနောက်ဆုံးနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ် အပြီးသတ်မူကြမ်းတစ်ခု ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

လာမယ့် ဖေဖေါ်ဝါရီလထဲမှာ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ နှစ်ဘက်ညှိနှိုင်းရမှာဖြစ်ပြီး အားလုံးလက်ခံမယ့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်တစ်ခုကို ရအောင်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

RFA Burmese

မင်္ဂလာဒုံတွင်မီးလောင်မှုဖြစ်ပွားခဲ့

Tuesday, January 7, 2014



ရန်ကုန်၊ ဇန်နဝါရီ ၅

ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင် ၇ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံကြားတွင် ဇန်နဝါရီလ ၅ ရက် နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က ခရီးသည် ၄၄ ဦး တင်ဆောင်လာသော ရန်ကုန်-ထားဝယ် ခရီးစဉ် ပြေးဆွဲသည့် ရွှေမြင်းပျံ ယာဉ်လိုင်း ခရီးသည်တင်ယာဉ်မှာ ကတ္တရာခင်းသည့် ယာဉ်ကို ကျော်တက်ရာမှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း အမှတ်(၃) အမြန်လမ်း ရဲစခန်းမှ စခန်းမှူးဒုတိယရဲမှူး ခင်မောင်အေးက The Voice သို့ ပြောကြားသည်။

ခရီးသည်တင်ယာဉ်မှာ ရန်ကုန်မြို့တော်သို့အဝင် ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ကတ္တရာလမ်း ခင်းယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့ရာ အဆိုပါ လမ်းခင်းယာဉ်မှာ လမ်း၏ ညာဘက်တွင် တိမ်းမှောက်ခဲ့ပြီး ခရီးသည်တင်ယာဉ်မှာ လမ်းလယ်ကျွန်းတွင် ကန့်လန့်ဖြတ် ရောက်ရှိခဲ့ကြောင်း အဆိုပါ အမြန်လမ်း ကယ်ဆယ်ရေး တာဝန်ကျ လက်ထောက် မီးသတ်ဦးစီးမှူး ဦးခင်ဇော်အောင်က မျက်မြင် တွေ့ရှိမှုကို ရှင်းပြသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် ၂၀ အရွယ် ခရီးသည်တင်ယာဉ် နောက်လိုက်မှာ ယာဉ်တွင်း ညှပ်နေကာ မျက်နှာ၊ ခြေဖနောင့်၊ တင်ပါးဆုံတို့တွင် ပေါက်ပြဲ ဖူးရောင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ အသက် ၃၀ အရွယ်ရှိသူ ကတ္တရာလမ်းခင်း ယာဉ်မောင်း ကိုပြည့်ဖြိုးဟန်၊ သက်တော် ၄၅ နှစ်အရွယ် ခရီးသည် သံဃာတစ်ပါး၊ အသက် ၃၀ အရွယ် ခရီးသည် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရာ ဒဏ်ရာမျာမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရှိရသည်။

“လူတွေကလည်း ကြောက်လန့်ပြီး ခုန်ချကြတယ်။ ယာဉ်မောင်းဘေး ထိုင်နေတဲ့ ယာဉ်နောက်လိုက် ကောင်လေး ဘက်အခြမ်းနဲ့ တိုက်မိလို့ ယာဉ်က ပိန်ချိုင့်သွားတာ သူ့ကို မနည်းဆွဲထုတ်ရတယ်” ဟု အဆိုပါ အမြန်လမ်း ကယ်ဆယ်ရေး တာဝန်ကျ လက်ထောက် မီးသတ်ဦးစီးမှူး ဦးခင်ဇော်အောင်က မျက်မြင်တွေ့ရှိမှုကို ရှင်းပြသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကို အမှတ် (၃) အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ၁၄ ဦး၊ မီးသတ် တပ်ဖွဲ့ဝင် လေးဦးတို့က ကယ်ဆယ်ရေး လုပ်ငန်း၊ ယာဉ်ကြော ရှင်းလင်းရေး လုပ်ငန်းနှင့် ရှေးဦးသူနာ ပြုစုခြင်း များကို ဆောင်ရွက် ပေးခဲ့ကြောင်း အမှတ် (၃) အမြန်လမ်း ရဲစခန်းမှစခန်းမှူး ဒုတိယရဲမှူး ခင်မောင်အေးက ပြောကြားသည်။

ရွှေမြင်းပျံ ယာဉ်လိုင်း ခရီးသည်တင် မှန်လုံယာဉ်မှာ အမြန်လမ်းတွင် ယာဉ်တိုက်မှု ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ ယာဉ်တိုက်မှု အခြေအနေကို ဂိတ်မှူးကိုယ်တိုင် သွားရောက် စစ်ဆေးနေကြောင်း အဆိုပါ ယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်ပြီးနောက် ခရီးသည် တင်ယာဉ်မောင်း ဦးခင်ဇော်မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ၎င်းကို ယာဉ် (ပ) ၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၃၇/၃၃၈/၃၀၄ (က)/၂၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အမှတ် (၃) အမြန်လမ်း ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly




ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပြုလုပ်မည့် အိန္ဒိယ ကျောင်းသား ပါလီမန် (Indian Student Parliament (ISM) သို့ တက်ရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။

အိန္ဒိယနိုင်ငံ Pune မြို့တွင် ဇန်နဝါရီလ ၁၀ ရက်မှ ၁၂ ရက်နေ့အအထိ သုံးရက်ကြာ ပြုလုပ်မည့် အိန္ဒိယ ကျောင်းသား ပါလီမန် ပထမနေ့တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း အိန္ဒိယ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“အိန္ဒိယကို သွားဖို့တော့ သေချာတယ်။ ဘယ်နေ့ သွားမယ်တော့ အတိအကျ မသိသေးပါဘူး” ဟု NLD ဗဟိုအလုပ် အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။

အိန္ဒိယ ကျောင်းသား ပါလီမန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါကစ္စတန် ကျောင်းသူ မာလာလာလည်း အတူတက်ရောက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားမည် ဖြစ်ပြီး ယင်းမှာ ပါကစ္စတန် နိုင်ငံသူ မာလာလာအတွက် ပထမဆုံး အိန္ဒိယခရီးစဉ်တစ်ရပ် ဖြစ်လာမည် ဖြစ်ကြောင်း အထက်ပါ သတင်းအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ငယ်စဉ်က မိခင်ဖြစ်သူ သံအမတ်ကြီး ဒေါ်ခင်ကြည်နှင့် အိန္ဒိယနိုင်ငံတွင် ငါးနှစ်ခန့် နေထိုင်ခဲ့ဖူးပြီး ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ် သွားရောက်ကာ အိန္ဒိယနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယခရီးစဉ် မတိုင်မီ ချင်းပြည်နယ်သို့ သွားရောက်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများ ပြလုပ်မည် ဖြစ်ပြီး အိန္ဒိယခရီးစဉ်မှာ ၂၀၁၄ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးပြည်ပ ခရီးစဉ်အဖြစ် မှတ်တမ်းဝင်မည် ဖြစ်သည်။

The Voice Weekly


တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းနဲ့ ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်ထားတဲ့ "တက္ကသိုလ်များ ဗဟိုကောင်စီ ဖွဲ့စည်းရေး" ကို "အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ" အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ ပညာရေးဝန်ကြီးဌာနက ဒီနေ့ သဘောတူလိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီနေ့ကျင်းပတဲ့ "ပညာရေးအဆင့်မြှင့်တင်မှုဆိုင်ရာ ဒေသန္တရ အလုပ်ရုံဆွေးနွေးပွဲ" မှာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ဆရာ ဆရာမများအသင်း၊ ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတွေ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာပါ။

"အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ" ကို ဘယ်လိုဖွဲ့စည်းမလဲဆိုတာကိုတော့ ဆက်လက်ဆွေးနွေးရဦးမယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က ပြောပါတယ်။

အစိုးရကရေးဆွဲနေတဲ့ အဆင့်မြင့်ပညာရေး ဥပဒေမူကြမ်းမှာပါတဲ့ တက္ကသိုလ်များ ဗဟိုကောင်စီဟာ အရင်တုန်းကလိုပဲ ဗဟိုဦးစီးချုပ်ကိုင်မှုနဲ့ ကန့်သတ်ချက်တွေပါတယ်ဆိုပြီး တက္ကသိုလ် ဆရာ၊ ဆရာမများအသင်းနဲ့ ကျောင်းသားသမဂ္ဂတွေက ကန့်ကွက်ခဲ့ကြတာပါ။

RFA Burmese


တယ်လီဖုန်းအရောင်းအ၀ယ်နှင့် ပတ်သက်၍ ရဲစခန်းအတွင်း၌ ရေတပ်သားနှစ်ဦးက ရဲတပ်သားတစ်ဦးကို ဓားဖြင့်ထိုးသောကြောင့် ပြည်သူ့ဝန်ထမ်းကို နာကျင်အောင်ပြုလုပ်မှုဖြင့် အရေးယူလိုက်ကြောင်း သတင်းရရှိသည်။

တာမွေမြို့မရဲစခန်းအတွင်း စခန်းမှူးရှိနေစဉ် ရေတပ်သားနှစ်ဦးသည် ဇန်န၀ါရီ ၃ ရက် နံနက်က ရောက်လာပြီး မှုခင်းအကူစာရေး ရဲတပ်သားတစ်ဦးနှင့် တယ်လီဖုန်းအရောင်းအ၀ယ်ကိစ္စ ပြောနေရာမှ ရေတပ်မှ ဒုတပ်ကြပ်က လွယ်အိတ်အတွင်း အသင့်ပါလာသော ၁၈ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် ရဲတပ်သားကို ထိုးလိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် ရဲတပ်သား၏ ဘယ်ဘက်လက်ဖျံနှင့် လက်ဖ၀ါးတို့တွင် ဒဏ်ရာများရရှိခဲ့သည်။ ထို့နောက် ရေတပ်သားများထွက်ပြေးသွားကြရာ စခန်းမှူးက လိုက်လံဖမ်းဆီးရာ ရေတပ်ဒုတပ်ကြပ်အား သက်သေခံဓားနှင့်အတူ ဖမ်းမိပြီး ရေတပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင်ဖော်ပြထားသည်။
““ရဲစခန်းထဲမှာဖြစ်တာ ဒဏ်ရာရတဲ့ရဲဘော်ကတော့ ဒဏ်ရာကို ချုပ်လိုက်ရတယ်။ အသက်အန္တရာယ်တော့ မထိခိုက်ပါဘူး။ ထွက်ပြေးတဲ့တစ်ယောက်ကို မမိသေးဘူး။ ဖမ်းမိတဲ့ ဒုတပ်ကြပ်ကို စစ်ဆေးပြီး တပ်မတော်တပ်ထိန်းကို လွှဲပေးလိုက်တယ်””ဟု တာမွေမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

တာမွေမြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာပုဒ်မ-၃၃၂/ ၁၁၄ တို့ဖြင့် အမှုဖွင့်ကာ ထွက်ပြေးသွားသည့် ရေတပ်သားအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

7day Daily 


ဝါရင့်ဂီတမှူးတယောက်လည်းဖြစ်၊ ဂီတမှူးအကယ်ဒမီ အများဆုံး ရရှိတဲ့ထဲမှာ တဦး အပါအ၀င်လည်း ဖြစ်တဲ့ အကယ်ဒမီ ၃ ဆုရှင် ဦးဇော်မျိုးထွဋ်ဟာ ရုတ်တရက် နှလုံးရောဂါဖောက်ပြီး ဇန်န၀ါရီ ၅ ရက်နေ့ ညမှာ ကွယ်လွန်သွားခဲ့တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

“ရင်ခွဲရုံမှာ ခွဲလိုက်တော့ အဲဒီ ရောဂါတွေ ဘာမှ မရှိဘူး။ နှလုံးမှာ သွားပိတ်နေတာ။ ချက်ချင်းကြီး ဆေးရုံသွားတာ။ ကားပေါ်မှာတင် သေတယ်” လို့ ပြောပါတယ်။

အကယ်ဒမီ ဦးဇော်မျိုးထွဋ်ဟာ နာမည်ကျော် တေးရေးနဲ့ တေးဆိုတဦးဖြစ်တဲ့ စန္ဒယားလှထွဋ်ရဲ့ သားတယောက် ဖြစ်ပါတယ်။

သူဟာ အနောက်တိုင်း တူရိယာ အမျိုးမျိုးကို ကျွမ်းကျင်စွာ တီးခတ်နိုင်တဲ့အပြင် မဇ္စျှိမလှိုင်းရဲ့ လိဒ်ဂီတသမားတဦးအဖြစ် လူသိများကြပါတယ်။

ဖခင်ဖြစ်သူ စန္ဒယားလှထွဋ် ကွယ်လွန်တဲ့နေ့ဖြစ်တဲ့ ဇန်န၀ါရီ ၅ ရက်နေ့မှာပဲ ရုတ်တရက် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်သူ ဦးဇော်မျိုးထွဋ်ရဲ့ ဈာပနကို ဇန်န၀ါရီ ၇ နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ မိသားစုက ပြောပါတယ်။

အိုင်ရင်းခရော့တီးဝိုင်းမှာ လိဒ်ဂစ်တာတီးတဲ့ ဦးချစ်စမ်းမောင်ကတော့ အတိုင်းမသိ ၀မ်းနည်းရပါတယ်လို့ ဆိုပါတယ်။

“ယူကျုံးမရ ဖြစ်ပါတယ်။ ပြောရရင် ကျနော်ဘ၀မှာ လေးစားအားကျတဲ့ ကိုဇော်ကြီးနဲ့ ကျနော်ဆရာ စောဘွဲ့မှူးပေါ့နော်။ ကျနော် အရမ်းလေးစားအားကျ ချစ်ခင်ရတဲ့သူတွေ မရှိတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ရတယ်။ ကိုဇော်ကြီးရဲ့ ရတနာသူသီချင်းနဲ့ ကျနော် ကြီးပြင်းလာတယ်လို့ ပြောရမယ်။ အတိုင်းမသိ ၀မ်းနည်းပါတယ်။”

မဇ္စိျွမလှိုင်းက နိုင်ငံကျော် နာမည်ကြီးအဆိုတော် ကိုနေ၀င်းကလည်း ကွယ်လွန်သူ ဇော်မျိုးထွဋ်နဲ့ သီချင်းတွေ တွဲလုပ်ခဲ့တုန်းက အဖြစ်တွေကို ခုလို ဆိုပါတယ်။

“ကိုဇော်မျိုးထွဋ်နဲ့က ငယ်ငယ်ကလေးကတည်းက မန္တလေးမှာ ကိုခင်မောင်တိုးနဲ့ ပတ်သက်ပြီး သိရတာပေါ့။ လိဒ် ဂစ်တာကို တီးတယ်။ အဖက်ဖ်တွေကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်တယ်။ စီးရီးသွင်းတဲ့အချိန်မှာ သူစီစဉ်တာ သီချင်းတွေက ထင်တာထက်ကို ၁၀ ဆ၊ ၁၅ ဆ ကောင်းလာတယ်။ အခုကျတော့ အဲဒီလို လုပ်ပေးမယ့်သူ မရှိတော့ဘူးပေါ့။”

ဝါရင့် ဂီတမှူးတယောက်ဖြစ်သူ ဦးခင်မောင်ကြီးကလည်း “တော်တော် ခံစားရပါတယ်။ တကယ်တော်တဲ့ အတီးပညာရှင်တယောက်ပေါ့။ တကယ် နှမြောစရာ ကောင်းပါတယ်” လို့ ပြောပါတယ်။

အဆိုတော် ရင်ဂိုကိုက ဦးဇော်မျိုးထွဋ် ကွယ်လွန်တာဟာ အလွန် နှမြောစရာ ကောင်းတယ်လို့ မှတ်ချက်ပေးပါတယ်။

“အစားထိုးမရနိုင်တဲ့ ဂီတသမားကြီးတယောက်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့မီနောက်မီ သီချင်းတွေ ရော့ခ်သီချင်းတွေအပြင် မြန်မာဆန်ဆန် သီချင်းတွေကို စီစဉ်နိုင်တာ အစားထိုးမရဘူးလို့ ထင်တယ်။”

ဦးဇော်မျိုးထွဋ်ဟာ မြင့်မြတ်နှလုံးသား၊ နေကမွေးတဲ့လ၊ ထာဝရအလင်းတန်းများဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ တေးဂီတဖန်တီးမှုဆိုင်ရာ အကယ်ဒမီထူးချွန်ဆု ၃ ဆုရထားတဲ့သူလည်း ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်ခင်မာထွေး၊ ဦးနေလင်းထွဋ် (ခ) ရွှေထွဋ်နဲ့ ဦးလမင်းထွဋ် အစရှိတဲ့ သား ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။

By သာနိုးဝေ (ဒီဗွီဘီ)



ရန်ကုန်၊ မဇ္ဈိမ ။ ။ အသက် ၃ဝ ကျော်အရွယ် အမျိုသားတစ်ဦးက အသက် ၁ဝ နှစ်အောက်သာ ရှိသေးသည့် ပိုလီယိုဝေဒနာရှင် ကလေးငယ်လေးတစ်ဦးအား သားမယားပြုကျင့်ရန် ကြံစည်သဖြင့် ဇန်နဝါရီ ၅ ရက်က ဒလရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ဖြစ်စဉ်မှာ ဒလမြို့နယ် ရပ်ကွက်တစ်ခုတွင် နံနက် ၁ဝ နာရီအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၉ နှစ်ရှိ စကားမပြောတတ်၊ လမ်းမလျှောက်နိုင်သော ပိုလီယိုရောဂါသည်ကို သားမယားပြုကျင့်ရန် ကြံစည်ခြင်းဖြစ်သည်ဟု အဖွားတော်စပ်သူ (၅ဝ)နှစ်က အမှုဖွင့် တိုင်တန်းခဲ့ခြင်းလည်းဖြစ်သည်။

အဖွားဖြစ်သူမှာ မြေးဖြစ်သူအား အိမ်တွင်ထားခဲ့စဉ် နေအိမ်တွင် အလုပ်ကိစ္စဖြင့် ရောက်ရှိနေသည့် ဒေးဒရဲမြို့နယ် ရေလုပ်သားဖြစ်သူ အသက် (၃၄)နှစ်အရွယ်အမျိုးသားဖြစ်သူက အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်။

အဆိုပါ ရေလုပ်သားနှင့် မြေးငယ်တို့အား အိမ်ခန်းအတွင်းတွင် စောင်ခြုံလျက်တွေ့ရှိရသဖြင့် အိမ်နီးချင်း (၃)ဦးတို့က စောင်အား လှန်ကြည့်ရာတွင် သားမယားပြုကျင့်ရန် ကြံစည်လုပ်နေမှုကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟု တရားလိုက ရဲအား အမှုဖွင့်ရာတွင် တိုင်တန်းထားသည်။

ထို့ကြောင့် ဒလရဲစခန်းက (ပ)၁ဝ/၂ဝ၁၄ ဖြင့်အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆ တို့ဖြင့် အရေးယူရန် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲတိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ထို့ပြင် ယင်းနေ့ ညနေကလည်း ပုဂ္ဂလိက စာသင်မူကြိုကျောင်း နိုင်ငံတကာသင်ကြားရေးဌာနမှ အသက် ၂၃ နှစ်ရှိ ဆရာမဖြစ်သူကိုလည်း (ရည်းစားစကာပြောကြားထားသူ)အသက် (၂၄)နှစ်ရှိ ဟာ့ဂ်ျဘုရားဖူးခရီးသွားလုပ်ငန်းလုပ်ကိုင်သူက တည်းခိုခန်းတစ်ခုသို့ ကားဖြင့် တင်ဆောင်ခေါ်ပြီး သားမယားပြုကျင့်ရန် ကြံစည်ခဲ့သည်ဟု အမှုဖွင့်တိုင်တန်းထားသည်။

ထို့ပြင် ဇန်နဝါရီ ၃ ရက်ကလည်း အသက် (၁၅)နှစ်ရှိသမီးဖြစ်သူကို အသက် (၅၅)နှစ်ရှိ ဖခင်ဖြစ်သူက ခြင်ထောင်အတွင်းသို့ ဝင်ရောက်ပြီး သားမယားပြုကျင့်ခဲ့မှုတစ်ခု တွံတေးမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဖြစ်ပွားထားသည်။

Written by ဇော်ဇော်ထွေး
Mizzima - News in Burmese



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့တွေမှာ ကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒကောက်ခံပွဲတွေမှာ ဟောပြောဖို့ ဒီနေ့ညနေ ၃ နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကို ရောက်ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လာရောက်ကြိုဆိုကြတဲ့ ဒေသခံပြည်သူ ထောင်ပေါင်းများစွာကို အခုလို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

“ပြည်သူလူထုက ဘာ့ကြောင့်ထောက်ခံသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိပြီးတော့ ထောက်ခံမှသာ တကယ်တန်ဖိုးရှိမှာပါ၊ အဓိပ္ပာယ်ရှိမှာပါ၊ ဘာမသိညာမသိနဲ့ ထောက်ခံတယ်ဆိုရင် မေတ္တာအရ ထောက်ခံတယ်ဆိုလို့ရှိရင် ကျေးဇူးတင်ပေမယ့် မေတ္တာအရ နိုင်ငံရေးမှာ ထောက်ခံလို့မဖြစ်ပါဘူး၊ ပြည်သူလူထုရဲ့ မေတ္တာကို အင်မတန်မှ အလေးထားတာကြောင့်မို့ ဒီမေတ္တာကို အလွဲသုံးစားမလုပ်ချင်ပါဘူး”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖန် ဇန်နဝါရီ ၇ ရက် နေ့ကနေ ၉ ရက်နေ့အထိ ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ ဖလမ်း၊ မင်းတပ်စတဲ့ မြို့တွေမှာ ဟောပြောမှာဖြစ်သလို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာလည်း ဟောပြောဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒေသခံတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်တာကို ထောက်ခံကြမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တမူးခရိုင် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးမောင်အေးကပြောပါတယ်။

“ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သူ့ကို တမူးခရိုင်လုံးက ပြည်သူလူထုအားလုံးကတော့ လှိုက်လှိုက်လှဲလှဲ ထောက်ခံကြမှာပါ၊ တမူးတို့ မော်လိုက်တို့ မင်းကင်းတို့ ကလေးဝတို့ ကလေးတို့ အစုံပါပဲဗျာ”

ဒီချင်းပြည်နယ် ခရီးစဉ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကိုပါ သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

RFA Burmese

Monday, January 6, 2014

နေပြည်တော် ဇန်နဝါရီ ၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ခေါင်းဆောင်သော အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ တောင်သူ ပညာပေး စက်မှုလယ်ယာ စံပြစိုက်ခင်း ဧက (၅၀၀) အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတနှင့်အတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ အထူးအကြံပေး ပုဂ္ဂိုလ်များ တက်ရောက်ကြပြီး KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူးချုပ် ပဒို စောကွယ်ထူးဝင်း၊ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်ကြသည့် ပဒို စောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်နှင့် ပဒို စောတာဒိုမူး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်မှ အရာရှိကြီးများနှင့် တပ်မဟာမှူးများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌက နှစ်သစ်ကူး လက်ဆောင် အဖြစ် ကရင်အမျိုးသား ဝတ်စုံကို အမှတ်တရ ဝတ်ဆင်ပေးသည်။

ထို့နောက် နိုင်ငံတော် သမ္မတနှင့် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ခေါင်းဆောင်သည့် အဖွဲ့တို့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိရေးအတွက် ဆွေးနွေးပွဲများ ဆောင်ရွက်ခဲ့မှု အခြေအနေ၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် နိုင်ငံရေး ဆွေးနွေးပွဲများ ဆက်လက် ဆောင်ရွက်ရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် ယုံကြည်မှု တည်ဆောက်ရေးတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များနှင့် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ခေါင်းဆောင်သော အဖွဲ့တို့သည် အစည်းအဝေး ခန်းမရှေ့၌ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ယခု တွေ့ဆုံ ဆွေးနွေးမှုမှာ နိုင်ငံတော် သမ္မတနှင့် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ခေါင်းဆောင်သော အဖွဲ့တို့၏ လေးကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး နှစ်ဖက်စလုံးက တွေ့ဆုံ ဆွေးနွေးခြင်းသည်သာ ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်းနှင့် ပြည်သူများ၏ ငြိမ်းချမ်းရေး မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်ရန် အဖွဲ့အစည်း အားလုံးက ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်မံ အတည်ပြု ပြောကြားခဲ့ကြသည်။

MOI Webportal Myanmar

Wednesday, December 25, 2013

နာဂစ်ဒဏ် ကာကွယ်ပေးခဲ့တဲ့ လမုတောတွေ အကာအကွယ်မဲ့ ပျက်သုဉ်းနေ

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှာ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ဒီရေတော ထိန်းသိမ်းမှုတွေမှာ နိုင်ငံခြား အကူအညီတွေ ရနေပေမယ့် ဒီရေတောတွေဟာ ကြီးကြီးမားမား ကွယ်ပျောက်လာတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတော ထိန်းသိမ်းမှုမှာ ဂျပန် JICA နဲ့ သဘာဝ ပတ်ဝန်းကျင်အဖွဲ့တွေက ကူညီထောက်ပံ့မှု လုပ်ဆောင် နေပါတယ်။

ဒါပေမယ့် ဘိုကလေးမှာ ရှိတဲ့ မိန်းမလှကြိုးဝိုင်းနဲ့ နောက်ထပ် ကြိုးဝိုင်း(၂)ခုလုံးဟာ လုံးဝ ပြုန်းတီးတော့မယ့် အနေအထားမှာ ရှိနေတယ်လို့ သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

ဒီရေတော ထိန်းသိမ်းမှုဟာ ပျက်စီး ဆုံးရှုံးမှု နဲ့ စာရင် ထောက်ပံ့ရေး ရနေတဲ့ ပမာဏက နည်းလွန်းနေတာကြောင့် သက်ဆိုင်ရာ အစိုးရက ငွေကြေး၊ နည်းပညာနဲ့ မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုး ကူညီမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သင့်တယ်လို့ ဦးဝင်းမျိုးသူက ဆိုပါတယ်။

လက်ရှိမှာ ဂျပန်JICA ဟာ (၂၀၁၃)ခုနှစ် နိုဝင်ဘာလကနေ (၂၀၁၇)ခုနှစ် အထိ (၄)နှစ်တာကာလအတွင်း မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောထိန်းသိမ်းမှုအတွက် ယန်းငွေ (၅၈၃)သန်း ကူညီထောက်ပံ့မှု ပေးထားပါတယ်။

ဒီစီမံကိန်းမှာ ဒီရေတော စိုက်ခင်းဧက (၃)ထောင်ကျော် စိုက်ပျိုးမယ့် စီမံကိန်းရေးဆွဲမှု၊ ဘိုကလေးမြို့နယ် ကဒုံကနိကြိုးဝိုင်းမှာ မုန်တိုင်းဒဏ်ခံမယ့် အဆောက်အဦ နေရာ ရွေးချယ်သတ်မှတ်မှုတွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဒါကို အစိုးရ သစ်တောရေးရာ ဝန်ကြီးဌာနက တိုက်ရိုက်တာဝန်ယူ လုပ်ဆောင်နေတာ ဖြစ်ပြီး စောစောက ဦးဝင်းမျိုးသူ ပြောသလို အန်ဂျီအိုတွေကို အစိုးရက ရံပုံငွေ ထောက်ပံ့တာမျိုးတော့ မရှိသေးပါဘူး။
အန်ဂျီအိုတွေ ဖက်ကတော့အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်လို့ ထောက်ပြဝေဖန်ထားပါတယ်။

ဒီလို ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောဌာနက ဦးစီးအရာရှိ ဒေါက်တာတိုးတိုးအောင် ကတော့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ကာလတွေမှာ သစ်တောနဲ့ ဒီရေတော ပြုန်းတီးမှုတွေ ပိုမို ဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေမှာ မြစ်ဝကျွန်းပေါ်ဒေသ ထိန်းသိမ်းရေးနဲ့ သဘာဝ ဘေးအန္တာရာယ် ကြိုတင်ကာကွယ်ရေးကို NGOနဲ့ သဘာဝပတ်ဝန်းကျင် အဖွဲ့ တချို့လောက်ကပဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)


ပြည်သူအပေါ် နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် အရပ်ဘက်လူမှုအဖွဲ့အစည်း ၆၀ ကျော်စုပေါင်းပြီး ဆန္ဒပြဖို့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌတွေထံ မနေ့က အကြောင်းကြားစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသာ ခေါင်းဆောင်တွေအနေနဲ့ ဆန္ဒပြပွဲမှာပါဝင်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။

“တိုင်းပြည်အပြောင်းအလဲမှာ သူတို့တွေကနေပြီးတော့ နိုင်ငံသားတွေ ပါဝင်ခွင့်တွေကို ဥပဒေက တဖက်ကပြဌာန်းပြီးတော့ ဒီဥပဒေအရ တဖက်ကနေ ချုပ်နှောင်ထားတာတွေ ပေါ်လာတဲ့အတွက် ရေရှည်မှာ နိုင်ငံသားတွေ ပါဝင်တဲ့ကိစ္စတွေမှာ အငြင်းပွားမှုတွေ အများကြီးဖြစ်လာနိုင်သလို ဆန္ဒပြုမှု ကိုယ်စားပြုမှု စစ်စစ်မှန်မှန် မရလိုက်မှာကို ကျနော်တို့အများကြီး စိုးရိမ်ပါတယ်”

ဒီဆန္ဒပြပွဲအတွက် လာမယ့်သီတင်းပတ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခွင့်ရဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းမှာ ခွင့်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။

အဲဒီ ဆန္ဒပြပွဲမှာ တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာပုဒ်မ ၁၈ ပြင်ဆင်ရေးအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တရားစွဲဆိုထားဆဲအမှုတွေကို ဖျက်သိမ်းပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုကြမှာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အကျဉ်းထောင်တွေထဲမှာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်နဲ့ ပုဒ်မ ၁၈ အပါအ၀င် နိုင်ငံရေးအမှုနဲ့ တရားစွဲဆိုခံထားရသူ ၁၅၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

RFA Burmese


မြန်မာနိုင်ငံရဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘူးဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောကြားလိုက်ပါတယ်။

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူတွေအတွက် အကျိုးမဖြစ်စေသလို တိုင်းရင်းသား အခွင့်အရေးတွေလည်း ကင်းမဲ့နေတဲ့အတွက် SNLD ပါတီအနေနဲ့ လက်မခံနိုင်ကြောင်း ၊ ဒါကြောင့် ဒီဖွဲ့စည်းပုံကိုမပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲကို မဝင်ဖို့ဆုံးဖြတ်ထားကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။

“အရင်တုန်းကလိုပဲ လုံးဝမပြင်ဘူးဆိုရင်တော့ ကျနော်တို့ အရင်တုန်းက ခံယူတဲ့အတိုင်းပဲ မဝင်ပဲနေဖို့တော့ အစီအစဉ်တွေများတယ်၊ လုံးဝမပြင်ဘူးဆိုရင်တော့ လုံးဝမဝင်ဘူးဆိုတဲ့ သဘောမျိုးသက်ရောက်လိမ့်မယ်၊ လောလောဆယ် ပြောင်းလဲလာတယ်၊ အများပြည်သူကလည်း တောင်းဆိုတယ်ဆိုတော့ ဝင်ဖို့ဆိုတာကတော့ ကျနော်တို့က စဉ်းစားရတော့မယ့် အခြေအနေမျိုးမှာရှိပါတယ်၊ ဒီဖွဲ့စည်းပုံ မပြင်ဘူးဆိုရင်တော့ ကျနော်တို့ဒါရင်းခဲ့တာတွေ၊ ဘဝတွေ ပေးဆပ်ခဲ့တာတွေကလည်း အလကားဖြစ်ကုန်မှာပေါ့၊ ကျနော်တို့ရဲ့ ယုံကြည်ချက်က ဒီဖွဲ့စည်းပုံက ပြည်သူအတွက် ဘာမှအကျိုးမရှိဘူး၊ တိုင်းရင်းသားတွေအတွက်လည်း ဘာမှအကျိုးမရှိတဲ့အတွက်ကြောင့် မဝင်ပဲနေခဲ့တယ်၊ အသိအမှတ်လည်း မပြုခဲ့ဘူးလေ၊ ညီလာခံကနေ ထွက်ခဲ့တာပဲ”

SNLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးအနိုင်ရရှိခဲ့တဲ့ တိုင်းရင်းသား အင်အားကြီးပါတီတစ်ခု ဖြစ်ပါတယ်။ ပါတီအနေနဲ့ စစ်အစိုးရရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့အတွက် ၂၀၁၀ ခုနှစ်တုန်းကကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်မယှဉ်ပြိုင်ခဲ့ပါဘူး။ လက်ရှိမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်မှာကော်မတီဖွဲ့ပြီး လုပ်ဆောင်နေပြီဖြစ်တဲ့အတွက် SNLD ပါတီအနေနဲ့ ဒီဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ သေချာနေပြီဆိုမှသာ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese

Sunday, December 22, 2013



၄၄ နှစ်ကြာ တကျော့ပြန်

၄၄ နှစ်ကြာမှ တကျော့ပြန် ကျင်းပပြုလုပ်ခွင့်ရတဲ့ ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကတော့ ကိုရွှေမြန်မာတွေကို ဖမ်းစားလိုက်နိုင်ခဲ့ပါတယ်။ ဆိုးသည်၊ ကောင်းသည် စကားနှစ်လီတွေကလည်း စိတ်ဝင်စားဖို့ တွေးဖို့ ဖြစ်ရပါတယ်။

ဆီးဂိမ်းဖွင့်ပွဲ အကြောင်းပြောရင် တရားအားထုတ် တရုတ် အားထား ဆွေမျိုးပေါက်ဖော်တွေ တွဲလျက်ပါလာတာလည်း ထူးနေပြန်ပါတယ်။ ဘောလုံးပွဲတွေမှာ ဦးအောင်ဇေယျကို ပွဲထုတ်လာသူတွေ တွေ့မြင်ရတော့ ဘယ်လို ပြောရမယ် မသိအောင် ဖြစ်ရပြန်ပါတယ်။ ကတ်ပြားတပ်ခြင်း၊ မတပ်ခြင်းကို သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယ်တိုင်က သူ့ဖေ့စ်ဘွတ်မှာ ဓာတ်ပုံတွေ ယှဉ်တင်လာတာ တွေ့ရပြန်တော့လည်း “ညီမလေးရယ် စိုးရိမ်မိတယ်” ဆိုတဲ့ ၀တ္ထုခေါင်းစဉ် ပြေးမြင် မိပြန်ပါတယ်။

ဆီးဂိမ်းဖွင့်ပွဲနဲ့ ပတ်သက်ပြီး မြင်စရာ၊ တွေးစရာနဲ့ ကောင်းတာတွေ ဖေ့စ်ဘွတ်မှာ ရေးတင်ထား ကြတာ မျှဝေ ပေးချင်ပါတယ်။

ဖွင့်ပွဲမှာ လူအင်အား ၁ သောင်းကျော် သုံးပြီး သရုပ်ပြ တင်ဆက်ခဲ့တာ၊ အများစုက ယဉ်ကျေးမှုသင်တန်း ကျောင်းသားတွေနဲ့ တပ်မတော်သားတွေလည်း ပါတယ်လို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။ သရုပ်ပြ တင်ဆက်ခဲ့တဲ့ ကလေးတွေအကြောင်း ရေးတင်ထားတာ အရင် ဖတ်ကြည့်ကြပါ။

“ဆီးဂိမ်းဖွင့်ပွဲကို မလိုတမာ ရှုတ်ချကဲ့ရဲ့ ပြောနေကြတဲ့ သူတွေကို တခုပဲ ကျနော် ပြောချင်ပါတယ်၊ ကျန်တာတွေ ဘာမှ မချီးမွမ်းချင်နေကြပါ၊ လပေါင်းများစွာ ကတည်းက နေ့စဉ်နဲ့အမျှ ချွေးဒီးဒီးကျအောင် သရုပ်ဖော်ကွက်တွေ၊ အဆိုနဲ့ အကတွေကို လေ့ကျင့်ခဲ့ကြရတဲ့ ခင်ဗျားတို့ရဲ့ သားသမီးအရွယ်၊ တူ၊ တူမအရွယ်၊ ညီနဲ့ ညီမငယ်အရွယ်လေးတွေရဲ့ ကြိုးပမ်း အားထုတ်ခဲ့ရမှုတွေကို နည်းနည်းလောက်တော့ အသိအမှတ် ပြုသင့်ပါတယ်၊ စင်ပေါ်မှာ နာရီဝက်လောက်သာ ကြာမယ့် တင်ဆက်မှု ၁ ခုကို အနည်းဆုံး အကြိမ် ၁၀၀ ထက်မနည်း သူတို့လေးတွေ လေ့ကျင့်ခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက သူတို့တတွေ ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရတာပါ။ ညနေ တန်းဖြုတ်ချိန် ရောက်ပြီး ရေချိုး ထမင်းစားပြီးလို့ ညဘက်အချိန်ထိအောင် လေ့ကျင့်နေတဲ့ ကလေးတွေကို သက်ဆိုင်သူတယောက်က မေးကြည့်တယ်တဲ့။ “သမီးတို့က ကိုယ်ပိုင်အချိန်မှာ မနားဘဲ ဘာလို့ ညကြီးမှာ ထပ် လေ့ကျင့်ကြတာလဲ” သူတို့လေးတွေရဲ့ အဖြေက “သမီးတို့ မညီရင် သမီးတို့ နိုင်ငံကို အထင်သေးသွားကြမှာပေါ့” တဲ့။ တကယ်ကို စိတ်ဓာတ် မြင့်မားတဲ့ ကလေးတွေနော်။ သူတို့တွေရဲ့ ကြိုးစားမှုကို ကျနော်တော့ မျက်ရည်ကျမတတ် ၀မ်းမြောက်မိပါတယ်။ ဒါကို တရုတ်က မီးထွန်းပေးလို့သာ ဒီ အခမ်းအနားကြီး ဖြစ်တာပါကွာလို့ ပြောလိုက်တာနဲ့ ဒီကလေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မြောင်းထဲကို ကန်ချလိုက်သလို ပါပဲဆိုတာ စဉ်းစားမိကြရဲ့လား ခင်ဗျာ။ ၀မ်းသာဂုဏ်ယူ နေကြသူတွေဘက်က ကြည့်ရင်လည်း ဒီလို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ဂုဏ်ယူဝင့်ကြွားမှု မလုပ်နိုင်ခဲ့တာ “ရာစုနှစ် တ၀က် နီးပါးလောက်” ကြာခဲ့ပါပြီ။ အခုလို ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ ၀မ်းမြောက်ဂုဏ်ယူ နေကြတာလေးကို နည်းနည်းလောက်တော့ မုဒိတာ ပွားပေးကြပါလားဗျာ။”

ကလေးတွေ မိုးထဲလေထဲ အကာအရံမဲ့ ကွင်းပြင် ကွက်လပ်တွေထဲ ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း လေ့ကျင့်နေကြပုံ ဓာတ်ပုံနဲ့ တွဲတင်ထားတာပါ။ ဆီးဂိမ်းဖွင့်ပွဲ တီဗွီမှာ ကြည့်လိုက်ရကတည်းက သရုပ်ပြ တင်ဆက်ခဲ့ကြတဲ့ ကလေးတွေ ဘယ်လောက် လေ့ကျင့်ထားတယ်ဆိုတာ ခန့်မှန်း ကြည့်မိထားပြီး ချီးကျူးနေမိတာပါ။ စင်ကာပူ တီဗီချန်နယ်ဖိုက်က ပရီစင်တာဆို တချိန်လုံး ချီးကျူး ဂုဏ်ပြုစကား ပြောနေတာ တွေ့ရပါတယ်။ ၂၀၁၅ သူတို့ အိမ်ရှင် အလှည့်ကျ ဒီလိုမျိုး ခမ်းခမ်းနားနားဖြစ်အောင် လုပ်ရမယ်လို့လည်း ပြောသွားတာ ကြားလိုက်ရပါတယ်။ (မြန်မာ့ရုပ်မြင်သံကြား ပရီစင်န်တာကတော့ နားထောင်ရ အတော်ဆိုးပါတယ်၊ အခမ်းအနား အစီအစဉ် ကြေညာသူတွေ အသံအတိုင်း လွှင့်ပေးရင်တောင် တော်တော် အဆင်ပြေမှာပါ။ ပြောတတ် ဆိုတတ် သူတွေလည်း မျိုးဆက်ပြတ်ကုန်ပြီထင်ပါ့)။

မတူကွဲပြားတဲ့ အမြင်တွေ

ဒါလေးကတော့ စင်ကာပူမှာ အလုပ် လုပ်နေတဲ့ မြန်မာတဦး ရေးတင်ထားတာပါ။

စင်ကာပူနေ ညီငယ်တယောက်ရဲ့ အလုပ်ထဲက စင်ကာပူရီယန်မိတ်ဆွေက ပြောပါတယ်။ ဆီးဂိမ်းပွဲကြီး ညက ကြည့်ပြီး မနက်မှာ ပြောတာပါ။

“မင်းတို့ အစိုးရက ဒီပွဲကြီးအတွက် ပိုက်ဆံတွေ သုံးလှချည်လား၊ တကယ်ဆို ဆေးရုံတွေ များများ ဆောက်ပါတော့လား၊ ငါ့ရဲ့ မြန်မာ သူငယ်ချင်းတွေ တခါလာ သူတို့ ဆွေမျိုးတွေ ဆေးကုတော့မယ်ဆို စင်ကာပူလာ ဘန်ကောက် သွားနဲ့” လို့ ပြောပါတယ်။ ဒီစကားရဲ့ နောက်ကွယ်မှာတော့။

မြန်မာပြည် အနေအထားကို စေတနာနဲ့ အားမလို အားမရ ဖြစ်တာလည်းပါမယ်။ စင်ကာပူ နိုင်ငံသားအနေနဲ့ အထက်စီးက ပါးပါးလေး ကျောတာလည်းပါမယ်ပေါ့လေ။ (မြန်မာနိုင်ငံက ပိုက်ဆံရှိသူတွေ ကျန်းမာရေးကိစ္စ ထစ်ခနဲရှိ အကဲပိုကြတာလည်း ပါသပေါ့) ဘာပဲဖြစ်ဖြစ် တွေးစရာ တခုတော့ ရတာပါပဲ။

ချမ်းသာတဲ့ စင်ကာပူမှာတောင် နှစ်တိုင်း အမျိုးသားနေ့ပွဲကို တခမ်းတနား လုပ်တဲ့အခါ နီနီရဲအောင် ၀တ်လို့ သွားအားပေးကြတဲ့သူတွေ ရှိသလို မလိုအပ်ဘဲ ပိုက်ဆံတွေ ဖြုန်းတယ်လို့ ယူဆပြီး အစိုးရကို တဲ့တိုး ဝေဖန်သူတွေလည်း အများကြီးပေါ့။ ဒါပေမယ့် နိုင်ငံသားတွေကတော့ ပြောင်ပြောင် ယောင်ယောင်နဲ့ အခြေခံ လိုအပ်ချက်တွေတော့ ပြည်စုံကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းမှာ အင်ဒိုအစိုးရက အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော် သုံးခဲ့ရပါတယ်။ မြန်မာအစိုးရရဲ့ တာဝန်ရှိသူတဦး အဆိုအရလည်း အဲဒီ ပမာဏထက်မနည်း သုံးမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသာ မကူရင် မီးရှူးမီးပန်းဖောက်ဖို့တောင် အတော် စဉ်းစားရမှာပါ။ တရုတ်က သူတို့ဆီ လုပ်သွားတဲ့ ၂၀၀၈ အိုလံပစ်ပွဲ၊ ၂၀၁၀ အာရှ အားကစားပွဲတွေမှာ ဖွင့်ပွဲနဲ့ ပိတ်ပွဲ သရုပ်ပြ တာဝန်ယူခဲ့တဲ့ အားကစား ကော်ပိုရေးရှင်းတခုကို လွှတ်ပြီး နည်းပညာရော လူအင်အား ၇၀၀ ပါ အကူအညီ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအပေါ် ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ ပြောခွင့်ရ ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ဖေ့စ်ဘွတ်မှာ အခုလို ရေးတင်ထားပါတယ်။

“၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားမှာ အသံ၊ မီးနဲ့ မီးရှူး မီးပန်းများနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှ နည်းပညာကို အသုံးပြုတဲ့အပေါ် ဝေဖန်နေတာ တွေ့ရပါတယ်။

“မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ အစိုးရက လုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက အိမ်ရှင်အဖြစ် ကျင်းပတာ ဖြစ်ပါတယ်။ အစိုးရက ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပေးတာပါ။ ဒါကြောင့် ဒီပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူများရဲ့ အောင်ပွဲ ဖြစ်ပါတယ်။

“ဒါကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများ ခမ်းနားစွာ ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာ မှန်သမျှ အသုံးပြုမှာပဲ ဖြစ်ပါတယ်။ အသံ၊ မီးနဲ့ မီးရှူးမီးပန်းများနဲ့ ပတ်သက်ရင် တရုတ်နိုင်ငံက နည်းပညာကို အသုံးပြုခဲ့သလို ရုပ်သံရိုက်ကူး ထုတ်လွှင့်ရေးနဲ့ ပတ်သက်ရင် အမေရိကန် နိုင်ငံက Grass Valley ကုမ္ပဏီက ပစ္စည်းများနဲ့ နည်းပညာကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပါပဲ၊ ရိုက်ကူးရေး ၀န်ထမ်းများကို လေ့ကျင့်ပေးဖို့အတွက် ပြင်သစ် CFI အဖွဲ့အစည်းနဲ့ ဗြိတိန်နိုင်ငံက BBC Media Action တို့က အကူအညီ ပေးခဲ့ပါတယ်။

“ဘာတွေ လုပ်နိုင်ခဲ့တယ် ဆိုတာကို အသိအမှတ် မပြုနိုင်ဘဲ ဘယ်သူလုပ်တာ ဆိုတာကိုပဲ ကြည့်ပြီး ပြောနေသူများ၊ လန်ဒန်အိုလံပစ်မှာလည်း တရုတ်နည်းပညာများ သုံးခဲ့ကြောင်း အောက်ပါ လင့်ခ်များမှာ လေ့လာကြည့် စေလိုပါတယ်။ မသိတဲ့လူတွေပြောတာ နားလည်ပေးနိုင်ပေမယ့် စာဖတ်ပြီး သိအောင်လုပ်ရမယ့် နိုင်ငံရေးလောကက ပုဂ်္ဂိုလ်များက ပြောတာကိုတော့ သူတို့ဝမ်းစာ မပြည့်မှုအတွက် စိတ်မကောင်း ဖြစ်ရပါတယ်။”

အစိုးရပိုင်းက အခုလို သဘောထားမှတ်ချက်ပေးသလို ဆီးဂိမ်းကို လက်မခံနိုင်တဲ့ မတူကွဲပြားတဲ့ သဘောထားတွေလည်း ဖေ့စ်ဘွတ်ပေါ်မှာ ရှိပါတယ်။ ဖတ်ကြည့်ပါဦး။

“အခု ကျင်းပနေတဲ့ ဆီးဂိမ်းနဲ့ပတ်သတ်ပြီး ကျမဝေါ (wall) မှာ လက်ခံသူရော လက်မခံသူပါ တွေ့ရပါတယ်၊ မနေ့က ဖွင့်ပွဲ အပြီးမှာတော့ နှစ်ဖက်စလုံးက အသံတွေ ပိုမို ကျယ်လောင်လာကြရင်းက အချင်းချင်း ထိုးနှက် တိုက်ခိုက်ကြတဲ့ အရေးအသားတွေပါ တွေ့လာရပါတယ်။ ကျမတဦးတည်းရဲ့ သဘောထားအရတော့ ဒီဆီးဂိမ်းကို လက်မခံပါဘူး။ ဒါပေမယ့် လက်ခံပြီး ပျော်ရွှင်စွာ ဂုဏ်ယူကြောင်း ဆိုနေသူတွေကိုလည်း မဆန့်ကျင် မတိုက်ခိုက်လိုပါဘူး။ ကျမအနေနဲ့ ဘာလို့ ဒီဆီးဂိမ်းကို လက်မခံကြောင်း ပြောပါမယ်။

ဆီးဂိမ်းမှာသုံးဖို့ မီးလုံးတွေအတွက် အသုံးပြုတဲ့ ငွေကြေးတန်ဖိုး သိန်း ၇ ထောင်ကျော်လို့ ကြားတဲ့အခါ လျှပ်စစ်မီးတောင် မရှိတဲ့ မြန်မာပြည်အနှံ့က ကျေးရွာပေါင်း ၄ သောင်းကျော် အကြောင်း တွေးမိပြီး အားနာလို့ ကျမ ဂုဏ်မယူနိုင်ပါဘူး။

 “မြန်မာ မြန်မာ မြန်မာတဲ့ဟေ့” ဆိုတဲ့ ဆီးဂိမ်း ဂုဏ်ပြုသီချင်းသံကြားတိုင်း အိမ်ပေါင် လယ်ရောင်းပြီး ရေခြားမြေခြားမှာ မျက်နှာငယ်စွာ အလုပ်ကြမ်း သွားလုပ်နေရတဲ့ ကိုယ့်ပြည်သားတွေ မျက်နှာ ပြေးပြေးမြင်မိလို့ ကျမ ဂုဏ်မယူနိုင်ပါဘူး။

ဆီးဂိမ်းမှာ လွှင့်ဖောက်လိုက်တဲ့ မီးရှူးမီးပန်း ရောင်စုံကို မြင်ရတဲ့အခါ ဗုံးသံကျည်သံတွေကြား အိုးပစ် အိမ်ပစ် စစ်ပြေးနေရတဲ့ ကိုယ့်တိုင်းရင်းသား သွေးချင်းတွေကို မြင်ယောင်ပြီး ကျမ ဂုဏ်မယူနိုင်ပါဘူး။

မပြေလည်သေးတဲ့ ကြေးနီမိုင်း ပြဿနာနဲ့ သမ္မတဦးသိန်းစိန် သက်တမ်းအပြီးမှာ ဘယ်လို ရှေ့ဆက်ရမယ် မသိသေးတဲ့ မြစ်ဆုံဆည်နဲ့ ဧရာဝတီရဲ့ အရေးက အဖြေမထွက်သေးခင်၊ တရုတ်ရဲ့ ကျေးဇူးရှိတယ်လို့ လူသိရှင်ကြား တရားဝင် ထုတ်ဖော်ပြောထားတဲ့ အစိုးရဟာ ဒီဆီးဂိမ်းအတွက် ကျေးဇူးရှင် တရုတ်ဆီမှာ အမေရိကန် ဒေါ်လာ ၃၆ သန်းဖိုး ကျေးဇူးကြွေး ထပ်တင်ခံလိုက်တဲ့အခါ အလန့်တကြားနဲ့ ကျမ ဘယ်လိုမှ ဂုဏ်မယူနိုင်ပါဘူး။

ဒါဆို ဒါတွေကို ဂုဏ်မယူဘူးဆိုတော့ ကျမက ဘာကိုမှ ဂုဏ်မယူတတ်ဘူးလား၊ ဘာကိုမှ ဂုဏ်မယူချင် ဘူးလား မေးလာခဲ့ရင် ကျမက ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးအတွက် သိပ်ကို ဂုဏ်ယူချင်နေသူပါလို့ပဲ ဖြေပါရစေ။

တိုင်းပြည်ရဲ့ တဦးချင်း အနည်းဆုံး လုပ်ခလစာဟာ ဒေသတွင်းနိုင်ငံတွေကို ဥပမာ –  ထိုင်းလောက်၊ ဗီယက်နမ် လောက်ကို မီလာတဲ့အခါ ဂုဏ်ယူလိုက်မှာပါ။

တိုင်းပြည် အလုံးစုံ ငြိမ်းချမ်းလို့ ကျမတို့ အမြဲဆိုနေတဲ့ ကမ္ဘာမကျေ သီချင်းထဲက “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ” ဆိုတဲ့ စာသားလေးကို ဘယ်သူ့မှ အားမနာဘဲ ဆိုခွင့်ရပြီဆိုတဲ့အခါ ကျမဂုဏ်ယူလိုက်ပါမယ်။

ကျမတို့ တက္ကသိုလ်တွေက ပေးတဲ့ ဘွဲ့လက်မှတ်တွေကို အခု ဆီးဂိမ်းမှာ ၀င်ဆင်နွှဲနေကြတဲ့ နိုင်ငံတွေရဲ့ တက္ကသိုလ်တွေက လေးလေးစားစား အသိအမှတ်ပြုကြပြီ ဆိုတဲ့အခါ ကျမ ရှေ့ဆုံးက ဂုဏ်ယူလိုက်ပါမယ်။

ကားလမ်းမပေါ်တက်ပြီး ဘောလုံးကန်၊ စွန်လွှတ် လုပ်နေကြရတဲ့ ကျမတို့ ကလေးတွေအတွက် ရပ်ကွက်ကစားကွင်းတွေ၊ ကျောင်းကစားကွင်းတွေ သူများနိုင်ငံတွေမှာလို အပြည့်အစုံ ရှိလာတဲ့တနေ့၊ ကျမ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်မြန်မာ့ အားကစားလောကအတွက် ရှေ့ဆုံးကကို ခေါင်းမော့ ဂုဏ်ယူပြပါမယ်။

အခုတော့ ကျမ ဘယ်လိုမှ ဂုဏ်မယူနိုင်ပါဘူး။ အကောင်းမမြင်တတ်ဘူးလို့ ပြောလာခဲ့ရင်လည်း ငယ်ငယ်တုန်းက ကလေးတွေ စကားနိုင်လုရင်း ပြောသလို၊ အကောင်းလား ပြည်ကြီးမှာလို့ပဲ ပြောရပါလိမ့်မယ်”

မေတ္တ္တာရပ်ပြီ

ဒီလို အမြင်သဘောထားတွေ တွေ့မြင် ဖတ်ရှုရတာလည်း တွေးဆဖို့ ဖြစ်ရပါတယ်။ အခု ဒီစာရေးနေတဲ့ အချိန်မှာ ဆီးဂိမ်းဖွင့်ပွဲအပြီး ပရိသတ် စိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ မြန်မာနဲ့ ထိုင်း ဘောလုံးပွဲ ကန်ပါတော့မယ်၊ ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွေနဲ့ ဖွားဘက်တော် ဖြစ်လာတာကတော့ လက်မှတ်မှောင်ခိုနဲ့ အရက်မှောင်ခိုပါပဲ။ ဒီသံသရာက လည်ကောင်းတုန်း။

ထိုင်းနိုင်ငံနေ မိတ်ဆွေတဦးက အခုလို မေတ္တာရပ်စာ ရေးတင်ပါတယ်။

အထူးသတိပေးခြင်း – ယနေ့ မြန်မာ – ထိုင်း ဘောလုံးပွဲ အား ဘောလုံးကွင်းအတွင်းမှ သွားရောက် အားပေးကြမည့် ဘောလုံးဝါသနာရှင်များ အနေနှင့် ထိုင်း လူမျိုးများအား နာကြည်းစိတ် ဖြစ်ပေါ်စေမည့် အပြုအမူ အသုံးအနှုန်း များအား မပြုလုပ်ကြပါရန် အထူး သတိပေးအပ်ပါသည်။ ထိုင်းနိုင်ငံတွင် ကျနော်တို့ နိုင်ငံသားများ အမြောက်အမြား အလုပ်လုပ်နေကြသည်ကို သတိပြုစေလိုပါသည်။ ပဋိပက္ခ များကြောင့် မလေးရှားရောက် မြန်မာများ ဒုက္ခရောက် ကြရသည်ကို မမေ့အပ်ပါ။

မေတ္တာဖြင့် …။

သူစိုးရိမ်လည်း စိုးရိမ်စရာပါ။ ဘောပွဲသွားအားပေးတာ ဦးအောင်ဇေယျ ဓာတ်ပုံပါ ဗီနိုင်းကြီး ကိုင်လို့။ ဆီးဂိမ်းဖွင့်ပွဲအတွက် ဂုဏ်ယူနေကြတုန်း စိတ်ဓာတ်တွေ အောက်တန်း ကျတာ တပြိုင်တည်း ပြနေသလိုပါပဲ။ ဒါ ဆင်ခြင်ဉာဏ် နည်းတဲ့ လူနည်းစု လုပ်ရပ်ပါ။ ဒါမျိုးကို တာဝန်ရှိတဲ့ လုံခြုံရေးတွေ လက်ပိုက်ကြည့်မနေဘဲ ပြတ်ပြတ်သားသား ထိထိ ရောက်ရောက် အရေးယူဖို့ လိုပါတယ်။ အရေးယူရ ကောင်းမှန်း သိဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ဆီးဂိမ်း ခြင်းခတ်ပြိုင်ပွဲ သွားအားပေးရင်း ပြောသွားတဲ့ စကား တခွန်းနဲ့ ဒီစာစုကို အဆုံးသတ်ပါမယ်။

“ရှုံးလို့ရှိရင်လည်း မယိုင်နဲ့၊ နိုင်လို့ရှိရင်လည်း မကျောနဲ့၊ နိုင်တယ် ဆိုတာတောင်မှ သိက္ခာရှိရှိနိုင်မှ ဂုဏ်ရှိတာ”

ပြည်သူ့ခေတ်ဂျာနယ် အတွဲ – ၄၊ အမှတ် – ၁၇၆ မှ ရွှေအာင်၏ ဆောင်းပါးကို ပြန်လည်ဖော်ပြသည်။

By ရွှေအောင် (ဒီဗွီဘီ)